ရခိုင်ပြည်နယ် အရေးကိစ္စသည် တစ်ကမ္ဘာလုံးမှ စိတ်ပါဝင်စားသည့် ကိစ္စရပ်ဖြစ်သဖြင့် အများကြီးအလေးထားကြောင်း နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ပြောကြား

ရခိုင်ပြည်နယ် အရေးကိစ္စသည် တစ်ကမ္ဘာလုံးမှ စိတ်ပါဝင်စားသည့် ကိစ္စရပ်ဖြစ်သဖြင့် အများကြီးအလေးထားကြောင်း နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ပြောကြား
Published 8 August 2017

ရခိုင်ပြည်နယ် အရေးကိစ္စသည် တစ်ကမ္ဘာလုံးမှ စိတ်ပါဝင်စားသည့် ကိစ္စရပ်ဖြစ်သဖြင့် အများကြီးအလေးထားကြောင်း နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသည်။

မန္တလေးတိုင်းဒေသကြီး ဝမ်းတွင်းမြို့နယ် မြေတိုင်ကန်ကျေးရွာတွင် သြဂုတ် ၇ ရက်ကကျင်းပသည့် Peace Talk ကျေးလက်ပြည်သူများ စကားဝိုင်းဆွေးနွေးပွဲအပြီးတွင် အွန်လိုင်းမှတစ်ဆင့်မေးမြန်းသည့် ရခိုင်ပြည်နယ် ငြိမ်းချမ်းရေးသည် ကျန်တိုင်းရင်းသား လက်နက်ကိုင်များနှင့်ပြုလုပ်သည့် ငြိမ်းချမ်းရေးထက် ပိုမိုအရေးကြီးသည်ဟုထင်သဖြင့် ရခိုင်ပြည်နယ် ငြိမ်းချမ်းရေးအတွက် မည်သို့ဆောင်ရွက်နေသည်ကို သိရှိလိုကြောင်းမေးခွန်းအပေါ် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်က ထိုသို့ပြောကြားခြင်းဖြစ်သည်။

“ငြိမ်းချမ်းရေးဆိုတာ အားလုံးအတွက်အတူတူပဲ အရေးကြီးပါတယ်။ တစ်နေရာထက်တစ်နေရာ ပိုတယ်ဆိုတာမရှိပါဘူး။ အဲဒီတော့ ရခိုင်ပြည်နယ်ပတ်သက်လို့ကတော့ နိုင်ငံတကာကတော့ ပိုပြီးတော့ဂရုစိုက်တယ်။ စိတ်ဝင်စားကြတယ်ဆိုတာ အမှန်ပါပဲ။ ဒါပေမဲ့လို့ ရခိုင်ပြည်နယ် ငြိမ်းချမ်းရေးအတွက် ဘယ်လိုဆောင်ရွက်နေတယ်ဆိုတာ သိပါရစေပြောတော့ ကျွန်မနည်းနည်းစဉ်းစားမိတယ်။ သတင်းစာတွေ မဖတ်ဘူးလားမသိဘူးလို့။ ကျွန်မအနေနဲ့ ပြောချင်ပါတယ်။ သတင်းစာဖတ်ကြပါ။ ကျွန်မတို့ ရုပ်မြင်သံကြားကနေပြီးတော့ နိုင်ငံတော်ကလွှင့်တဲ့ သတင်းတွေကို နားထောင်ကြပါ။ အဲဒီမှာဆိုလို့ရှိရင် ရခိုင်ပြည်နယ်နဲ့ ပတ်သက်လို့ တည်ငြိမ်ရေးအတွက်၊ ငြိမ်းချမ်းရေးအတွက် ဘာတွေလုပ်နေသလဲဆိုတာ အမြဲကြားရပါလိမ့်မယ်။ ဒီကိစ္စဟာ တစ်တိုင်းပြည်လုံးတင်မကဘူး တစ်ကမ္ဘာလုံးက စိတ်ပါဝင်စားတဲ့ကိစ္စမို့လို့ ကျွန်မတို့အများကြီး အလေးထားပါတယ်” ဟု နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသည်။

