နိုင်ငံတကာချေးငွေများသည် နောင်မျိုးဆက်များထံမှ ကြိုတင်ချေးသုံးထားသော ငွေဖြစ်သည့်အတွက် အလေအလွင့်မရှိ စနစ်တကျအသုံးပြုရန် လိုအပ်ကြောင်းနှင့် စနစ်ကျသည့် ရေရှည်စီမံကိန်းများ ချမှတ်သင့်ကြောင်း ကိုယ်စားလှယ်များ ဆွေးနွေး

နိုင်ငံတကာချေးငွေများသည် နောင်မျိုးဆက်များထံမှ ကြိုတင်ချေးသုံးထားသော ငွေဖြစ်သည့်အတွက် အလေအလွင့်မရှိ စနစ်တကျအသုံးပြုရန် လိုအပ်ကြောင်းနှင့် စနစ်ကျသည့် ရေရှည်စီမံကိန်းများ ချမှတ်သင့်ကြောင်း ကိုယ်စားလှယ်များ ဆွေးနွေး
Published 13 March 2018

မတ်လ ၁၂ ရက်က ပြည်ထောင်စုလွှတ်တော် အစည်းအဝေးခန်းမမှ ထွက်ခွာလာသည့် လွှတ်တော် ကိုယ်စားလှယ်များအား တွေ့ရစဉ်

နိုင်ငံတကာ ချေးငွေများသည် ပြန်လည်ပေးဆပ်ရမည်ဖြစ်ပြီး နောင်မျိုးဆက်များထံမှ ကြိုတင်ချေးသုံးထားသော ငွေဖြစ်သည့်အတွက် အလေအလွင့်မရှိ စနစ်တကျ အသုံးပြုရန် လိုအပ်ကြောင်းနှင့် စနစ်ကျသည့် ရေရှည်စီမံကိန်းများ ချမှတ်သင့်ကြောင်း ကိုယ်စားလှယ်များ ဆွေးနွေးခဲ့သည်။

မတ်လ ၁၂ ရက်က ပြုလုပ်သည့် ပြည်ထောင်စုလွှတ်တော် အစည်းအဝေးတွင် နိုင်ငံတော်သမ္မတထံမှ ပေးပို့ထားသော ဆောက်လုပ်ရေး ဝန်ကြီးဌာန မဟာမဲခေါင်ဒေသတွင်းရှိ လမ်းမကြီးများ ဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်းအတွက် အာရှဖွံ့ဖြိုးရေးဘဏ်နှင့် အာဆီယံ အခြေခံအဆောက်အအုံ ရန်ပုံငွေတို့ထံမှ အမေရိကန်ဒေါ်လာ သန်း ၃၆၀ ချေးယူရန်နှင့် ပတ်သက်ပြီး ဆွေးနွေးစဉ် ကိုယ်စားလှယ်များက ပြောကြားခဲ့သည်။

ကျောက်တန်းမဲဆန္ဒနယ်မှ ဒေါ်အေးမြမြမျိုးက “ရန်ကုန်-မန္တလေး အမြန်လမ်းတွင် ရန်ကုန်မှ ဘောနတ်ကြီးထိ မိုင် ၄၀ အပိုင်းကို နိုင်ငံတကာအဆင့်မီ အမြန်လမ်းအဖြစ် ဆောင်ရွက်ခြင်းကို ကြိုဆိုပါတယ်။ သို့ရာတွင် ယင်းလမ်းပိုင်းသည် မကြာခင်ကမှ ပြင်ဆင်ထားသော လမ်းပိုင်းဖြစ်နေတာကို နိုင်ငံတကာချေးငွေဖြင့် အဆင့်မြှင့်တင်ရန် စဉ်းစားပြင်ဆင်နေလျှင် ဆိုးရွားစွာ ပျက်ဆီးနေသော အခြားအပိုင်းများကို ဦးစားပေး ပြင်ဆင်ခြင်း ပြုလုပ်မှသာ ဘတ်ဂျက်လေလွင့် ပြုန်းတီးမှု သက်သာမှာ ဖြစ်ပါတယ်။ နိုင်ငံတကာချေးငွေဟာ အချိန်တန်ပါက ပြန်လည်ပေးဆပ်ရမည့် နောင်မျိုးဆက်ထံက ကြိုတင်ချေးသုံးထားနှင့်သည့် ငွေဖြစ်တဲ့အတွက် အလေအလွင့်မရှိ စနစ်တကျ အသုံးပြုရန် လိုအပ်ပါ တယ်။ ဖောက်ထားသည်မှာ မကြာသေးသည့်လမ်းကို ပြန်ပြင်လိုက်ရ၊ ပြင်ထားမှု မကြာသေးသည့် လမ်းကို ထပ်အဆင့်မြှင့်လိုက်ရ ဆိုသည် မှာ ဘဏ္ဍာငွေ လေလွင့်မှုများစွာ ဖြစ်နိုင်သည့်အပြင် အများပြည်သူ၏ ယုံကြည်မှု အတွက်ပါ ထိခိုက်နိုင်ပါတယ်။ ရှေ့ကမှားသော အမှားများ ထပ်မမှားရအောင် ရှေ့ကသင်ခန်းစာများကို နမူနာယူ ဆင်ခြင်လျက် ယခုထက် စနစ်ကျသည့် ရေရှည်စီမံကိန်းများ ချမှတ်ဆောင်ရွက်ပေးနိုင်ရန် အကြံပြု တင်ပြလိုပါတယ်” ဟု ပြောကြားသည်။

