တရုတ်နိုင်ငံတွင် ဖြစ်ပွားလျက်ရှိသည့် အာဖရိက ဝက်အပြင်းဖျားရောဂါနှင့် မြန်မာနိုင်ငံ၏ အနေအထား

တရုတ်နိုင်ငံတွင် ဖြစ်ပွားလျက်ရှိသည့် အာဖရိက ဝက်အပြင်းဖျားရောဂါနှင့် မြန်မာနိုင်ငံ၏ အနေအထား
ရန်ကုန်မြို့ မြို့နယ်တစ်ခု၏ အစွန်တွင် မွေးမြူထားသည့် ဝက်မွေးမြူရေးခြံ တစ်ခုကို တွေ့ရစဉ် (ဓာတ်ပုံ-ကြည်နိုင်)
ရန်ကုန်မြို့ မြို့နယ်တစ်ခု၏ အစွန်တွင် မွေးမြူထားသည့် ဝက်မွေးမြူရေးခြံ တစ်ခုကို တွေ့ရစဉ် (ဓာတ်ပုံ-ကြည်နိုင်)
Published 17 March 2019
နရီမင်း၊ အိသဥ္ဇာကျော်

တရုတ်နိုင်ငံတွင် ၂၀၁၈ ခုနှစ် သြဂုတ်မှ စတင်ကာ ဖြစ်ပွားလျက်ရှိသည့် အာဖရိက ဝက်အပြင်းဖျားရောဂါ (African Swine Fever) မှာ ယခုအခါ အရှေ့တောင်အာရှဒေသသို့ စတင်ကူးစက် ပျံ့နှံ့လာပြီ ဖြစ်သည်။ ယင်းရောဂါမှာ လူသားများသို့ ကူးစက်မှု လုံးဝ မရှိသော်လည်း ရောဂါကို ထိန်းချုပ်ရန် ကာကွယ်ဆေးများ မရှိသေးခြင်းကြောင့် ရောဂါဝင်ရောက်ပြီးပါက အမြစ်ဖြတ် သုတ်သင်ရှင်းလင်းနိုင်ရန် ခက်ခဲလှသည်။ ထို့ကြောင့် ဒေသတွင်း ဝက်မွေးမြူရေးနှင့် ဝက်သားထုတ်လုပ်မှုကဏ္ဍကို အကြီးအကျယ် ထိခိုက်စေနိုင်သည်။

မြန်မာနိုင်ငံနှင့် နယ်နိမိတ်ချင်း နီးစပ်သည့် တရုတ်နိုင်ငံ ယူနန်ပြည်နယ်အတွင်း အာဖရိက ဝက်အပြင်းဖျားရောဂါ ဖြစ်ပွားမှုကြောင့် မြန်မာ၊ လာအို၊ ကမ္ဘောဒီးယားနှင့် ဗီယက်နမ်နိုင်ငံများကို ရောဂါကူးစက်ခံရနိုင်မှု အန္တရာယ် အမြင့်မားဆုံး နိုင်ငံများအဖြစ် ကမ္ဘာ့စားနပ်ရိက္ခာနှင့် စိုက်ပျိုးရေးအဖွဲ့ (FAO) က သတ်မှတ်ထားသည်။

တရုတ်ပြည်သူ့ သမ္မတနိုင်ငံတွင် အာဖရိက ဝက်အပြင်းဖျားရောဂါ စတင်ဖြစ်ပွားကြောင်းကို ၂၀၁၈ ခုနှစ် သြဂုတ် ၃ ရက်တွင် တရုတ်အစိုးရ စိုက်ပျိုးရေးနှင့် ကျေးလက်ဒေသရေးရာ ဝန်ကြီးဌာနက တရားဝင် ထုတ်ပြန်ကြေညာခဲ့သည်။ တရုတ်အစိုးရအနေဖြင့် ရောဂါထိန်းချုပ်ရေး လုပ်ငန်းများကို အားစိုက်ဆောင်ရွက် ခဲ့သော်လည်း ယင်းရောဂါမှာ တရုတ်နိုင်ငံ တစ်နိုင်ငံလုံးနီးပါး ပျံ့နှံ့သွားခဲ့သည်။ ကမ္ဘာ့ကုလသမဂ္ဂ စားနပ်ရိက္ခာနှင့် စိုက်ပျိုးရေးအဖွဲ့ (FAO) ၏ တရားဝင် စာရင်းဇယားများအရ ၂၀၁၈ ခုနှစ် သြဂုတ် ၃ ရက်မှ ၂၀၁၉ ခုနှစ် ဖေဖော်ဝါရီ ၂၂ ရက်အထိ အချိန်ခုနစ်လနီးပါးအတွင်း ပြည်နယ်၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသနှင့် မြူနီစီပယ်စီရင်စု စုစုပေါင်း ၂၇ ခုတွင် ရောဂါပျံ့နှံ့ ဖြစ်ပွားခဲ့သည်။ ရောဂါဖြစ်ပွားမှု စုစုပေါင်း ၁၀၈ ခုကြောင့် ဝက်ကောင်ရေ ၉၅၀,၀၀၀ ကို သုတ်သင်ရှင်းလင်း ခဲ့ရသည်။

