ကချင်နိုင်ငံရေးပါတီများ ပူးပေါင်းညှိနှိုင်းဆောင်ရွက်ရေး ကော်မတီက ပြည်သူ့လွှတ်တော် ကော်မတီများနှင့် သီးခြားတွေ့ဆုံရာတွင် မြန်မာ့ကျောက်မျက်ရတနာ ဥပဒေမူကြမ်းနှင့် ပတ်သက်၍ အဓိကအချက် ခြောက်ချက် တင်ပြ

ကချင်နိုင်ငံရေးပါတီများ ပူးပေါင်းညှိနှိုင်းဆောင်ရွက်ရေး ကော်မတီက ပြည်သူ့လွှတ်တော် ကော်မတီများနှင့် သီးခြားတွေ့ဆုံရာတွင် မြန်မာ့ကျောက်မျက်ရတနာ ဥပဒေမူကြမ်းနှင့် ပတ်သက်၍ အဓိကအချက် ခြောက်ချက် တင်ပြ
Published 27 August 2017

ပြည်သူ့လွှတ်တော်၊ ဥပဒေကြမ်းကော်မတီနှင့် ကချင်နိုင်ငံရေးပါတီများ ပူးပေါင်းညှိနှိုင်းဆောင်ရွက်ရေး ကော်မတီတို့ သြဂုတ် ၂၁ ရက်က တွေ့ဆုံစဉ်

ကချင်နိုင်ငံရေးပါတီများ ပူးပေါင်းညှိနှိုင်း ဆောင်ရွက်ရေး ကော်မတီက ပြည်သူ့လွှတ်တော် ဥပဒေကြမ်းကော်မတီနှင့် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဆိုင်ရာ ကော်မတီတို့နှင့် သီးခြားတွေ့ဆုံရာတွင် မြန်မာ့ကျောက်မျက်ရတနာ ဥပဒေမူကြမ်းနှင့် ပတ်သက်၍ အဓိကအချက် ခြောက်ချက် တင်ပြခဲ့ကြောင်း ကချင်နိုင်ငံရေး ပါတီများ ပူးပေါင်းညှိနှိုင်းဆောင်ရွက်ရေး ကော်မတီဥက္ကဋ္ဌ ဒေါက်တာ M ကောန်လက ပြောကြားသည်။

အဆိုပါ တွေ့ဆုံပွဲကို ကချင်နိုင်ငံရေး ပါတီများ ပူးပေါင်းညှိနှိုင်းဆောင်ရွက်ရေး ကော်မတီမှ ဒေါက်တာ M ကောန်လ ဦးဆောင်သော အဖွဲ့က ပြည်သူ့လွှတ်တော် ဥပဒေကြမ်းကော်မတီနှင့် သြဂုတ် ၂၁ ရက်၊ နံနက် ၈ နာရီတွင် တွေ့ဆုံ၍ ပြည်သူ့လွှတ်တော် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဆိုင်ရာ ကော်မတီနှင့် မွန်းလွဲ ၁ နာရီတွင် နေပြည်တော်ရှိ လွှတ်တော်ရေးရာ အဆောက်အအုံရေးရာ အဆောင်အမှတ် (I-2) ခန်းမ၌ သီခြားစီ တွေ့ဆုံခဲ့ကြောင်း သိရသည်။

