ရခိုင်ပြည်နယ် ဖွံ့ဖြိုးတိုးတက်ရေး ကိစ္စရပ်များ အဆိုတင်သွင်းမှု ခက်ခဲကြောင်းနှင့် R2P ကိစ္စမှာ စိုးရိမ်စရာ ဖြစ်လာကြောင်း ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ပြောကြား

ရခိုင်ပြည်နယ် ဖွံ့ဖြိုးတိုးတက်ရေး ကိစ္စရပ်များ အဆိုတင်သွင်းမှု ခက်ခဲကြောင်းနှင့် R2P ကိစ္စမှာ စိုးရိမ်စရာ ဖြစ်လာကြောင်း ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ပြောကြား
Published 4 March 2018

ရခိုင်ပြည်နယ် ဖွံ့ဖြိုးတိုးတက်ရေး ကိစ္စရပ်များ အဆိုတင်သွင်းမှု ခက်ခဲကြောင်းနှင့် R2P ကိစ္စမှာ စိုးရိမ်စရာ ဖြစ်လာကြောင်း ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်ခင်စောေ၀ က မတ် ၃ ရက် ရခိုင်ပြည်နယ် လွှတ်တော်အဆောက်အအုံသစ် ဖွင့်ပွဲအပြီးတွင် ပြောကြားသည်။

လွှတ်တော်အတွင်း အဆိုတင်သွင်းခြင်းများ ရှိခဲ့သော်လည်း မှတ်တမ်းတင်ခြင်းများကိုသာ ရင်ဆိုင်ရသည့်အတွက် စိတ်မကောင်းဖြစ်ရကြောင်းနှင့် ရခိုင်ပြည်နယ် ဖွံ့ဖြိုးတိုးတက်စေလိုသော ဆန္ဒဖြင့် တင်ပြခဲ့ခြင်းသာ ဖြစ်ကာ တိုင်းရင်းသား လူနည်းစုများ အနေဖြင့် အခက်အခဲ ရှိနေသည်ကို တွေ့ကြုံခဲ့ရကြောင်း သိရသည်။

ယင်းနှင့် ပတ်သက်ပြီး ရသေ့တောင်မြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်ခင်စောဝေက “ဆရာမတို့ကတော့ လူနည်းစု ပါတီဝင်တွေ ဖြစ်တဲ့အတွက် အဆိုတင်တဲ့အခါမှာလည်း လွှတ်တော်ဥက္ကဋ္ဌက ခွင့်ပြုချက်ရမှပဲ အဆိုတင်သွင်း ဆွေးနွေးခွင့်ရတယ်။ ဒါပေမဲ့ အတည်ပြုတဲ့ အခါမှာကျတော့ တိုင်းရင်းသား ပါတီတွေကလည်း အရင်ကလောက် မများဘူးဆိုတော့ အတည်ပြုတဲ့အခါမှာ များသောအားဖြင့် မှတ်တမ်းတင်တဲ့ အနေအထားမှာပဲ ဆရာမတို့ကို ခွင့်ပြုတာခံရတယ်။ ပြောဆိုခွင့်ရတာကိုတော့ ကျေးဇူးတင်ပါတယ်။ လွှတ်တော်ချယ်နယ်မှာတော့ လွှင့်ပေးတဲ့အတွက် ပြည်သူတွေ သိခွင့်ရကြပါတယ်။ အဓိကတော့ လွှတ်တော်မှာ ပြောခွင့်ဆိုခွင့် ရဖို့အတွက်သာ အရေးကြီးတယ်လို့ ပြောချင်ပါတယ်”ဟု ပြောကြားသည်။

ရခိုင်ပြည်နယ်အတွင်း မောင်တော၊ ဘူးသီးတောင်နှင့် ရသေ့တောင်မြို့နယ်တို့သည် ဘင်္ဂါလီများ၏ တိုက်ခိုက်မှုများကို အကြိမ်ကြိမ် ခံခဲ့ရသည့်အတွက် တိုင်းရင်းသားများ အခွင့်အရေး ဆုံးရှုံးနေရကြောင်း၊ သို့သော်လည်း တချို့သော မေးခွန်းများနှင့် အဆိုများအပေါ် အတည်မပြုနိုင်ခြင်းသည် မေးခွန်းထုတ်စရာ ဖြစ်နေကြောင်း သိရသည်။