တရုတ်နိုင်ငံတွင် စတင်ဖြစ်ပွားခဲ့သည့် ယင်းရောဂါမှာ၂၀၁၉ ခုနှစ် နှစ်ဆန်းပိုင်းတွင် တရုတ်နိုင်ငံ၏ အိမ်နီးချင်း နိုင်ငံများဖြစ်သည့် မွန်ဂိုလီးယားနှင့် ဗီယက်နမ်နိုင်ငံများသို့ပါ ဆက်လက်ပျံ့နှံ့သွားသည်ကို တွေ့ရှိရသည်။

မြန်မာနိုင်ငံအပေါ် သက်ရောက်နိုင်မှု အခြေအနေနှင့် ပတ်သက်၍ မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန ညွှန်ကြားရေးမှူး ဒေါက်တာမင်းသိမ်းမော်က “ဒီရောဂါရဲ့မူလက အာဖရိကတိုက်မှာပဲ အခြေစိုက်ပြီး ဖြစ်တဲ့ရောဂါ တစ်မျိုးပေါ့။ အာဖရိကတိုက်မှာမှ တောဝက်တွေမှာပဲ ဖြစ်တယ်။ သူတို့ကို တွယ်ကပ်ပြီး သွေးစုပ်တဲ့ မွှားတွေမှာပဲ ရောဂါသံသရာလည်ပြီး ဖြစ်ပွားရာကနေ တဖြည်းဖြည်းနဲ့ ၁၉၃၀၊ ၄၀၊ ၅၀ ခုနှစ် နောက်ပိုင်းမှာ ဥရောပတိုက်ကို ပျံ့နှံ့လာခဲ့တယ်။ အဲဒီကနေတစ်ဆင့် တဖြည်းဖြည်းနဲ့ တရုတ်နိုင်ငံကို ၂၀၁၈ ခုနှစ်မှာ ပျံ့နှံ့လာခဲ့တယ်။ အခုလို နယ်စပ်ဖြတ်ကျော် ပျံ့နှံ့လာမှုနဲ့အတူ ဒီရောဂါတွေ ဖြစ်တယ်ဆိုရင် မွေးမြူရေး ထွန်းကားတဲ့ နိုင်ငံတွေနဲ့ မွေးမြူရေး လုပ်ငန်းတွေကို အားထားတဲ့ နိုင်ငံတွေမှာ စီးပွားရေးအရ ထိခိုက်ပျက်စီး ဆုံးရှုံးမှုတွေ အများကြီး ဖြစ်ပေါ်စေနိုင်တယ်။ ကုန်သွယ်မှုလုပ်ငန်း တွေမှာလည်း နှောင့်နှေးကြန့်ကြာမှုတွေ ဖြစ်ပေါ်စေနိုင်တဲ့အတွက် ကမ္ဘာ့တိရစ္ဆာန် ကျန်းမာရေးအဖွဲ့ (OIE) က ဒီရောဂါကို အရေးကြီး ဦးစားပေး သတင်းပေးပို့ တိုင်ကြားရမယ့် ရောဂါအဖြစ် သတ်မှတ်ခဲ့တယ်။ OIE အဖွဲ့ဝင် နိုင်ငံတွေကိုလည်းပဲ သတိပေး နှိုးဆော်ခဲ့တယ်။ ၂၀၁၈ ခုနှစ်က တရုတ်နိုင်ငံမှာ ရောဂါစတွေ့လာတယ်။ ၂၀၁၈ ခုနှစ် သြဂုတ်လကစပြီး နောက်ပိုင်းလတွေ အပါအဝင် အခုအချိန်အထိ ဆက်တိုက်ဖြစ်လာတာ ပြည်နယ် ၃၀ ကျော်လောက်အထိ ပျံ့နှံ့ပြီးတော့ ဝက်ကောင်ရေ တစ်သန်းလောက်အထိ သုတ်သင်ပြီးသွားပြီ။ အခုဆိုရင် ဗီယက်နမ်မှာလည်း တွေ့နေပြီ။ ထိုင်ဝမ်မှာလည်း တွေ့နေပြီ။ ကမ္ဘာ့စားနပ်ရိက္ခာနှင့် စိုက်ပျိုးရေးအဖွဲ့ (FAO) ရဲ့ ညွှန်ကြားချက် တွေကိုလည်း ကျင့်သုံးရတဲ့အတွက် အဲဒီအဖွဲ့က တရုတ်နိုင်ငံနဲ့ ထိစပ်တဲ့ နိုင်ငံတွေဖြစ်တဲ့ မြန်မာ၊ လာအို၊ ကမ္ဘောဒီးယား၊ ဗီယက်နမ်နိုင်ငံတွေကို ရောဂါကူးစက်ခံရနိုင်မှု အန္တရာယ် အလားအလာ အမြင့်မားဆုံး နိုင်ငံတွေအဖြစ် သတ်မှတ်လိုက်တယ်။ အဲဒီနိုင်ငံတွေကို ရောဂါတွေ မရောက်ရှိဖို့ လိုအပ်တဲ့ ကြိုတင်ပြင်ဆင်မှု လုပ်ငန်းတွေ ဆောင်ရွက်ထားကြပါဆိုပြီး အသိပေးခဲ့တယ်။ နိုင်ငံတကာ အဖွဲ့အစည်းတွေရဲ့ အကြံပြုချက်အရ မိမိတို့ နိုင်ငံတွင်းမှာရှိတဲ့ မွေးမြူရေးကဏ္ဍကိုလည်း ကြိုတင်ကာကွယ်ဖို့အတွက် အခုလို လိုအပ်တဲ့ အရံအတားနဲ့ အစီအမံတွေ ဆောင်ရွက်ရခြင်း ဖြစ်ပါတယ်။ ရောဂါကို အကောင်းဆုံး ထိန်းချုပ်တဲ့နည်းကတော့ သုတ်သင်ရှင်းလင်းတဲ့နည်းပါ။ ဒါမှသာ ရောဂါဆက်လက် ပြန့်ပွားမှုကို ထိန်းချုပ်နိုင်ပါမယ်။ ရောဂါသာ ရောက်လာရင် ဆုံးရှုံးမှုမြင့်မားမယ်၊ ဝက်တွေအသေအပျောက် များမယ်။ ကိုယ့်နိုင်ငံမှာ ရောဂါဖြစ်တယ်ဆိုရင် ကုန်သွယ်မှုပိုင်းအရ နစ်နာဆုံးရှုံးမှုတွေ ဖြစ်ပေါ်လာနိုင်တဲ့ ဆိုးကျိုးတွေရှိတယ်။ နောက်တစ်ခုက ဝက်မွေးမြူရေးလုပ်တဲ့ လုပ်ငန်းရှင်တွေ တနိုင်တပိုင် လုပ်တဲ့သူတွေရဲ့ မလိုလားအပ်တဲ့ စီးပွားရေးအရ ဆုံးရှုံးမှုတွေ ဖြစ်ပေါ်လာနိုင်တဲ့ အလားအလာတွေတော့ ရှိပါတယ်” ဟု ဆိုသည်။

