ဆာလာနှင့် ပျောက်ဆုံးနေသည့်လေယာဉ်အား ရှာဖွေမှုမရပ်ဆိုင်းရန် ၎င်း၏ညီမဖြစ်သူ ရိုမီနာနှင့် နန့်စ်အသင်း တောင်းဆို

ဆာလာနှင့် ပျောက်ဆုံးနေသည့်လေယာဉ်အား ရှာဖွေမှုမရပ်ဆိုင်းရန် ၎င်း၏ညီမဖြစ်သူ ရိုမီနာနှင့် နန့်စ်အသင်း တောင်းဆို
Photos : AFP & BBC
Photos : AFP & BBC
Published 26 January 2019

ကာဒစ်ဖ်အသင်းတိုက်စစ်မှူးသစ် အီမီလီယာနိုဆာလာနှင့်အတူ ပျောက်ဆုံးနေသည့် လေယာဉ်ငယ်အား ရှာဖွေမှု မရပ်ဆိုင်းရန် ၎င်း၏ညီမဖြစ်သူ ရိုမီနာဆာလာနှင့် အသင်းဟောင်းဖြစ်သည့် နန့်စ်အသင်းတို့က တောင်းဆိုခဲ့ကြောင်း သိရသည်။

အာဂျင်တီးနားနိုင်ငံဖွား ဆာလာ (၂၈ နှစ်)သည် ပရီးမီးယားလိဂ်ကလပ် ကာဒစ်ဖ် အသင်းသို့ ကလပ်စံချိန်တင်ပြောင်းရွှေ့ကြေး ပေါင် ၁၅ သန်းဖြင့် ပြောင်းရွှေ့ရန် သုံးနှစ်ခွဲ စာချုပ်လက်မှတ်ရေးထိုးခဲ့ပြီး နှစ်ရက်အကြာ မှာပင် ဖြစ်ရပ်ဆိုး ကြုံတွေ့ခဲ့ရခြင်းဖြစ်သည်။

ဆာလာနှင့် လေယာဉ်မောင်းတစ်ဦးသာပါဝင်သည့် Piper PA-46 Malibu အမျိုးအစား အင်ဂျင်တစ်လုံးတပ် လေယာဉ်ငယ်သည် ဇန်နဝါရီ ၂၁ ရက် ညပိုင်းက နန့်စ်လေဆိပ်မှတစ်ဆင့် ကာဒစ်ဖ်သို့ပျံသန်းလာစဉ် အင်္ဂလိပ်ရေလက်ကြား၌ အဆက်အသွယ်ပြတ်တောက်ကာ ပျောက်ဆုံးသွားခြင်းဖြစ်သည်။

၎င်းတို့အား ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများကို ယင်းနေ့ကတည်းက စတင်လုပ်ဆောင်ခဲ့ပြီး ဇန်နဝါရီ ၂၄ ရက် ညပိုင်းတွင် ရှာဖွေမှု ရပ်ဆိုင်းလိုက်ပြီဖြစ်ကြောင်း Guernsey ရဲဌာန က အတည်ပြုထုတ်ပြန်သည်။

ယင်းကြေညာချက်နှင့်ပတ်သက်၍ ဆာလာ၏ညီမဖြစ်သူ ရိုမီနာဆာလာက ''ကျေးဇူးပြုပြီး ရှာဖွေမှုကို မရပ်လိုက်ကြပါနဲ့။ ကြိုးစားရှာဖွေပေးတဲ့သူတွေကိုလည်း ကျေးဇူးတင်ပါတယ်။ ဒါပေမဲ့ ကျေးဇူးပြုပြီး မရပ်လိုက်ပါနဲ့ဦး။ အီမီလီယာနိုက တိုက်ခိုက်ရေးသမားတစ်ယောက်ပါ။ သူနဲ့ လေယာဉ်မောင်းက ရေလက်ကြားအလယ်က တစ်နေရာရာမှာ ရှိနေတယ်ဆိုတာ ကျွန်မ နှလုံးသားထဲကနေ နက်နက်ရှိုင်းရှိုင်းခံစားနေ ရတယ်။ သူတို့ အရှုံးပေးဦးမှာ မဟုတ်ပါဘူး''ဟု တိုက်တွန်းပြောကြားသည်။

ထို့ပြင် နန့်စ်အသင်းက ရှာဖွေမှုရပ်ဆိုင်းသည့် ကြေညာချက်ကို ကန့်ကွက်ကြောင်းနှင့် ၎င်း၏မိသားစုအတွက် ဆက်လက်ရှာဖွေပေးရန် အသင်းနှင့် ပရိသတ်များက တောင်းဆိုကြောင်း ထုတ်ပြန်သည်။

Most Read

Most Recent