“အဆိုတစ်ခုကို အတည်ပြုလိုက်တယ်ဆိုရင် ရခိုင် တစ်ပြည်နယ်လုံးက လူတွေကလည်း စိတ်ခွန်အားတွေ ဖြစ်လာမယ်လို့ ကျွန်မတို့ ထင်တယ်။ နောက်ပြီး အဆိုတစ်ခု အောင်မြင်တယ်ဆိုရင် ဘတ်ဂျက် ရေးဆွဲတဲ့အခါမှာ ထည့်သွင်းရတာမျိုးတွေ ရှိလာမယ်။ ဘာပဲဖြစ်ဖြစ် မှတ်တမ်းတင်တာထက် အတည်ပြုတယ် ဆိုတာကိုတော့ ကျွန်မတို့ လိုချင်ကြပါတယ်။ အမျိုးသားရင်ကြားစေ့ရေး၊ တိုင်းရင်းသား စည်းလုံးညီညွတ်ရေး ဆိုလို့ရှိရင် လူနည်းစုတွေ တင်တဲ့အဆိုကို ဘာကြောင့် အခုထိ အတည်မပြုနိုင်သေးတာလဲ ဆိုတာကို မေးခွန်းထုတ်စရာ ဖြစ်ပါတယ်”ဟု ဒေါ်ခင်စောဝေက ပြောကြားသည်။

အလားတူစွာပင် ကြားသိနေရသော သတင်းများအရ နယ်မြေရယူလိုမှုကို ကြိုးစားနေကြသော ဘင်္ဂါလီများအနေဖြင့် နည်းမျိုးစုံဖြင့် ခြိမ်းခြောက်မှုများကို ကြားနေရကြောင်း၊ ထို့ပြင် R2P ကိစ္စရပ်မှာလည်း စိုးရိမ်စရာ အနေအထား ဖြစ်လာခဲ့ကြောင်း၊ ယင်းအတွက် မတ် ၄ ရက်တွင် R2P ကိစ္စနှင့် ပတ်သက်ပြီး ဆွေးနွေးပွဲတစ်ရပ်ကို စစ်တွေမြို့တွင် ရခိုင်အမျိုးသားပါတီက ဦးဆောင်ပြုလုပ်သွားရန် ရှိကြောင်း သိရသည်။

“အခုဆိုရင် R2P ဆိုတာလည်း ပြောဆိုနေကြတယ်။ တကယ်လည်း အန်တီတို့ ရခိုင်တိုင်းရင်းသားတွေ အနေနဲ့ စိုးရိမ်စရာလည်း ရှိပါတယ်။ အရင်ကတည်းက သူတို့ဟာ မောင်တော၊ ဘူးသီးတောင်၊ ရသေ့တောင်၊ စစ်တွေကို သူတို့နယ်မြေ ဖြစ်ဖို့အတွက် ကြိုးစားခဲ့တယ်။ အခုလည်း မောင်တောကို သူတို့ရယူဖို့ ကြိုးစားနေတာလို့ ပြောချင်ပါတယ်။ သူတို့ ထွက်ပြေးတာကလည်း အရမ်းအဓိပ္ပာယ် ရှိပါတယ်။ အများစုက ဘင်္ဂလားဒေ့ရှ်ကို ရောက်နေပြီဆိုတော့ သူတို့ကို ပြန်လာဖို့ ခေါ်ပေမယ့် သူတို့နယ်မြေ သတ်မှတ်ဖို့ တောင်းဆိုနေတာတွေ ရှိနေတယ်။ ဒါကြောင့် ကျွန်မတို့က လွှတ်တော်တွင်းမှာလည်း အမြဲတမ်းပြောပါတယ်။ အစိုးရတစ်ခုတည်း ဦးစီးပြီး လုပ်လို့မရပါဘူး။ လွှတ်တော် ကိုယ်စားလှယ်တွေအားလုံး အထူးသဖြင့် ရခိုင်မြေပြင် အနေအထားကို သိတဲ့ ရခိုင်လွှတ်တော် ကိုယ်စားလှယ်တွေ အများစုပါဝင်ဖို့ လိုတယ်။ ဒေသခံတွေ၊ လူမှုအဖွဲ့အစည်းတွေ ပါဝင်ဖို့ လိုပါတယ်။ တပ်မတော်နဲ့ အစိုးရလည်း ပူးပေါင်းပါဝင်ပြီး တိုင်ပင်ဆွေးနွေးဖို့ လိုအပ်တယ်လို့ မြင်ပါတယ်။ နောက်ပြီး UEHRD နဲ့ ပူးပေါင်းပြီး လုပ်နေတာကိုလည်း ဆရာမတို့ လက်ခံပါတယ်။ ဒါပေမဲ့ ပြည်သူကိုယ်စားပြုတဲ့ လွှတ်တော် ကိုယ်စားလှယ်တွေကိုလည်း မထည့်ဘူးဆိုတော့ အားနည်းချက် ရှိနေပါတယ်”ဟု ဒေါ်ခင်စောဝေက ပြောကြားသည်။