တရုတ်နိုင်ငံတွင် အာဖရိက ဝက်အပြင်းဖျားရောဂါ ကျရောက် ဖြစ်ပွားပြီး ဝက်အများအပြား သေ ဆုံးလျက်ရှိရာ မြန်မာနိုင်ငံသို့ ရော ဂါပိုးကူးစက်ဝင်ရောက်မှုမရှိစေရေး ကြိုတင်ကာကွယ်ရန်အတွက် တရုတ် နိုင်ငံနှင့် ရောဂါဖြစ်ပွားနေသောနိုင်ငံ များမှ ဝက်အရှင်နှင့် ဝက်ထွက် ပစ္စည်းများဖြစ်သည့် ဝက်သား၊ အေး ခဲဝက်သား၊ ဝက်ပေါင်ခြောက်၊ ဝက် အူချောင်းနှင့် အခြားဝက်ထွက် ပစ္စည်းများ မြန်မာနိုင်ငံအတွင်းသို့ နယ်စပ်ပေါက်များနှင့် လေဆိပ်/ရေဆိပ် များမှတစ်ဆင့် သယ်ယူခြင်း၊ ဝယ်ယူခြင်းနှင့် ရောင်းချခြင်းများ မပြုလုပ်ရန် ယာယီတားဆီး ပိတ်ပင်ထားကြောင်း မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန တိရစ္ဆာန်ဆိုင်ရာ ပို့ကုန်သွင်းကုန် စစ်ဆေးထိန်းသိမ်းရေး ဌာနစိတ်က ထုတ်ပြန်ကြေညာထားသည်။

အဆိုပါ ထုတ်ပြန်ချက်အရ ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်တွင် တရားမဝင် အေးခဲဝက် သား၊ ဝက်ပေါင်ခြောက်၊ ဝက်အူချောင်းနှင့် အခြားဝက်ထွက် ပစ္စည်းများ တင်သွင်းခြင်း၊ သယ်ယူခြင်းနှင့် ရောင်းချခြင်း ကိစ္စများ တားဆီးပိတ်ပင်မှုကို ပူးပေါင်းဆောင်ရွက် သွားမည်ဖြစ်ကြောင်း ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ် ပူးပေါင်းညှိနှိုင်း ဆောင်ရွက်ရေး ကော်မတီက အသိပေး ကြေညာထားသည်။

“ကျွန်တော်တို့ဆီကို စိုက်ပျိုးရေး၊ မွေးမြူရေးနဲ့ ဆည်မြောင်းဝန်ကြီးဌာန၊ မွေးမြူရေးနဲ့ ကုသရေး ဦးစီးဌာနရဲ့ အကြောင်းကြားစာ ရောက်လာတဲ့အတွက် လေကြောင်းလိုင်းတွေအားလုံး သိရှိပြီး ပူးပေါင်းဆောင်ရွက်နိုင်ဖို့ ဒီစာကို ထုတ်ပြန်တာပါ။ လေဆိပ်ကနေ ဝက်နဲ့ ဝက် ထွက်ပစ္စည်းတွေ တင်သွင်းမှု ကန့်သတ်တာကို လောလောဆယ်တော့ ယာယီလို့ပဲ သတ်မှတ်ထားပါတယ်။ ဘယ်အချိန်အထိလဲ ဆိုတာတော့ မသိရသေးပါဘူး” ဟု ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်ပူးပေါင်း ညှိနှိုင်းဆောင်ရွက်ရေး ကော်မတီမှ အထွေထွေ အတွင်းရေးမှူး ဦးဘန်ဂျမင်က ပြောကြားခဲ့သည်။