ထို့ပြင် တစ်ရက်လျှင် ယာဉ်အစီးရေ ၂၀၀၀ ထက် ပိုမိုကျော်လွန်ပြီး နှစ်လမ်းသွားနှင့် မလုံလောက်ပါက လေးလမ်းသွား ကတ္တရာ ကွန်ကရစ်လမ်း တည်ဆောက်ပေးရမည်ဟု သိရှိထားရာ ပုသိမ်-ရန်ကုန်လမ်းမှာ လေးလမ်းသွား ချဲ့ထွင်သင့်ပြီဖြစ်ကြောင်း၊ B.O.T ကုမ္ပဏီမှာ လမ်းအသုံးခ ကောက်ခံနေသော အဆိုပါလမ်းအား တာဝန်ယူခြင်း မရှိဘဲ နိုင်ငံတော် ချေးငွေဖြင့် ဆောင်ရွက်ခြင်း အကြောင်းအရင်းကို သိလိုကြောင်း၊ ကုမ္ပဏီစာချုပ်စာတမ်းပါ ကုမ္ပဏီ၏ တာဝန်ဝတ္တရားများအတွက် မည်သို့ဆောင်ရွက် ထားသည်နှင့် ပြင်ဆင်ချုပ်ဆိုသည့် စာချုပ်တွင် မည်သို့တာဝန်ယူစေမည်ကို ပြည်သူများကိုယ်စား မေးမြန်းလိုကြောင်း ၎င်းကဆက်လက် ပြောကြားသည်။

ရန်ကုန်တိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ် (၄) မှ ဦးသန်းစိုး(ခ)သန်းစိုး(ဘောဂဗေဒ)က “ချေးငွေနဲ့ပတ်သက်ပြီး တိကျတဲ့မူဝါဒတွေရှိဖို့ လိုအပ်ပါတယ်။ ချေးငွေတွေနဲ့ ဆောင်ရွက်ရာမှာ ပုဂ္ဂလိကကဏ္ဍကို ဘယ်လောက်ထိ ထောက်ပံ့ပေးတယ်။ စီးပွားရေးကဏ္ဍကို ဘယ်လောက်အထိ သက်ရောက်တယ်ဆိုတာ တိကျတဲ့ Frame Work လိုအပ်ပါတယ်။ လုပ်ငန်းတွေ ထိရောက်ဖို့၊ အရည်အသွေးကောင်းမွန်ဖို့၊ ကြပ်မတ်ဖို့ စစ်ဆေးတာမျိုးတွေ လိုအပ်ပါတယ်။ ဘတ်ဂျက်တောင်းပြီးတော့မှ နှောင့်နှေးကြန့်ကြာမှုတွေမရှိဘဲ ဆောင်ရွက်ဖို့လိုပါတယ်။ ချေးငွေနဲ့ ဆောင်ရွက်တာတွေကို အထူးကော်မတီတွေနဲ့ စစ်ဆေးဖို့ လိုပါတယ်။ လုပ်ငန်းရဲ့ အကျိုးရှိမှု၊ အကျိုးသက်ရောက်မှု လုပ်ငန်းရဲ့ အရည်အသွေးတွေကို နိုင်ငံသားတွေအားလုံး သိမြင်နိုင်အောင် ပြည်ထောင်စု လွှတ်တော်ကို တင်ပြဖို့လိုပါတယ်” ဟု ပြောကြားသည်။

ရန်ကုန်-မန္တလေး လမ်းပိုင်းကို ချေးငွေဖြင့် မဆောင်ရွက်သင့်ဘဲ ရင်းနှီးမြှုပ်နှံသူများ ဖိတ်ခေါ်ကာ ဆောင်ရွက်သင့်ကြောင်း၊ ရန်ကုန်-ပုသိမ် လမ်းပိုင်းတွင် တာဝန်မကျေသည့် ကုမ္ပဏီအပေါ် စာချုပ်ပါ စည်းမျဉ်း စည်းကမ်းများနှင့် နိုင်ငံတော်က သိမ်းယူပြီး တိတိကျကျ ဆောင်ရွက်ရန် လိုအပ်ကြောင်း လေးမျက်နှာ မဲဆန္ဒနယ်မှ ဦးဇော်မင်းသိန်းက ပြောကြားသည်။

