ချယ်လ်ဆီးနှင့် ရီးယဲလ်မက်ဒရစ်တို့အကြား အနာဂတ်ကို ဆုံးဖြတ်ရခက်နေသည်ဟု ဟာဇက် ဖွင့်ဟ

ချယ်လ်ဆီးနှင့် ရီးယဲလ်မက်ဒရစ်တို့အကြား အနာဂတ်ကို ဆုံးဖြတ်ရခက်နေသည်ဟု ဟာဇက် ဖွင့်ဟ
Published 10 October 2018

 

ချယ်လ်ဆီးအသင်း အဓိကကွင်းလယ်ကစားသမား ဟာဇက်က ချယ်လ်ဆီးအသင်း နှင့် စာချုပ်သက်တမ်းတိုးပြီး စတမ်းဖို့ဒ်ဘရစ်ချ်တွင် ဆက်နေရန်နှင့် ရီးယဲလ်မက်ဒရစ်အသင်းသို့ ပြောင်းရွှေ့ခွင့်အိပ်မက်တို့ အကြားမှာ ဆုံးဖြတ်ရခက်နေကြောင်း ထုတ်ဖော်ပြောကြားခဲ့သည်။

ဘယ်လ်ဂျီယံအသင်းခေါင်းဆောင်လည်းဖြစ်သူ ဟာဇက်မှာ ချယ်လ်ဆီးအသင်း နှင့် စာချုပ်သက်တမ်း နှစ်နှစ်သာကျန်ရှိတော့ပြီး ပြီးခဲ့သည့်နွေရာသီကာလကလည်း ချန်ပီယံလိဂ်ချန်ပီယံ ရီးယဲလ်အသင်းသို့ ပြောင်း ရွှေ့ရန် ချိတ်ဆက်မှုများရှိခဲ့သည်။

"ကျွန်တော် စာချုပ်သစ်ကို လက်မှတ်ထိုးမယ်လို့ မပြောချင်ပါဘူး။ အပြီးသတ်မှာ မချုပ်ဖြစ်တာလည်း ဖြစ်လာနိုင်တယ်လေ။ ကျွန်တော့်အတွက် ကောင်းတာကိုပဲလိုချင်ပါတယ်။ ဒါပေမဲ့ ကလပ်အသင်းအတွက်လည်း ကျွန်တော် ဒီလိုပဲဖြစ်စေချင်ပါတယ်။ ဘာကြောင့်လဲဆိုတော့ ဒီအသင်းက ကျွန်တော့်ကို အရာအားလုံး ပေးဆပ်ခဲ့လို့ပါ။ ဒါကို ကျွန်တော် သိပါတယ်။ တစ်ခါတစ်ရံ ကျွန်တော် မနက်ခင်း အိပ်ရာကနိုးတိုင်း အသင်းက ထွက်သွားတော့မယ်လို့ တွေးမိတယ်။ တစ်ခါတလေမှာတော့ အသင်းမှာ ဆက်ကစားချင်တယ်။ ဆုံးဖြတ်ချက်ကိုတော့ ခက်ခက်ခဲခဲချမှတ်ရမှာပါ။ ဒါဟာ ကျွန်တော့် အနာဂတ်ပါပဲ" ဟု ဟာဇက် က ပြောကြားခဲ့သည်။

ဟာဇက်က "အခုချိန်မှာ ကျွန်တော် ဘောလုံးကိုပဲ အာရုံစိုက်ပြီး ကောင်းကောင်းကစားနေပါတယ်။ ရီးယဲလ်မက်ဒရစ်အသင်းဟာ ကမ္ဘာ့အကောင်းဆုံး အသင်းတစ်သင်းပါ။ ဒီနေ့မှာ ကျွန်တော် မညာချင်ပါဘူး။ ဒါဟာ ကလေးဘဝကတည်းက ကျွန်တော့်ရဲ့အိပ်မက်ပါပဲ။ ဒီအကြောင်းတွေကို ကျွန်တော် နေ့တိုင်းနေ့တိုင်း မပြောချင်ပါဘူး။ ပြောဖို့လည်း အချိန်မရှိပါဘူး။ ဒါပေမဲ့ ကျွန်တော့်ရဲ့ အနာဂတ်အကြောင်းတော့ မကြာမီ ပြောပြရပါလိမ့်မယ်" ဟု ၎င်း၏အနာဂတ်နှင့်ပတ်သက်ပြီး မီဒီယာများအားဆက်လက်ပြောကြားခဲ့သည်။

ဟာဇက်သည် ယခုပရီးမီးယားလိဂ်ရာသီတွင် ချယ်လ်ဆီးအသင်းအတွက် ခုနစ်ဂိုးသွင်းထားပေးပြီး ဂိုးသွင်းအများဆုံးကစားသမားစာရင်းတွင်လည်း ဦးဆောင်နေသူဖြစ်သည်။

Most Read

Most Recent