မြန်မာနိုင်ငံတွင် အာဖရိက ဝက်အပြင်းဖျား ရောဂါကို OIE က အရေးကြီးရောဂါအဖြစ် သတ်မှတ်၍ ရောဂါကူးစက် ဖြစ်ပွားလာပါက သုတ်သင်ရှင်းလင်းမှု ပြုလုပ်ရန် မှတ်ချက်ပြုထားကြောင်းနှင့် တရုတ်နိုင်ငံတွင် ဖြစ်ပွားနေပြီး မြန်မာနိုင်ငံ အတွင်းသို့ အချိန်အခါမရွေး ဝင်ရောက်နိုင်ခြင်းကြောင့် ကူးစက်ပြန့် ပွားမှု မရှိစေရန် ကြိုတင်တားဆီး ကာကွယ်ရေး လုပ်ငန်းများ လုပ်ဆောင်လျက်ရှိကြောင်း မွေးမြူရေးနှင့် ကုသရေး ဦးစီးဌာနမှ သိရသည်။                      

“လက်ရှိ မူဆယ်နယ်စပ်ဂိတ် စခန်းတွေမှာ ဝက်နဲ့ ဝက်ထွက်ပစ္စည်း တရားမဝင် ဝင်ရောက်မှု တားဆီးပိတ်ပင် ကန့်သတ်ထားတဲ့ အသိပညာပေး ဗီနိုင်းပိုစတာတွေကို စိုက်ထူတာတွေအပြင် အသိပညာပေး ဟောပြောပွဲ တွေကိုလည်း ဆောင်ရွက်ထားပါတယ်။ ဦးစီးဌာနအနေနဲ့ ရောဂါနဲ့ပတ်သက်တဲ့ လက်ကမ်းစာစောင်တွေ ဖြန့်ဝေတာ၊ Simulation Exercise on Disease Outbreak and Reporting System (ရောဂါဖြစ်ပွားပျံ့နှံ့မှုနှင့် အစီရင်ခံမှုစနစ်ဆိုင်ရာ အသွင်ယူ လေ့ကျင့်ခန်း) ကို ဌာနမှာရှိတဲ့ မြို့နယ်ဦးစီးမှူးနဲ့ ခရိုင်ဦးစီးမှူးတွေကို သင်တန်းပို့ချခဲ့ပြီး ဖြစ်ပါတယ်” ဟု မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

အာဖရိက ဝက်အပြင်းဖျား ရောဂါသည် မြန်မာနိုင်ငံနှင့် နယ်နိမိတ်ချင်း ထိစပ်လျက်ရှိသည့် တရုတ်နိုင်ငံ၏ ယူနန်ပြည်နယ် အပါအဝင် တရုတ်နိုင်ငံ အရှေ့မြောက်ဒေသ၊ အလယ်ပိုင်းဒေသနှင့် အရှေ့ပိုင်းဒေသ ပြည်နယ်အချို့ရှိ ဝက်ခြံပေါင်း ၁ဝဝကျော်၌ ရောဂါပျံ့နှံ့ဖြစ်ပွားခဲ့ပြီး ဝက်ကောင်ရေ ၉၅၀,၀၀၀ ကို သုတ်သင်ရှင်းလင်း ခဲ့ရသောကြောင့် မိမိနိုင်ငံရှိ ဝက်ခြံများကိုလည်း အာဖရိက ဝက်အပြင်းဖျားရောဂါ ကူးစက်ပျံ့နှံမှု မရှိစေရေးအတွက် မွေးမြူရေးခြံများ၏ ဇီဝလုံခြုံမှုကို စနစ်တကျ မြှင့်တင်ရန် လိုအပ်ကြောင်း မွေးမြူရေးနှင့် ကုသရေး ဦးစီးဌာနက အသိပေး နှိုးဆော်ထားသည်။

မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနမှ သုတေသနအရာရှိ ဒေါက်တာအောင်ဇော်မိုးက “ဝက်မွေးမြူရေး ခြံကြီးတွေမှာ ဇီဝလုံခြုံမှု အားနည်းတယ်ဆိုရင် ရောဂါပိုးတွေ ဝင်နိုင်တယ်။ အခုဆိုရင် တိရစ္ဆာန်အစာ ကနေတောင် ရောဂါပိုးကူးစက်တာတွေ ဖြစ်နိုင်တော့ ဒါကလည်း သတိထားရမယ့် အချက်ပါ။ ခြံကြီးတွေမှာ ဇီဝလုံခြုံမှု မြှင့်ရုံနဲ့တင် မပြီးဘူး။ နောက်တိရစ္ဆာန်အသစ်တွေ သွင်းမယ်ဆိုရင်လည်း သေချာကြည့်ဖို့ လိုပါတယ်။ ဒါကတော့ ခြံကြီးတွေ အပိုင်းပါ။ ခြံသေးတွေကိုလည်း ဂရုစိုက်ဖို့ လိုပါတယ်။ ကိုယ့်နိုင်ငံထဲကို  ရောဂါပိုးက ဘယ်လမ်းကြောင်းကပဲဝင်ဝင် နိုင်ငံကို ထိခိုက်ပါတယ်။ ခြံသေးလေးတွေမှာလည်း တောဝက်တွေ ဘာတွေလည်း ရှိနေရင် ကူးစက်နိုင်သလို ခြံစည်းရိုးတွေဘာတွေ မရှိဘူး။ ဝက်အသစ်တွေဘာတွေ သွင်းမယ် ဆိုရင်လည်း ရောဂါက ကူးစက်နိုင်တဲ့အတွက် သတိပြုဖို့ လိုပါတယ်” ဟုဆိုသည်။