ဒေါက်တာ M ကောန်လက “အဓိကက ကျွန်တော်တို့ အခန်း (၁)၊ အခန်း (၄)၊ အခန်း (၅)၊ အခန်း (၈)၊ (၉)၊ (၁၀)၊ အဲဒီခြောက်ခန်းကို ကျွန်တော်တို့က အဓိကထားပြောတယ်။ ကျန်တာပြောတာလည်း ရှိတယ်။ အခန်း(၃)မှာလည်း ကျွန်တော်တို့ ပြောတယ်။ အခန်း(၆)မှာလည်း ကျွန်တော်တို့ ပြောတယ်။ ကော်မတီ နှစ်ခုစလုံးက ကြားနာတာပဲ။ ဆွေးနွေးတာက သူတို့ သယံဇာတကော်မတီက ပိုအသက်ဝင်တယ်။ အပြန်အလှန် နည်းနည်းဆွေးနွေးတယ်။ ဆွေးနွေးပြီးတော့ သူတို့နားထောင်တာပဲ ရှိတယ်။ ပွင့်ပွင့်လင်းလင်းပြောရင် ခေါင်းစဉ်ကတော့ ကြားနာခြင်းပဲပေါ့။ သဘောတူညီချက် ဘာမှ မထုတ်ဘူး။ ကျွန်တော်တို့ ပြောတဲ့အထဲမှာ ရာခိုင်နှုန်း ၆၀၊ ရာခိုင်နှုန်း ၃၀၊ ဘာညာ အားလုံး သူတို့က ရာခိုင်နှုန်း ၆၀၊ ၄၀ ထားပါတို့၊ ၇၀ ယူပါတို့ ဘာမှ မပြောဘူး။ ဒီလိုမှာ ၃၀ မှာ ကျွန်တော်တို့ ၂၀ ပဲ ဖြစ်သင့်တာတို့ ဥပမာ နိုင်ငံတော်အစိုးရ အခွန်ရာခိုင်နှုန်း ၅၀ ကျွန်တော်တို့ ဖြစ်သင့်တယ်။ ဒါပေမဲ့ မဟုတ်ဘူး။ ဒါကတော့ ဘယ်လိုဆိုတာကို ဘာမှ ပြန်မပြောဘူး။ အမျိုးသားလွှတ်တော် တုန်းကလည်း အဲဒီလိုပဲ။ ဒါပေမဲ့ သူတို့ပြန်ကြေညာတဲ့ အခါကျတော့ ကျွန်တော်တို့နဲ့ အပြန်အလှန် ဆွေးနွေးပြီးတော့ သဘောတူညီချက်အရဆိုတဲ့ စကားလုံးသုံးလိုက်တယ်။ သုံးလိုက်တော့ ပြဿနာတွေ အကုန်တက်တာပဲ။ အဲဒီလိုမျိုးတွေ ဖြစ်ကုန်တာ။ အခုဆွေးနွေးတာက တင်ပြတာ။ သူတို့ လွှတ်တော်ကိုယ်စား လှယ်တွေကို ပြန်ဆွေးနွေးဖို့ဆိုပြီး ချပေးမယ်။ အဲဒီလိုပဲ ကတိပေးတယ်။ ဒါ သူတို့ရဲ့ ကော်မတီတွေရဲ့ ထုံးစံနဲ့ တူပါတယ်။ ဒီပုံစံပါပဲ။ ဒါပေမဲ့ ကျွန်တော်တို့ တင်ပြချက်ကတော့ တရားတော့ ဝင်တယ်။ ဒီလိုကော်မတီတွေမှာ တိုက်ရိုက်ပြောတယ်ဆိုတော့။ လွှတ်တော်ကိုယ်စားလှယ်တွေ နားထဲကို ရောက်သွားတာပေါ့” ဟု ပြောကြားသည်။