ထို့ပြင် ရခိုင်ပြည်နယ်အရေးကိစ္စနှင့် ပတ်သက်၍ ရခိုင်ပြည်နယ် ဖွံ့ဖြိုးရေးတိုးတက်ရေးနှင့် တရားဥပဒေစိုးမိုးရေးအတွက် ဗဟိုကော်မတီ ဖွဲ့စည်း၍လည်းကောင်း၊ ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းရေး၊ ရေရှည်ဖွံ့ဖြိုးရေး၊ ငြိမ်းချမ်းရေးရရှိရန်အတွက် နည်းနာလမ်းကြောင်းများရှာဖွေရန် ကုလသမဂ္ဂအထွေထွေ အတွင်းရေးမှူးချုပ်ဟောင်း ကိုဖီအာနန် ဦးဆောင်ကာ ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးကော်မရှင်ဖွဲ့စည်း၍ လည်းကောင်း ဆောင်ရွက်နေပြီး မကြာခဏ သတင်းထုတ်ပြန်ပေးနေသည့် အခြေအနေများကို ၎င်းကပြောကြားသည်။

“ပြည်သူပြည်သားတွေက ဝိုင်းပြီးတော့ စိတ်ဝင်စားဖို့လိုပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ မေးခွန်းမေးတယ်ဆိုတာ မေးတာကို သဘောကျတယ်။ ဘယ်လိုဆောင်ရွက်နေသလဲဆို သိပါရစေဆိုတော့ ကျွန်မပြန်ပြောလို့ရတယ်။ သိချင်လို့ရှိရင် နားထောင်ပါ။ နောက်ပြီးတော့ ကျွန်မတို့ရဲ့သီတင်းပြန်ကြားချက်တွေကို နားထောင်ပါ။ သီတင်းစာတွေကိုဖတ်ပါ။ ဝက်ဆိုက်ဒ်တွေပေါ်မှာ သမ္မတရုံးတို့၊ အတိုင်ပင်ခံရုံးတို့တင်တဲ့ သတင်းတွေကိုဖတ်ကြပါ။ အဲဒီလိုဆိုရင် ကျွန်မတို့ဘာတွေလုပ်နေတယ်ဆိုတာ သိပါလိမ့်မယ်။ ဘာတွေလုပ်နေတယ်ဆိုတာ သိချင်ရုံနဲ့ မလုံလောက်ပါဘူးလို့ ဖြည့်ဆည်းပြီးပြောပါရစေ။ ဘာတွေလုပ်နေလဲဆိုတာ သိလို့ရှိရင်ဘယ်လိုဝိုင်းပြီးတော့ ကူညီကြမလဲဆို စဉ်းစားပေးကြပါလို့ ကျွန်မအနေနဲ့ မေတ္တာရပ်ခံချင်ပါတယ်။ စောစောကပြောသလို အားလုံးဝိုင်းလုပ်မှ ကျွန်မတို့နိုင်ငံဟာ အောင်မြင်မှာပါ” ဟု နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်က ပြောကြားသည်။

ထို့အတူ အခြားမေးခွန်းတစ်ခုဖြစ်သည့် အမျိုးသားရင်ကြားစေ့ရေးကိစ္စဟာ လွယ်မယောင်နှင့် မည်သို့ကြောင့် ခက်ခဲနေရပါသနည်း၊၊ NCA ကြောင့်လား။ ဖွဲ့စည်းပုံအခြေခံဥပဒေကြောင့်လားဟု လည်းကောင်း၊ တပ်မတော်က လက်ရှိအစိုးရနှင့် အပြည့်အ၀ ပူးပေါင်းပါဝင်မှုမရှိ၍လား၊ တပ်မတော်အပေါ်မှာ လက်နက်ကိုင်တိုင်းရင်းသားများက ယုံကြည်မှုမရှိ၍လားဟုလည်းကောင်း၊ သို့မဟုတ် လက်နက်ကိုင်အဖွဲ့အစည်းများ၏ ခေါင်းဆောင်များက တိုင်းရင်းသားအကျိုးစီးပွားထက် ကိုယ့်အကျိုးစီးပွားကိုသာ ရှေ့တန်းတင်နေ၍လားဟု မေးမြန်းမှုအပေါ် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်က မည်သူ့ကြောင့်ဟု လက်ညှိုးထိုးမပြောကြားလိုဘဲ အမျိုးသားရင်ကြားစေ့ရေးမရှိခြင်းသည် တစ်ဦးပေါ်တစ်ဦး ယုံကြည်ချက် မပြည့်ဝသေးခြင်းကြောင့်ဖြစ်ပြီး ယုံကြည်ချက်ရှိရန်အတွက် ဝိုင်းဝန်းကြိုးပမ်းရမည်ဖြစ်ကြောင်း ပြောကြားသည်။