အာဖရိက ဝက်အပြင်းဖျားရောဂါ ကြိုတင်ကာကွယ်နိုင်ရန် ဝက်မွေးမြူရေးခြံများ၏ ဇီဝလုံခြုံမှုကို အထူးဂရုပြု ဆောင်ရွက်ရန်၊ ဝက်ခြံများနှင့် သားငါးစျေးများတွင် စနစ်တကျ ပိုးသတ်ဆေးဖျန်းခြင်း ပုံမှန်ပြုလုပ် ဆောင်ရွက်ရန်၊ အိမ်မွေးဝက်များကို အပူပြင်းပြင်းဖြင့် ချက်ပြုတ်ထားခြင်း မရှိသော စားသောက်ဆိုင်များမှ စားကြွင်းစားကျန်ကျွေးခြင်း မပြုလုပ်ရန်၊ အခြားခြံမှ အသုံးအဆောင်ပစ္စည်းများ ငှားရမ်းသုံးစွဲခြင်း မပြုရန်နှင့် လူအဝင်အထွက် ထိန်းချုပ်ရန်၊ အသက်အရွယ်တူ ဝက်များကိုသာ အတူတူမွေးမြူရန်၊ အပူချိန်၊ စိုထိုင်းဆ၊ လေဝင်လေထွက် ကောင်းမွန်စေရန်၊ ရောဂါကင်းရှင်းကြောင်း စိတ်ချရသောခြံမှ ဝက်များကို ဝယ်ယူမွေးမြူရန်၊ ဝယ်ယူသည့် ဝက်များကို မိမိခြံရှိဝက်များနှင့် မရောမီ သီးသန့်ခွဲခြားထား၍ ရောဂါကင်းရှင်းမှ မွေးမြူရန်၊ ပြည်ပမှ တရားမဝင် တင်သွင်းလာသော ဝက်အရှင်နှင့် ဝက်ထွက်ပစ္စည်းများ တင်သွင်းခြင်း၊ ရောင်းချခြင်း၊ စားသုံးခြင်း မပြုရန် တောဝက်နှင့် အိမ်မွေးဝက်များ ရောနှောထိတွေ့ခြင်းမှ ကာကွယ်ရန်နှင့် တောဝက်နှင့် အိမ်မွေးဝက်များ ပုံမှန်မဟုတ်ဘဲ ရုတ်တရက် သေဆုံးပါက နီးစပ်ရာ အုပ်ချုပ်ရေးအဖွဲ့ မွေးမြူရေးနှင့် ကုသရေး ဦးစီးဌာန မြန်မာနိုင်ငံ မွေးမြူရေးလုပ်ငန်း အဖွဲ့ထံသို့ ချက်ချင်းသတင်းပို့ရန် အသိပေး နှိုးဆော်ထားသည်။

မွေးမြူရေးနှင့် ကုသရေး ဦးစီးဌာနမှ သုတေသနအရာရှိ ဒေါက်တာ အောင်ဇော်မိုးက “တရုတ်နဲ့ မြန်မာနိုင်ငံမှာ ဝက်သားရောင်းဝယ် တင်ပို့မှုတွေ ရှိနေတယ်။ ယူနန်ပေါက်ကနေတစ်ဆင့် တောဝက်ပေါက်တွေက ကျွန်တော်တို့ ရှမ်းပြည်နယ်ထဲကို ဝင်နိုင်တယ်။ အခုတော့ ရောင်းဝယ်တင်ပို့မှုတွေကို ထိန်းချုပ်ထားပါတယ်။ ဒီရောဂါကို ထိန်းချုပ်နိုင်တဲ့ နည်းလမ်းက တော်တော်လေးကို နည်းပါတယ်။ ဒီရောဂါက ကာကွယ်ဆေးမရှိဘူး။ ကာကွယ်ဆေး မရှိတာက မလုပ်တာမျိုးတော့ မဟုတ်ဘူး။ ပထမဦးဆုံး ၁၉၅၇ ခုနှစ် ပေါ်တူဂီကို စဝင်တယ်။ အဲဒီအချိန်မှာကတည်းက ကာကွယ်ဆေးထုတ်ဖို့ အသည်းအသန် ကြိုးစားခဲ့ကြတယ်။ ၁၉၆၃ ခုနှစ်မှာ ပထမဆုံးအကြိမ် ကာကွယ်ဆေးရတယ်။ သုံးတယ်။ ဒါပေမဲ့ အောင်မြင်မှု မရခဲ့ဘူး။ တောက်လျှောက်လည်း ကြိုးစားပြီး ထုတ်တယ်။ ပြီးခဲ့တဲ့ ၂၀၁၈ စက်တင်ဘာရောက်တော့ ကာကွယ်ဆေး ရသွားပြီလို့တော့ ပြောတယ်။ ဒါပေမဲ့ ခုချိန်အထိ စျေးကွက်ထဲကို မရောက်လာသေးဘူး။ ကျွန်တော်တို့က ထိရောက်တဲ့ ကုသမှုလည်း မပေးနိုင်သလို ကာကွယ်ဆေးလည်း မရသေးဘူး။ ကျွန်တော်တို့  လုပ်လို့ရတဲ့ နည်းလမ်းက ရောဂါဖြစ်လာတဲ့ ရင်းမြစ်ကို ရအောင်ရှာဖို့ပဲ။ စဖြစ်တဲ့ တိရစ္ဆာန်ကို ချက်ချင်းဖျက်ဆီးနိုင်ရင် ရပြီ။ အကောင် ၁၀၀ ဖြစ်ရင် အကောင် ၁၀၀ လုံးကို ဖျက်ဆီးလိုက်ရင် ဝက်သန်းပေါင်းများစွာကို မထိတော့ဘူး” ဟု ပြောကြားခဲ့သည်။