လက်ရှိတွင် ရခိုင်ပြည်နယ် မြောက်ပိုင်း၌ ဘင်္ဂါလီများ နေရာချထားရေးနှင့် ပတ်သက်ပြီး ဝေဖန်သုံးသပ်မှုများ မြင့်တက်ခဲ့သည့်အပြင် ဒေသခံ တိုင်းရင်းသား လူနည်းစုများကလည်း ကျေးရွာများတွင် အပြည့်အဝနေထိုင်ခြင်း မရှိတော့သည့် အနေအထားကို တွေ့လာရကြောင်း၊ ဒေသခံများ သဘောထားမပါဘဲ နေရာချထားရေး လုပ်ဆောင်လာမည်ဆိုပါ က ပွတ်တိုက်မှုများ ဖြစ်ပေါ်လာနိုင်ကြောင်း လွှတ်တော်ကိုယ်စားလှယ်များက ဝေဖန်သုံးသပ်မှုများ ရှိခဲ့သည်။

ယင်းနှင့် ပတ်သက်ပြီး ဒေါ်ခင်စောေ၀ က “အခုဆိုရင် ရဲစခန်းတွေနဲ့ ကျေးရွာတွေကို အကြမ်းဖက်မှု သုံးကြိမ်တိုင်တိုင် ခံစားခဲ့ရတဲ့အခါမှာ အဲဒီဒေသမှာ နေထိုင်တဲ့ တိုင်းရင်းသားတွေဟာ စီးပွားရေး နာလန်မထူနိုင်တော့ဘူး။ စီးပွားရေးလုပ်ဖို့ နည်းနည်း အဆင်ပြေတာနဲ့ ဒီလိုပြဿနာတွေ ဖြစ်လာတယ်။ အခုအခါမှာ မောင်တောနဲ့ ဘူးသီးတောင်ဘက်မှာ အကြမ်းဖက်မှုတွေ လုပ်မယ်ဆိုတဲ့ သတင်းတွေလည်း ကြားနေရတယ်။ ဆိုတော့ ဒေသခံတွေအနေနဲ့ စီးပွားရေးလုပ်ကိုင်ဖို့ တွေးတောစရာ ဖြစ်လာပါတယ်။ ဒါကြောင့် တရားဥပဒေ စိုးမိုးရေးဟာ အရေးကြီးပါတယ်။ အကြမ်းဖက်ခံရတဲ့ မြို့နယ်တွေဘက်မှာ လုံခြုံရေးကို အများကြီးတိုးချဲ့ဖို့ လိုအပ်တယ်လို့ ကျွန်မပြောချင်ပါတယ်”ဟုလည်း ထပ်လောင်း ပြောကြားသည်။

Most Read

Most Recent