“ရန်ကုန်-ပုသိမ်လမ်းဟာ ဧရာဝတီတိုင်းအတွက် မဟာဗျူဟာကျတဲ့ အသက်သွေးကြောလမ်းမကြီး ဖြစ်ပါတယ်။ ဒီလမ်းကို မူလက အေးရှားဝေါလ်ကုမ္ပဏီက လုပ်တယ်။ နောက်ကျတော့ Oriental Highway ကုမ္ပဏီက လုပ်တယ်။ လမ်းတွေကို B.O.T နဲ့ ဆောင်ရွက်ရာမှာ ကုမ္ပဏီကလမ်းကို အရင်တည်ဆောက်ရပါတယ်။ သတ်မှတ်စံချိန်စံညွှန်းတွေ ပြည့်စုံမှ နိုင်ငံတော်က လမ်းအသုံးခ ကောက်ခံခွင့် ပြုပါတယ်။ သတ်မှတ်စာချုပ် ပြည့်ပါက နိုင်ငံတော်ကို ပြန်လည်အပ်နှံရမှာ ဖြစ်ပါတယ်။ တစ်နေ့ကို ယာဉ်အစီးရေ ၂၀၀၀ ကျော်ရင် ၄၈ ပေ အကျယ် ခင်းရမှာ ဖြစ်ပါတယ်။ စာချုပ်ကို မလိုက်နာဘူးဆိုရင် လမ်းတစ်ခုလုံးကို နိုင်ငံတော်က ပြန်လည်သိမ်းယူခွင့် ရှိပါတယ်။ ဒီလမ်းပေါ်မှာ ယာဉ်အစီးရေက ၅၀၀၀ ကနေ ၇၀၀၀ အကြားမှာ သွားနေပါတယ်။ ၄၈ ပေ အကျယ် လေးလမ်းသွား ဖြစ်ရမှာပါ။ အခုထိ နှစ်လမ်းသွားပဲ ဖြစ်နေတော့ လမ်းအသုံးပြုသူတွေဟာ အသုံးပြုခသာ ပေးနေရတာ နှစ်လမ်းသွားကိုပဲ မောင်းနေရတာ ဖြစ်ပါတယ်။ လမ်းအသုံးပြုသူတွေအတွက် ယာဉ်ကြောကျပ်တာတွေနဲ့ အခွင့်အရေးတွေ ဆုံးရှုံးနေရပါတယ်။ စာချုပ်ပါအတိုင်း လုပ်ခဲ့ရင် အခုလောက်ဆို လေးလမ်းသွား ဖြစ်နေပါပြီ။ ချေးငွေယူစရာ မလိုလောက်တော့ပါဘူး။ ချေးငွေယူခဲ့တယ် ဆိုရင်လည်း အခြားနေရာတွေအတွက် အသုံးပြုနေရမှာပါ။ B.O.T ဆောင်ရွက်ရာမှာ ကုမ္ပဏီတွေကို ဘယ်လိုကြပ်မတ်မလဲ။ ပြည်သူတွေ နှစ်ခါသုံးခါမနာအောင် ဘယ်လို ထိန်းကျောင်းမလဲ” ဟု လေးမျက်နှာမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဇော်မင်းသိန်း က ပြောကြားသည်။

မဟာမဲခေါင်ဒေသခွဲ အတွင်းရှိ လမ်းမကြီးများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ရန်ကုန် - ပုသိမ်လမ်း၊ ပဲခူး-သန်လျင်လမ်းနှင့် ရန်ကုန် - မန္တလေး လမ်းတို့အား လမ်းအဆင့်မြှင့်တင်ခြင်း ဆောင်ရွက်နိုင်ရန်အတွက် အာရှဖွံ့ဖြိုးရေးဘဏ် (ADB) မှ အမေရိကန်ဒေါ်လာ ၃၄၀ သန်း၊ အာဆီယံ အခြေခံအဆောက်အအုံ ရန်ပုံငွေ (AIF) မှ အမေရိကန်ဒေါ်လာ ၂၀ သန်း ချေးယူခွင့်ပြုရန် ဖေဖော်ဝါရီ ၂၂ ရက်က ပြုလုပ်သည့် ပြည်ထောင်စု လွှတ်တော်သို့ ဆောက်လုပ်ရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကျော်လင်းက တင်ပြခဲ့သည်။

 

Most Read

Most Recent