မြန်မာနိုင်ငံအတွက် အန္တရာယ်ရှိနေမှုနှင့် ပတ်သက်၍ ထိန်းချုပ်ပုံ နည်းလမ်းများကို ဒေါက်တာအောင်ဇော်မိုးက “အနည်းဆုံးက ကြိုတင်ကာကွယ်ရေး နည်းလမ်းတွေကို စပြီးတော့ စဉ်းစားထားသင့် ပြီ။ အခု ကျွန်တော်တို့ နိုင်ငံမှာ ရောဂါတွေ့လာခဲ့ရင် ဘယ်လိုပစ္စည်းတွေ ပို့ရမယ်။ ဘယ်လောက်ပို့ရမယ်။ စစ်ရင် ဘယ်လောက် ကြာမလဲ ဆိုတာတွေကအစ ပြင်ဆင်ထားတယ်။ ထိန်းချုပ်တဲ့အချိန်မှာ သယ်ယူပို့ဆောင်ရေးကို အဓိက ထိန်းချုပ်ရမယ်။ နောက် မွေးမြူရေးခြံတွေမှာ ဇီဝလုံခြုံမှုတွေ အဆင့်မြှင့်ဖို့လိုတယ်။ အခုဆိုရင် တချို့ကျေးရွာတွေမှာ လုပ်နေပြီ။ ကျေးရွာအဆင့်မှာပဲ သူတို့ဘာသာ လုပ်နေတာတွေရှိတယ်။ နေရာဒေသတိုင်းမှာ ဒီလိုဟာမျိုးတွေ လုပ်နိုင်ရင်တော့ ပိုကောင်းတယ်။ ရောဂါက ဖြစ်လာပြီဆိုရင် အဓိက ဆုံးရှုံးမှာက မွေးမြူရေးသမားတွေ ဖြစ်တဲ့အတွက် လုပ်သင့်ပါတယ်” ဟု ရှင်းပြခဲ့သည်။

မြန်မာနိုင်ငံနှင့် နယ်နိမိတ်ချင်း နီးစပ်သည့် တရုတ်နိုင်ငံ ယူနန်ပြည် နယ်အတွင်း အာဖရိက ဝက်အပြင်းဖျားရောဂါ ဖြစ်ပွားမှု လေးကြိမ်ရှိပြီ ဖြစ်၍ တရုတ်နိုင်ငံနှင့် နယ်နိမိတ် ထိစပ်လျက်ရှိသော ဒေသအချို့တွင် ရောဂါနမူနာရယူ စုဆောင်းခြင်းနှင့် ဓာတ်ခွဲစမ်းသပ်ခြင်းများ ဆောင်ရွက်လျက်ရှိကြောင်း မွေးမြူရေးနှင့် ကုသရေး ဦးစီးဌာနမှ သိရသည်။

မြန်မာနိုင်ငံနှင့် နယ်နိမိတ်ချင်း နီးစပ်သည့် တရုတ်နိုင်ငံ ယူနန်ပြည်နယ်အတွင်း အာဖရိက ဝက်အပြင်းဖျားရောဂါ ဖြစ်ပွားမှု လေးကြိမ်ရှိပြီ ဖြစ်ပြီး ယင်းတို့အနက် မြန်မာနိုင်ငံနှင့် အလွန်နီးစပ်သည့် ဒေသများတွင် ရောဂါဖြစ်ပွားမှု နှစ်ကြိမ်ရှိပြီ ဖြစ်ကြောင်း၊ ပထမအကြိမ်မှာ ယူနန်ပြည်နယ် လျူရှန်မြို့နယ်ရှိ  ဂွမ်ဖန်ကျေးရွာတွင် ၂၀၁၈ ခုနှစ် အောက်တိုဘာ၂၇ ရက်က ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ယင်းဒေသသည် မြန်မာနိုင်ငံ ရှမ်းပြည်နယ် အရှေ့ပိုင်းနှင့် နယ်မြေချင်း နီးစပ်သည့် ဒေသဖြစ်ကြောင်း၊  ဒုတိယအကြိမ်မှာ ယူနန်ပြည်နယ် လီရွှေရှိ နူကျန်းလီဆူး ကိုယ်ပိုင်အုပ် ချုပ်ခွင့်ရဒေသရှိ ဝက်အကောင်ရေ ၃၀၀ မွေးမြူထားသည့် ခြံတစ်ခြံတွင် ယခုနှစ် ဖေဖော်ဝါရီလ ၂၁ ရက်က ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ဝက်ခြောက်ကောင် ရောဂါဖြစ်ပွားရာ နှစ်ကောင် သေဆုံးကြောင်းနှင့် ယင်းဒေသသည် မြန်မာနိုင်ငံအတွင်းရှိ ကချင်ပြည်နယ်နှင့် နယ်နိမိတ်ချင်း နီးစပ်သည့် ဒေသဖြစ်ကြောင်း မွေးမြူရေးနှင့် ကုသရေး ဦးစီးဌာနမှ သိရသည်။