တွေ့ဆုံပွဲတွင် ကချင်နိုင်ငံရေးပါတီများ ပူးပေါင်းညှိနှိုင်းဆောင်ရွက်ရေး ကော်မတီက မြန်မာ့ကျောက်မျက်ရတနာ ဥပဒေမူကြမ်း အခန်း (၁) အမည်နှင့် အဓိပ္ပာယ်ဖော်ပြချက် ပုဒ်မ(၂)တွင် အလတ်စား တူးဖော်ထုတ်လုပ်ခြင်း၊ အသေးစား တူးဖော်ထုတ်လုပ်ခြင်းနှင့် လက်လုပ်လက်စား တူးဖော်ထုတ်လုပ်ခြင်းဟူသော ပုဒ်မခွဲများ၊ အခန်း(၄) လုပ်ကွက် သတ်မှတ်ခြင်းမှာ အလတ်စား တူးဖော်ထုတ်လုပ်ခြင်း လုပ်ကိုင်ခွင့်ပြုမည့် ကျောက်မျက်ရတနာ လုပ်ကွက်များအဖြစ် သတ်မှတ်ခြင်း၊ အခန်း(၅) ပုဒ်မ (၁၀) ပုဒ်မခွဲ(က)၊ အခန်း(၈) တန်ဖိုးဖြတ်အဖွဲ့ ဖွဲ့စည်းခြင်းနှင့် လုပ်ငန်းတာဝန်များ၊ အခန်း(၉) ရတနာခွန်နှင့် ဝန်ဆောင်ခပေးဆောင်ခြင်းနှင့် အခန်း(၁၀) ကျောက်မျက်ရတနာ ကြီးကြပ်ရေးဗဟိုကော်မတီ ဖွဲ့စည်းခြင်းနှင့် လုပ်ငန်းတာဝန်များတို့မှာ အဓိကတင်ပြ အကြံပြုသော အခန်းများဖြစ်ပြီး ကျန်သည့် အခန်းများကိုလည်း ဆွေးနွေးတင်ပြခဲ့ကြောင်း သိရသည်။

တွေ့ဆုံပွဲနှင့် ပတ်သက်၍ “ကျွန်တော်တို့ လိုချင်တဲ့ Point တော့ အစွမ်းကုန် မရောက်ဘူးပေါ့။ သူတို့နဲ့ အပြန်အလှန်ဆွေးနွေးပြီးတော့ သဘောတူညီချက် ထုတ်ချင်တယ်။ ဥပဒေသဘောတရားအရ ကော်မတီရဲ့ အလုပ်လုပ်ပုံ အရတော့ သဘောတူညီချက် ထုတ်ပေးလို့ မရဘူး။ သူတို့မှာ အခွင့်အာဏာ မရှိဘူး။ သူတို့က လုပ်ထုံးလုပ်နည်းအရဆိုရင် သူတို့က တိုက်ရိုက်နားထောင်တယ်။ ဒါလောက်ပဲဆိုတော့ ကျွန်တော်တို့ ဆန္ဒကတော့ အခု ဒါကတော့ လူထုသဘောထားစစ်တမ်းကောက်ပြီး ကော်မတီနဲ့ တွေ့တာလေ။ တွေ့တယ်ဆိုတဲ့ အခါကျတော့ လူထုသဘောထား စစ်တမ်းအနေနဲ့ လုပ်တဲ့အတွက် ဒါ ကချင်လူထုရဲ့ အသံပဲ။ ကျွန်တော်တို့ကတော့ အဲဒီလို တိုက်ရိုက်ပြောလိုက်တယ်။ ကချင်လူထုရဲ့ အသံက ရာခိုင်နှုန်း ၉၀ ပါတယ်။ အဲဒါ သူတို့ကို တိတိကျကျ ပြောတယ်။ လူထုအသံ သူတို့ နားထောင်စေချင်လို့ ကျွန်တော်တို့ ပြောတယ်။ သူတို့ကလည်း နားထောင်သင့်တယ်ပေါ့။ ဒီအထဲမှာ ဖြစ်နိုင်တဲ့ ကိစ္စတွေ ကျွန်တော်တို့ကတော့ ဖြစ်နိုင်ရင်တော့ ဒီကိစ္စတွေကို အတတ်နိုင်ဆုံး ညှိနှိုင်းပြီးတော့မှ ဥပဒေကို ရေးဆွဲတဲ့နေရာမှာ ထည့်သွင်းစေချင်တယ်။ ကျွန်တော်တို့ကတော့ အဲဒီလို အကြံဉာဏ် ပေးလိုက်တယ်။ ဘာကြောင့်လဲဆိုတော့သူတို့ အခြေခံပြီး ရေးဆွဲတယ်။ နဝတ ရေးဆွဲတာ ဟာပဲ။ အဲဒါကိုပဲ ပြန်လုပ်တာ။ အဲဒီမှာ သိပ်ပြီး မပြောင်းလဲဘူး။ ထွေထွေထူးထူး ပြောင်းလဲချက် သိပ်မပါဘူး။ မပါတဲ့ အခါကျတော့ အခု ပြည်သူ့ဒီမိုကရေစီ အစိုးရဆိုရင် ဖက်ဒရယ်ကိုလည်း ရည်ရွယ်တယ်ဆိုရင် ငြိမ်းချမ်းရေး ကိစ္စလည်း လုပ်နေတဲ့ အတွက်ကြောင့်မို့ ဒီဟာကို ထိထိရောက်ရောက် ဆောင်ရွက်နိုင်ရင် လူထုအသံ နားထောင်ဆောင်ရွက်နေတယ်ဆိုရင် အများကြီး အထောက်အကူ ဖြစ်မယ်လို့ ပြောတယ်။ ဘာကြောင့်လဲဆိုတော့ ကျွန်တော်တို့ ကချင်လူမျိုးဆိုရင် ၂၀၁၇ ကျောက်မျက်ရတနာ ဥပဒေဟာ ကျွန်တော်တို့နဲ့ ပတ်သက်ချက်က ရာခိုင်နှုန်း ၈၀ လောက်ရှိတယ်။ ဘာကြောင့်လဲဆိုတော့ ကချင်တွေရဲ့ အဓိက အသက်မွေးဝမ်းကျောင်းက ကျောက်စိမ်းပဲ။ ဒီတော့ ကျွန်တော်တို့ရဲ့ စီးပွားရေးကို အဓိက ကိုင်လှုပ်တဲ့ကိစ္စ ဖြစ်တယ်။ အဲဒါကြောင့်မို့ သိပ်အရေးကြီးတယ်လို့ ကျွန်တော်တို့ တင်ပြထားတယ်။ တင်ပြထားတဲ့ အခါကျတော့ ဒီကိစ္စပေါ်မှာ မကျေလည်မှုတွေ သိပ်များနေမယ်ဆိုရင် ငြိမ်းချမ်းရေးကလည်း သိပ်မဖြစ်နိုင်ဘူး။ ဒီလူတွေ အဲဒီလောက်ထိ ဂယက်ရိုက်နိုင်တယ်။ အဲဒီ ပြဿနာတွေ ရှိတယ်။ သူတို့ ကိုလည်း အဲဒါတွေ အသိပေးလိုက်တယ်” ဟု ဒေါက်တာ M ကောန်လက ပြောကြားသည်။

