“ဝ” ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ပြည်နယ် တောင်းဆိုကာ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေး ဆက်လက် တောင်းဆိုမည်ဖြစ်ကြောင်း “ဝ” သွေးစည်းညီညွတ်ရေးပါတီ ထုတ်ပြန်

“ဝ” ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ပြည်နယ် တောင်းဆိုကာ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေး ဆက်လက် တောင်းဆိုမည်ဖြစ်ကြောင်း “ဝ” သွေးစည်းညီညွတ်ရေးပါတီ ထုတ်ပြန်
Published 25 January 2018

“ဝ” ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ပြည်နယ် တောင်းဆိုသွားမည်ဖြစ်ပြီး ဖွဲ့စည်းပုံ အခြေခံဥပဒေပြင်ဆင်ရေး ဆက်လက် တောင်းဆိုသွားမည် ဖြစ်ကြောင်း “ဝ” သွေးစည်းညီညွတ်ရေးပါတီ (UWSP/UWSA) ဗဟိုတိုးချဲ့အစည်းအဝေးအပြီး ဇန်နဝါရီ ၁၄ ရက်စွဲဖြင့် ထုတ်ပြန်ချက်အား မြန်မာနှင့် အင်္ဂလိပ် နှစ်ဘာသာ ပြန်ဆိုချက်ဖြင့် ဇန်နဝါရီ ၂၄ ရက်တွင် UWSP/UWSA လားရှိုးဆက်ဆံရေး ဒုတိယတာဝန်ခံ ဦးညီရန်း၏ Facebook စာမျက်နှာမှ တစ်ဆင့်ထုတ်ပြန်သည်။

“ဝ” သွေးစည်းညီညွတ်ရေးပါတီ ဗဟိုတိုးချဲ့ အစည်းအဝေးအား ၂၀၁၈ ခုနှစ်၊ဇန်နဝါရီလ ဒုတိယအပတ်အတွင်း ကျင်းပခဲ့ပြီး ထိပ်ပိုင်းခေါင်းဆောင် နေရာများတွင် အပြောင်းအလဲအချို့ ရှိခဲ့ကာ မျိုးဆက်သစ်အချို့ကိုလည်း တာဝန်ကြီးများ ပေးအပ်ခဲ့ကြောင်း ယခင်ရက်များကတည်းက ဦးညီရန်း၏ Facebook မှတစ်ဆင့် ထုတ်ပြန်ထားသည်၊

အဆိုပါ UWSP/UWSA ဗဟိုတိုးချဲ့ အစည်းအဝေး ထုတ်ပြန်ချက်တွင် တည်ငြိမ် အေးချမ်းပြီး ဖွံ့ဖြိုးတိုးတက်သည့် လမ်းစဉ်ကို ကျင့်သုံးသွားပြီး ပဋိပက္ခများကို နိုင်ငံရေးတွေ့ဆုံမှုနည်းဖြင့် ဖြေရှင်းခြင်းကို ထောက်ခံပြီး စစ်ရေးနှင့် စစ်ရေးအရ ဖိအားပေးမှုများကို ဆန့်ကျင်သွားမည်ဖြစ်ကြောင်း ရေးသားထားသည်။

ထို့ပြင် “ဝ” ပြည်သူတစ်ရပ်လုံး၏ ပညာရေး၊ ကျန်းမာရေး၊ နေထိုင်စားသောက်ရေး အဆင့်အတန်း မြှင့်တင်သွားမည်ဖြစ်ကြောင်း နှင့် တံခါးဖွင့်ဝါဒကို ကျင့်သုံးပြီး ပြင်ပအသိ ပညာရှင်၊ အတတ်ပညာရှင်နှင့် ရင်းနှီးမြှုပ်နံှမှုများကို ဖိတ်ခေါ်သွားမည်ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ပါရှိသည်။

“ဝ” ဒေသရှိ တိုင်းရင်းသားများ လူဦးရေအရေအတွက် အနည်းအများ၊ ဆင်းရဲချမ်းသာ မခွဲတန်းတူ အခွင့်အရေးမူ ကျင့်သုံးပြီး အတူတကွ နေထိုင်သွားမည်ဖြစ်ကြောင်း၊ အိမ်နီးချင်းနိုင်ငံ/ဒေသများနှင့် ကောင်းမွန်သော ဆက်ဆံရေးများ ထားရှိပြီး တည်ငြိမ်အေးချမ်းသည့် ပတ်ဝန်းကျင်ရရှိရေး တည်ဆောက်သွားမည် ဖြစ်ကြောင်းလည်း ပါရှိသည်။