မွေးမြူရေးနှင့် ကုသရေး ဦးစီးဌာန အနေဖြင့် ရောဂါကြိုတင်ကာကွယ်ရေး အသိပေး နှိုးဆော်ချက် တစ်ရပ်ကို  ထုတ်ပြန်ကြေညာထားကြောင်း၊ နိုင်ငံအတွင်း ရောဂါဖြစ်ပွားလာခဲ့ပါက အလျင်အမြန် တုံ့ပြန်ဆောင်ရွက် နိုင်ရန်လည်း အစီအမံများ ချမှတ်ထားကြောင်းနှင့် နယ်နိမိတ် ထိစပ်နေသည့် ဒေသများ၌ ရောဂါနမူနာ ရယူစုဆောင်းခြင်း၊ ဓာတ်ခွဲစမ်းသပ်ခြင်းများ ဆောင်ရွက်နေကြောင်း မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနမှ သိရသည်။

မြန်မာနိုင်ငံ၏ ပြင်ဆင်မှုထားမှု အပိုင်းနှင့် ပတ်သက်၍ မွေးမြူရေးနှင့် ကုသရေး ဦးစီးဌာန ညွှန်ကြားရေးမှူး ဒေါက်တာ မင်းသိမ်းမော်က “မြန်မာနိုင်ငံမှာတော့ လက်ရှိအချိန်အထိ ဓာတ်ခွဲခန်းတွေကို ရောက်ရှိလာတဲ့ နမူနာတွေကို စစ်ဆေးချက်အရ ဒီရောဂါပိုး လောလောဆယ်အထိ မတွေ့ရသေးပါဘူး။ ဒါကတော့ သတင်းကောင်းပါပဲ။ ဒါပေမဲ့လို့ ကြိုတင်ကာကွယ်တဲ့ လုပ်ငန်းတွေ နေရာမှာ အပိုင်းလေးပိုင်းလောက် ပိုင်းပြီး ဆောင်ရွက်နေပါတယ်။ ကြိုတင်ကာကွယ်ရေး လုပ်ငန်းတွေ လုပ်တဲ့နေရာမှာ နယ်စပ်ပေါက်တွေမှာလည်း ဥပဒေအရ ထိထိရောက်ရောက် ဆောင်ရွက်နိုင်ဖို့အတွက် ဥပဒေနဲ့ အမိန့်ညွှန်ကြားချက်တွေ လိုအပ်တယ်။ ဒါမှသာ ဒီဥပဒေအရ ပြည်သူလူထုနဲ့ တခြားဆက်စပ်တဲ့ အဖွဲ့အစည်း၊ နိုင်ငံတကာ အဖွဲ့အစည်းတွေနဲ့လည်း လိုက်နာဆောင်ရွက်မှာ ဖြစ်တဲ့အတွက် ဒီရောဂါသည် မြန်မာနိုင်ငံမှာ တွေ့ရှိခြင်း မရှိသေးသော်လည်းပဲ တိရစ္ဆာန် ကျန်းမာရေးနှင့် ဖွံ့ဖြိုးရေး ဥပဒေအရ အခုနှစ် ဖေဖော်ဝါရီလ ၂၀ ရက်မှာ ‘သတင်းပေးပို့ တိုင်ကြားရမည့် အရေးကြီးစာရင်းဝင်ရောဂါ’ အဖြစ် မြန်မာနိုင်ငံမှာ သတ်မှတ်ခဲ့တယ်။ ဒါကတော့ ဥပဒေအရ လုပ်ခြင်းဖြစ်တယ်။ နောက်တစ်ခုကတော့ ပြည်သူလူထု အသိပညာပေး လုပ်ငန်းတွေကို လုပ်ရပါတယ်။ ဒီရောဂါက မြန်မာနိုင်ငံမှာ ဖြစ်ပွားမှု မရှိခဲ့ဖူး၊ မသိဖူးတဲ့အတွက် ရောဂါနဲ့ ပတ်သက်တဲ့ အသိပညာပေး လုပ်ငန်းတွေကို ၂၀၁၈ ခုနှစ် စက်တင်ဘာက စပြီးတော့ နယ်စပ်ဒေသတွေဖြစ်တဲ့ မူဆယ်ခရိုင်၊ လားရှိုးခရိုင်တွေမှာ တိုင်းပြည်ရဲ့ ဝင်ပေါက်ထွက် ပေါက်တွေမှာ ဒေသအာဏာပိုင်တွေရယ်၊ မွေးမြူရေးသမားတွေရယ်ကို အသိပညာပေးတာတွေ ဆောင်ရွက်ခဲ့ပါတယ်။ မွေးမြူရေးသမား တွေကိုလည်း ရောဂါနဲ့ ပတ်သက်တဲ့ လက်ကမ်းစာစောင်တွေ၊ ပိုစတာတွေကို ဖြန့်ဝေခဲ့တယ်။ ရောဂါနဲ့ ပတ်သက်ပြီး ကောင်းကောင်းမွန်မွန် နားလည်အောင်ပါ။ နောက်ပြီး ရောဂါစူးစမ်း လေ့လာတဲ့ လုပ်ငန်းတွေကိုလည်း တစ်ပြိုင်တည်း လုပ်နေတယ်။ ကိုယ့်နိုင်ငံမှာ ဖြစ်မဖြစ် သိရှိနိုင်ဖို့အတွက် ကျွန်တော်တို့ကိုယ်တိုင် ကွင်းဆင်းပြီးတော့ နယ်တွေမှာ ဝက်ခြံတွေကနေ သွေးတွေဖောက်တယ်။ နမူနာပစ္စည်းတွေ ရယူပြီး စစ်ဆေးတဲ့ လုပ်ငန်းတွေကို လုပ်ပါတယ်။ ရောဂါလက္ခဏာတွေက မြေပြင်မှာဆိုရင် တခြားရောဂါ လက္ခဏာတွေနဲ့ မှားယွင်းနိုင်တဲ့အတွက် တိကျသေချာတဲ့ အဖြေရနိုင်ဖို့ ဓာတ်ခွဲခန်းတွေမှာ စမ်းသပ်စစ်ဆေးရတယ်။ မွေးကုဌာနရဲ့ဓာတ်ခွဲခန်းတွေဖြစ်တဲ့ ရန်ကုန်နဲ့ မန္တလေးမှာရှိတဲ့ ရောဂါရှာဖွေရေး ဓာတ်ခွဲခန်းတွေမှာ ရောဂါကို စစ်ဆေးနိုင်တဲ့ စက်ပစ္စည်းတွေကိုလည်း အဆင်သင့် တပ်ဆင်ထားပြီး ဖြစ်ပါတယ်။ နောက်တစ်ခုက တရားမဝင် တင်သွင်းတဲ့ ပစ္စည်းတွေကို ကြပ်မတ်တဲ့ လုပ်ငန်းတွေကိုလည်း နယ်စပ်ဒေသတွေမှာ သက်ဆိုင်ရာ အဖွဲ့အစည်းတွေနဲ့ ပူးပေါင်းပြီး ဆောင်ရွက်နေတယ်။ ဒါကတော့ ပြည်တွင်းမှာလုပ်တဲ့ အပိုင်းပေါ့။ ပြီးခဲ့တဲ့ မတ် ၁ ရက်က ကမ္ဘာ့စားနပ်ရိက္ခာနဲ့ စိုက်ပျိုးရေးအဖွဲ့ (FAO) ကနေပြီး ရောဂါနဲ့ ပတ်သက်တဲ့ ပညာရှင်တွေကို ဖိတ်ပြီး အဖွဲ့ဝင်လေးဦးပါတဲ့ အဖွဲ့က မြန်မာနိုင်ငံကိုလာပြီး ရောဂါကာကွယ်ရေးနဲ့ ပတ်သက်တဲ့ သင်တန်းတွေပေးတယ်။ ဒီရောဂါနဲ့ ပတ်သက်တဲ့ ကြိုတင်ဆောင်ရွက်မှုတွေအပြင် တကယ်လို့ တွေ့လာရင် ဘယ်လိုဆောင်ရွက်မလဲဆိုတဲ့ သင်တန်းတွေလုပ်တယ်။ အရေးပေါ် ဘယ်လိုတုံ့ပြန် ဆောင်ရွက်မလဲ ဆိုတာတွေကိုလည်း နိုင်ငံတကာ အဖွဲ့ အစည်းတွေနဲ့ ပူးပေါင်းဆောင်ရွက်နေပါတယ်” ဟု ပြောကြားခဲ့သည်။

ထို့ပြင် ကမ္ဘာ့စားနပ်ရိက္ခာနှင့် စိုက်ပျိုးရေးအဖွဲ့ (FAO) နှင့် မွေးမြူရေးနှင့် ကုသရေး ဦးစီးဌာနတို့ ပူးပေါင်း၍ ရောဂါကြိုတင် ကာကွယ်ထိန်းချုပ်ရေး ဆောင်ရွက်နိုင်မည့် အခြေအနေများနှင့် ပတ်သက်၍ နှစ်ဖက် ကိုယ်စားလှယ်များသည် ဖေဖော်ဝါရီ ၂၆ ရက်က နေပြည်တော်၌ တွေ့ဆုံဆွေးနွေး ခဲ့ပြီးဖြစ်ကြောင်း သိရသည်။

 

Most Read

Most Recent