လွှတ်တော်က ဥပဒေရေးဆွဲပြီးလျှင် ကချင်လူထုအတွက် အကျိုးပြုမှုနည်းပါက ဆက်လက်တိုက်ပွဲဝင်မည်ဖြစ်ကြောင်း၊ ကချင်လူထု အသံကို လျစ်လျူရှုပြီး ဥပဒေရေးဆွဲပါက လွှတ်တော်ကိုယ်စားလှယ်များ၏ တာဝန်ဖြစ်သွားကြောင်း၊ ကချင်လူထုအသံကို နားမထောင်ပါက ဂယက်ထနိုင်ကြောင်း၊ တောင်းဆိုချက်များကို အားလုံးပေးရမည်ဟု မဆိုလိုကြောင်း၊ လူထုကို ကြည့်သည့် ဥပဒေ ဖြစ်ပါက ပြောစရာ မရှိကြောင်း၊ ဥပဒေတစ်ခု ရေးဆွဲမည်ဆိုပါက လူထုအကျိုးစီးပွားနှင့် မကိုက်ညီလျှင် ပြဿနာဖြစ်နိုင်ကြောင်း၊ ယခု ဥပဒေက လူတစ်စုကောင်းစားရေးအတွက်သာဖြစ်ကြောင်း လူထုကောင်းစားရေးအတွက် မပါကြောင်း ၎င်းက ဆိုသည်။

Most Read

Most Recent