ထို့အတူ ပြည်ထောင်စုအစိုးရနှင့် ချုပ်ဆိုခဲ့သော စာချုပ်များကို လိုက်နာ၊ ကျင့်သုံး၊ ကိုင်စွဲပြီး ပြည်ထောင်စု မပြိုကွဲရေး၊ ငြိမ်းချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးတို့အတွက် “ဝ” ဒေသ (ထုတ်ပြန်မှုတွင် ပြည်နယ်ဟုသုံးနှုန်း) သည် တတ်နိုင်သည့်ဘက်မှ ပါဝင် လုပ်ဆောင်သွားမည် ဖြစ်ကြောင်း၊ ပြည်ထောင်စုအစိုးရ၊ တပ်မတော် ထိပ်ပိုင်းခေါင်းဆောင်များနှင့် ပိုမိုပူးပေါင်းပြီး ယုံကြည်မှု ခိုင်မာစွာ တည်ဆောက်သွားမည် ဖြစ်ကြောင်းလည်း ထုတ်ပြန်ချက်၌ ဖော်ပြထားသည်။

အလားတူ မူးယစ်ဆေးဝါးများကို အမြစ်ပြတ်ခြေမှုန်းပြီး စိုက်ပျိုးခြင်း၊ ထုတ်လုပ်ခြင်း၊ ရောင်းဝယ်ခြင်းနှင့် သုံးစွဲခြင်းများ မရှိစေရေး ထိထိရောက်ရောက် ဆက်လက် လုပ်ဆောင်သွားမည် ဖြစ်ကြောင်း၊ စည်းကမ်းနှင့် စနစ်ကောင်းရှိသည့် ဘာသာရေး လွတ်လပ်ခွင့်မူများ ကျင့်သုံးသွားမည် ဖြစ်ကြောင်းနှင့် “ဝ” ဒေသသည် မြန်မာနိုင်ငံ၏ နယ်မြေ တစ်စိတ်တစ်ဒေသဖြစ်ပြီး မည်သည့်အကြောင်းနှင့်မျှ ခွဲထွက်မည် မဟုတ်ကြောင်း၊ ပြင်ပရန် ကျူးကျော်လာပါက မိမိကိုယ် ကိုယ်ကာကွယ်သည့် အနေဖြင့် ပြတ်ပြတ်သားသား ခြေမှုန်းသွားမည်ဖြစ်ကြောင်း၊ ငြိမ်းချမ်းရေး အလံတော်နှင့် လက်နက်တစ်ဖက်စီ ကိုင်ဆောင်သွားမည် ဖြစ်ကြောင်းနှင့် “ဝ” ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ပြည်နယ်ကို တောင်းဆိုသွားမည်ဖြစ်ပြီး ဖွဲ့စည်းပုံ အခြေခံဥပဒေပြင်ဆင်ရေး ဆက်လက် တောင်းဆိုသွားမည်ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ရေးသားထားသည်။

၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေတွင် ရှမ်းပြည်နယ်ရှိ ဟိုပန်၊ မိုင်းမော၊ ပန်ဝိုင်၊ နားဖန်း၊ မက်မန်းနှင့် ပန်ဆန်း (ပန်းခမ်း) မြို့နယ် ခြောက်မြို့နယ်အား ခရိုင်နှစ်ခရိုင်ဖွဲ့ကာ “ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ တိုင်းအဖြစ် သတ်မှတ်ပေးထားသည်။
အဆိုပါ ခြောက်မြို့နယ်တွင် ဟိုပန်နှင့် မက်မန်းနှစ်မြို့နယ်သာ အစိုးရ၏ အုပ်ချုပ်ရေးယန္တရားအောက်တွင်ရှိပြီး ကျန်လေးမြို့နယ်မှာ UWSP/UWSA ထိန်းချုပ်မှုအောက်တွင် ရှိသည်။

မြန်မာနိုင်ငံရှိ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များအနက် UWSP/UWSA အဖွဲ့သည် အမြဲတမ်း တပ်ဖွဲ့ဝင်အင်အား ၃၀၀၀၀ ခန့်ရှိပြီး အရန်အင်အား ၁၀၀၀၀ ခန့်ရှိကြောင်း ခန့်မှန်းထားသည်။

UWSP/UWSA သည် အစိုးရနှင့် အပစ်အခတ်ရပ်စဲထားသည်မှာ နှစ် ၂၀ ကျော် ကြာပြီဖြစ်ပြီး ၂၀၁၁ ခုနှစ်တွင် အစိုးရသစ်နှင့် အပစ်အခတ်ရပ်စဲရေး ထပ်မံပြုလုပ်ထားသော်လည်း NCA ရေးထိုးခြင်း မရှိသေးဘဲ NCA စာချုပ်အား လက်မခံကြောင်း ကြေညာထားသည့် မြောက်ပိုင်း တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များဖြင့် ဖွဲ့စည်းထားသော FPNCC ကော်မတီဝင်အဖွဲ့ဝင်ဖြစ်ပြီး တရုတ်နိုင်ငံအစိုးရနှင့်လည်း ဆက်ဆံရေး ကောင်းမွန်သည့်အဖွဲ့ ဖြစ်သည်။

Most Read

Most Recent