ဟီရိုနာ-ဘာစီလိုနာပွဲကို မိုင်ယာမီတွင် ကစားတော့မည်မဟုတ်ဟု လာလီဂါအဖွဲ့ချုပ်အတည်ပြု

ဟီရိုနာ-ဘာစီလိုနာပွဲကို မိုင်ယာမီတွင် ကစားတော့မည်မဟုတ်ဟု လာလီဂါအဖွဲ့ချုပ်အတည်ပြု
Photo: Marca
Photo: Marca
Published 12 December 2018

 

လာလီဂါအဖွဲ့ချုပ် (LFP)သည် စပိန်လာလီဂါပွဲစဉ် ဟီရိုနာ-ဘာစီလိုနာပွဲကို အမေရိကန်နိုင်ငံ၊ မိုင်ယာမီတွင် ကစားတော့မည်မဟုတ်ဟု ဒီဇင်ဘာ (၁၁)ရက်က အတည်ပြုကြေညာခဲ့သည်။

LFP ဥက္ကဋ္ဌ တီဘက်စ်သည် ဟီရိုနာနှင့် ဘာစီလိုနာပွဲစဉ်ကို မိုင်ယာမီတွင်ကစားရန် ကန့်ကွက်မှုများရှိနေသည့်ကြားမှာ အစွမ်းကုန်ကြိုးစားခဲ့သော်လည်း အဆင်မပြေသည့်အတွက် နောက်ဆုံးတွင် လက်လျှော့ခဲ့ခြင်း ဖြစ်သည်။

LFP ၏ ထုတ်ပြန်ချက်တွင် "နယ်ပယ်သစ်မှယ ထွက်ကစားဖို့ ဆန္ဒရှိခဲ့ကြတဲ့ ဟီရိုနာနဲ့ ဘာစီလိုနာအတွက် ကျွန်တော်တို့ ဂုဏ်ယူပါတယ်။ ကျွန်တော်တို့က ဘယ်အသင်းကိုမှ အမိန့်ပေးတာမျိုးမဟုတ်ဘဲ အသင်းတွေက အလိုအလျှောက်ပါဝင်စေချင်တာပါ။ တကယ်လို့ ဘာစီလိုနာအသင်းက ဆန္ဒမရှိဘူးဆိုရင်လည်း မိုင်ယာမီမှာ ကစားမယ့်အစီအစဉ်ကို ကျွန်တော်တို့ အတင်းစီစဉ်မှာ မဟုတ်ပါဘူး။ အမေရိကန်က ပရိသတ်တွေကိုတော့ ကျွန်တော်တို့ တောင်းပန်ပါတယ်။ ဒါပေမဲ့ အမေရိကန်ပရိသတ်တွေကို ကျွန်တော်တို့ ပြောချင်တာက လာလီဂါပွဲစဉ်တွေကို အမေရိကန် ကစားနိုင်ဖို့ ကျွန်တော် စီစဉ်နေတယ်ဆိုတာပါပဲ"ဟု ပါရှိသည်။

ထို့ပြင် ယင်းထုတ်ပြန်ချက်၌ LFP အနေဖြင့် လာလီဂါပွဲစဉ်အား အမေရိကန်နိုင်ငံတွင် ကစားမည့်အစီအစဉ်ကို ကန့်ကွက်ခဲ့သည့် ဘောလုံးလောကမှ အာဏာပိုင်များကို တရားရင်ဆိုင်သွားမည်ဟုလည်း ပါရှိကြောင်း စပိန်အားကစားသတင်းစာ Marca က ဖော်ပြခဲ့သည်။

Most Read

Most Recent