“အမျိုးသားရင်ကြားစေ့ရေးဆိုတာ ကျွန်မတို့နိုင်ငံအတွက် အင်မတန်မှ တန်ဖိုးအကြီးဆုံးကိစ္စတစ်ခု။ အရာတစ်ခုဖြစ်တာကြောင့်မို့လို့ ခက်ခက်ခဲခဲနဲ့လုပ်ရမယ်ဆိုတာ ကျွန်မတို့အစကတည်းက နားလည်ပါတယ်။ ဒီမှာပေါ့နော်။ ဘာကြောင့်ခက်ခဲနေတာလဲဆိုတဲ့ မေးတဲ့မေးခွန်းတွေကို ကျွန်မမဖြေခြင်းရဲ့ အဓိကဟာ ဘယ်သူကိုမှလက်ညှိုးထိုးပြီး အပြစ်မရှာချင်ပါဘူး။ ဘယ်သူ့ကြောင့် ဘယ်သူ့ကြောင့်လို့ မပြောချင်ပါဘူး။ အားလုံးမှာတာဝန်ရှိတယ်လို့ ကျွန်မထပ်တလဲလဲပြောပါတယ်။ အဲဒီတော့ ကျွန်မတို့ဟာ ပထမဦးဆုံး ကိုယ့်ကိုယ်ကိုယ် ပြန်သုံးသပ်ရမယ်။ ကိုယ့်လုပ်ဆောင်ချက်တွေမှာ ဘာအားနည်းချက်တွေရှိနေလဲ။ ဘာဟာကွက်တွေရှိလဲ။ ဒီအားနည်းချက်တွေကို ဘယ်လိုပြုပြင်နိုင်မလဲ။ ဒီဟာကွက်တွေကို ကျွန်မတို့ဘယ်လိုဖြည့်ဆည်းနိုင်မလဲဆိုတာ ကျွန်မတို့ အမြဲပဲစဉ်းစားပါတယ်။ တခြားသူတွေရဲ့အားနည်းချက်တွေကိုလည်း ကျွန်မတို့လေ့လာရပါမယ်။ ဒီလိုလေ့လာတယ်ဆိုတာ အဲဒီလူတွေကို လက်ညှိုးထိုးဖို့မဟုတ်ဘူး။ လက်ညှိုးထိုးရုံနဲ့ ကျွန်မတို့ဘယ်မှမရောက်ဘူး။ ဟိုဘက်က အားနည်းချက်ရှိလို့ရှိရင် သူတို့အားနည်းချက်တွေ ပြေပျောက်သွားအောင်လို့ ကျွန်မတို့ကနေပြီးတော့ ဘယ်လိုဝိုင်းလုပ်နိုင်မလဲဆိုတာ စဉ်းစားရပါတယ်။ ဒီတော့ ဒီဟာအတွက် အားလုံးက အဘက်ဘက်ကနေပြီးတော့ စဉ်းစားပေးဖို့ အင်မတန်မှလိုပါတယ်။ ကိုယ့်တစ်ယောက်ရဲ့အမြင်နဲ့ပဲ ကြည့်နေလို့မရပါဘူး။ ကျွန်မတို့ဟာ ဒီလိုမေးခွန်းတွေဖြေလိုက်မယ်ဆိုရင် ကျွန်မတို့ဘက်ကပဲ ခြောက်ပြစ်ကင်းသဲလဲစင်ဖြစ်သလို ဖြစ်နေမှာပေါ့။ ဟိုလူ့ကြောင့် ဒီလူ့ကြောင့်။ အဲဒီလိုဟိုလူ့ကြောင့် ဒီလူ့ကြောင့်လို့ပြောတာကိုက အမြင်မှားနေပြီလို့ ကျွန်မအနေနဲ့ သုံးသပ်ပါတယ်” ဟု နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်က ပြောကြားသည်။

Writer  - ကျော်ဇင်ဝင်း