မန်စီးတီး နိုင်ပွဲပြန်ရပြီး အမှတ်ပေးဇယားထိပ်ဆုံးသို့ တက်လှမ်း

မန်စီးတီး နိုင်ပွဲပြန်ရပြီး အမှတ်ပေးဇယားထိပ်ဆုံးသို့ တက်လှမ်း
Photo: Twitter
Photo: Twitter
Published 15 December 2018

■ မန်စီးတီး ၃-၁ အဲဗာတန်

ပြီးခဲ့တဲ့အပတ်က ချယ်လ်ဆီးကို ရှုံးပြီး ပရီးမီးယားလိဂ်မှာ ပထမဆုံးရှုံးပွဲတွေ့ခဲ့တဲ့ မန်စီးတီးဟာ ဂျေးဆူရဲ့ ဂိုးပေါက်ပြန်တွေ့မှုနဲ့အတူ အိမ်ကွင်းမှာ အဲဗာတန်ကို (၃-၁)ဂိုးနဲ့ အနိုင်ရရှိခဲ့ပါတယ်။

မန်စီးတီးဟာ (၄-၃-၃)ကစားကွက်မှာ ဂျေးဆူကို အထောင်ထားပြီး တောင်ပံနှစ်ဖက်မှာတော့ ဆာနေးနဲ့ မာရက်ဇ်ကို အသုံးပြုခဲ့ပါတယ်။ အဲဗာတန်ကတော့ (၅-၄-၁) ပုံစံမှာ လီဝင်ကို အထောင်ထားပြီး ကွင်းလယ်မှာ ဂိုးမက်စ်၊ ဆီဂတ်ဆန်၊ ရစ်ချာလီဆန်၊ ဘားနက်ဒ်တို့ကို အသုံးပြုခဲ့တာပါ။

မန်စီးတီးအသင်းဟာ အဲဗာတန်အသင်းကို ပွဲစကတည်းက ဖိကစားနိုင်ခဲ့ပြီး ဂိုးသွင်းခွင့်တွေ ရခဲ့ပါတယ်။ အဲဗာတန်ကတော့ မန်စီးတီးတိုက်စစ်ကို ထိန်းကစားရင်း တန်ပြန်တိုက်စစ်ကနေ ဂိုးရဖို့ ကြိုးစားခဲ့တာပါ။

မန်စီးတီးအသင်းအတွက် အဖွင့်ဂိုးကိုတော့ ပွဲချိန် (၂၂)မိနစ်မှာ ရရှိခဲ့တာပါ။ ဆာနေးမျောထိုးပေးတာကို ဂျေးဆူက ပြေးထွက်ပြီး လှလှပပကန်သွင်းယူခဲ့တာပါ။ ဒီဂိုးဟာ ဂျေးဆူအတွက် ဒီရာသီ ပရီးမီးယားလိဂ်မှာ (၁၁)ပွဲဆက် ဂိုးပေါက်ပျောက်ဆုံးနေမှုကို အဆုံးသတ်စေခဲ့တဲ့ဂိုးလည်း ဖြစ်ပါတယ်။

အဲဒီနောက်မှာလည်း မန်စီးတီးအသင်းအခွင့်အရေးတွေ ပိုရခဲ့ပေမယ့် အသုံးမချနိုင်လို့ ပထမပိုင်းမှာ မန်စီးတီးက (၁-၀)ဂိုးနဲ့ နိုင်နေခဲ့ပါတယ်။

ဒုတိယပိုင်းမှာလည်း မန်စီးတီးအသင်းကပဲ ဖိကစားပြီး ပွဲချိန် (၅၀)မိနစ်မှာပဲ ဒုတိယဦးဆောင်ဂိုးရခဲ့ပြန်ပါတယ်။ ဆာနေးရဲ့ ကန်တင်ပေးပို့မှုကို ဂျေးဆူကပဲ ခေါင်းတိုက်ပြီး သွင်းယူခဲ့တာ ဖြစ်ပါတယ်။

အဲဒီနောက်မှာတော့ မန်စီးတီးကစားအား အနည်းငယ်လျော့ခဲ့တာကြောင့် အဲဗာတန်တို့အခွင့်အရေးရခဲ့ပြီး ပွဲချိန် (၆၅)မိနစ်မှာ ဒစ်ဂ်နေးရဲ့ ဖြတ်တင်ဘောကနေ လီဝင်က ခေါင်းတိုက်ပြီး ပထမချေပဂိုးသွင်းယူခဲ့ပါတယ်။

ဂိုးပေးလိုက်ရပြီးနောက်မှာ စတာလင်ကို ထည့်သွင်းခဲ့ပြီး စတာလင်ဟာ လူစားဝင်ပြီး (၃)မိနစ်အကြာ ပွဲချိန် (၆၉) မိနစ်မှာပဲ ဖာနန်ဒင်ဟိုရဲ့ ပေးပို့မှုကို ခေါင်းတိုက်ကာ မန်စီးတီးအတွက် အနိုင်သေချာစေမယ့်ဂိုးကို သွင်းယူခဲ့ပါတယ်။

နောက်ပိုင်းမှာတော့ ဂွါဒီယိုလာဟာ ဒဏ်ရာက ပြန်လည်သက်သာလာတဲ့ ဒီဘရိုင်းနားကို ထည့်သွင်းကစားခဲ့ပါတယ်။

ကျန်ပွဲချိန်တွေမှာတော့  မန်စီးတီးက ထိန်းကစားပြီး (၃-၁)နဲ့ အနိုင်ရခဲ့တာကြောင့် လီဗာပူးလ်-မန်ယူပွဲမတိုင်မီ အမှတ်ပေးဇယားထိပ်ဆုံးကို ပြန်လည်တက်လှမ်းနိုင်ခဲ့ပါတယ်။

 

 

 

 

 

 

 

 

 

 

 

 

Most Read

Most Recent