နိုင်ငံတစ်ဝန်းတွင် ကြီးမားစွာ ဖြစ်ပွားလျက်ရှိသော သစ်မှောင်ခိုထုတ်မှုများကို ဥပဒေနှင့်အညီ ထိရောက်စွာ ဖြေရှင်းဆောင်ရွက်ပေးပါရန် အစိုးရအား တိုက်တွန်းကြောင်းအဆို ပြည်သူ့လွှတ်တော် အတည်ပြု

နိုင်ငံတစ်ဝန်းတွင် ကြီးမားစွာ ဖြစ်ပွားလျက်ရှိသော သစ်မှောင်ခိုထုတ်မှုများကို ဥပဒေနှင့်အညီ ထိရောက်စွာ ဖြေရှင်းဆောင်ရွက်ပေးပါရန် အစိုးရအား တိုက်တွန်းကြောင်းအဆို ပြည်သူ့လွှတ်တော် အတည်ပြု
Published 29 July 2017


ဇူလိုင် ၂၈ ရက်က ပြုလုပ်သော ပြည်သူ့လွှတ်တော် အစည်းအဝေးမစတင်မီ ကိုယ်စားလှယ်များကို တွေ့ရစဉ် (ဓာတ်ပုံ-မျိုးမင်းထက်)

နိုင်ငံတစ်ဝန်းတွင် ကြီးမားစွာ ဖြစ်ပွားလျက်ရှိသော သစ်မှောင်ခိုထုတ်မှုများကို ဥပဒေနှင့်အညီ ထိရောက်စွာ ဖြေရှင်းဆောင်ရွက်ပေးပါရန် အစိုးရအား တိုက်တွန်းကြောင်း အဆိုကို ဇူလိုင် ၂၈ ရက်တွင် ပြည်သူ့လွှတ်တော်က ကန့်ကွက်သူမရှိ အတည်ပြုခဲ့သည်။

၎င်းအဆိုကို စေတုတ္တရာမဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးကျော်အောင်လွင်က ဇူလိုင် ၁၃ ရက်တွင် လွှတ်တော်သို့ တင်သွင်းခဲ့ပြီး အဆိုအပေါ် လွှတ်တော်ကိုယ်စားလှယ် ၁၁ ဦးက ဆွေးနွေးခဲ့ကြသည်။

“ကျွန်တော်တို့ ဘိုးဘေးတွေ စနစ်တကျ ထိန်းသိမ်းစောင့်ရှောက်ခဲ့ကြတဲ့ နောင်လာနောက်သားတွေ အရှည်သုံးဆောင်ခံစားရမယ့် သဘာဝတရားရဲ့အမွေကျွန်း၊ ပိတောက်၊ တမလန်းစတဲ့ တိုင်းပြည်ရတနာတွေဟာ ခွေးလျက်တဲ့ထန်းလျက်ခဲပမာ လုံးပါးပါးလာပါတော့တယ်။ သစ်ခိုးထုတ်မှုတွေမှာ ရပ်ကျေးအုပ်ချုပ်ရေးမှူးတွေ၊ မြို့နယ်တာဝန်ရှိသူတွေ ကိုယ်တိုင်ပါဝင်ပတ်သက် ကျူးလွန်မှုတွေကို တွေ့ကြုံလာရပါတယ်” ဟု ကိုယ်စားလှယ် ဦးကျော်အောင်လွင်က အဆိုတင်သွင်းစဉ်က ဆွေးနွေးတင်ပြထားသည်။

အဆိုအပေါ် ပန်းတောင်းမဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခင်နှင်းသစ်က “အဆိုရှင် တင်ပြချက်ထဲမှာပါတဲ့ မြန်မာနိုင်ငံမှာ သစ်ခိုးထုတ်မှု၊ သစ်မှောင်ခိုမှုများကို ကာလအပိုင်းအခြားနဲ့ ခွဲခြမ်းစိတ်ဖြာ ကြည့်မယ်ဆိုရင် အတိတ်ကာလက နှစ်ပေါင်းများစွာဖြစ်ခဲ့လို့ တိုင်းပြည်က သစ်တောပြုန်းတီးမှု အဆိုးဆုံးတတိယအဆင့် ရောက်ရှိခဲ့သလို ပြည်သူတွေအနေနဲ့ ယနေ့ကြုံတွေ့နေရတဲ့ သဘာဝဘေးမျိုးစုံ၊ ပြည်သူ့ဘဏ္ဍာငွေအဖြစ် ကျွန်းသစ်ကရရှိမယ့် နိုင်ငံခြားဝင်ငွေတွေကို ပြည်သူတွေမရခဲ့လို့ နိမ့်ကျခဲ့ရတဲ့ လူမှုဘဝဆိုးကျိုးတွေ ဖြစ်နေခြင်းဖြစ်ပါတယ်။ ယနေ့ပစ္စုပ္ပန်ကာလမှာလည်း အရင်အတိုင်းပဲ ဆက်ရှိနေဦးမယ်ဆိုရင် အနာဂတ်လူ့အဖွဲ့အစည်းမှာ ဒီထက်ပိုဆိုးတဲ့ ကပ်ဘေးသဖွယ် ဆိုးကျိုးအမျိုးမျိုးတို့ ထပ်မံဆိုက်ရောက်လာဦးမှာ ဖြစ်ပါတယ်။ ဒါကြောင့် ယနေ့တာဝန်ရှိသူ၊ တာဝန်သိသူ မြန်မာနိုင်ငံသားများမှ သမိုင်းပေးတာဝန်အရ အဆိုပါသစ်ခိုးမှု၊ သစ်မှောင်ခိုထုတ်မှုတွေကို အမျိုးသားရေးတာဝန် တစ်ရပ်အနေဖြင့် ပူးပေါင်းဆောင်ရွက်သင့်သလို တာဝန်အရှိဆုံးဖြစ်တဲ့ အစိုးရအနေနဲ့ ထိထိရောက်ရောက် ပြတ်ပြတ်သားသား ဖြေရှင်းပေးဖို့ လိုအပ်နေပြီလို့ ထောက်ပြလိုပါတယ်” ဟု ဆွေးနွေးပြောကြားသည်။

သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန လက်အောက်ရှိ သစ်တောဦးစီးဌာနက သစ်ခိုးထုတ်မှုများအတွက် အဓိကတာဝန်ရှိသည့်ဌာနဖြစ်သော်လည်း သစ်တောများရှိဒေသရှိ မြို့နယ်များတွင် သစ်တောဦးစီးဌာန တစ်ခုတည်းဖြင့် မဖြေရှင်းနိုင်သည်ကို တွေ့ရကြောင်း၊ သက်ဆိုင်ရာမြို့နယ် အုပ်ချုပ်ရေးအာဏာပိုင် ပြည်သူ့ရဲတို့နှင့် ချိတ်ဆက်လုပ်ကိုင်ရန် လိုအပ်ကြောင်း၊ သစ်ခိုးဂိုဏ်းများမှ ချိန်းဆောများဖြင့် အုပ်စုဖွဲ့ တရားမဝင် သစ်ခိုးထုတ်နေသော်လည်း သစ်တောဝန်ထမ်းများဖြင့်သာ ဖမ်းဆီးရန် အခက်အခဲ ကြုံတွေ့နေရကြောင်း လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခင်နှင်းသစ်က ဆွေးနွေးပြောကြားသည်။

“အစိုးရသစ်လက်ထက်မှာ ပဲခူးရိုးမထဲမှာ အစိုးရရဲ့သစ်ထုတ်လုပ်ရေးကို ၁၀ နှစ်ရပ် ဆိုင်းလိုက်ပါတယ်။ ဒါကြောင့် နောင် ၁၀ နှစ်လောက်ကြာရင် ပဲခူးရိုးမကြီးစိမ်းလန်းစိုပြည်လာမယ်လို့ မျှော်လင့်လို့မရပါဘူး။ ပဲခူးရိုးမကို ဖြတ်သန်းဖောက်လုပ်ထားတဲ့ လမ်းကြီးသုံးလမ်း ရှိပါတယ်။ အဲဒီလမ်းမကြီးတွေပေါ်မှာ ညစဉ်ညတိုင်း မော်တော်ဆိုင်ကယ်နှင့်တစ်မျိုး၊ ကားကြီးကားငယ် အသွယ်သွယ်နှင့်တစ်ဖုံ သစ်ခိုးထုတ်နေတာတွေ မြင်တွေ့ရပါတယ်။ ကားကြီးကားငယ်ဆိုရာမှာ Pajero, Surf, Parado စတဲ့ ကားကောင်းသန့်သန့် လူခန့်ခန့်ကြီးတွေက ပေတိုပေလတ်သစ်တွေကို ခိုးထုတ်နေကြတာပါ” ဟု အဆိုအပေါ် တောင်တွင်းကြီးမဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးမင်းသိန်းက ဆွေးနွေးပြောကြားသည်။

ထို့နောက် အဆိုနှင့်ပတ်သက်၍ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များ၏ ဆွေးနွေးမှုအပြီး သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်းက ဆောင်ရွက်ချက်များနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြခဲ့ပြီး အဆိုကို အတည်ပြုပေးပါရန် လွှတ်တော်သို့ တင်ပြသည်။

အဆိုရှင်ဦးကျော်အောင်လွင်ကလည်း အဆိုကို အတည်ပြုပေးရန် တင်ပြခဲ့ပြီး လွှတ်တော်ကလည်း ကန့်ကွက်သူမရှိ အတည်ပြုခဲ့သည်။

Writer: ငြိမ်းဇော်လင်း၊ မျိုးမင်းထက်

Most Read

Most Recent