ကမ္ဘာ့ဒေါ်လာဈေး ကျသော်လည်း ပြည်တွင်းဈေးကွက်တွင် တစ်ဒေါ်လာ ၁၅၇၇ ကျပ်အထိ စံချိန်တင်ဆက်လက် မြင့်တက်

ကမ္ဘာ့ဒေါ်လာဈေး ကျသော်လည်း ပြည်တွင်းဈေးကွက်တွင် တစ်ဒေါ်လာ ၁၅၇၇ ကျပ်အထိ စံချိန်တင်ဆက်လက် မြင့်တက်
Published 18 September 2018

စက်တင်ဘာ ၁၈ ရက်တွင် ကမ္ဘာ့ဒေါ်လာဈေးအညွှန်းကိန်း ၉၄ ပွိုင့်အောက် ကျဆင်းခဲ့သော်လည်း ပြည်တွင်းဈေးကွက်တွင် နိုင်ငံခြားငွေလဲနှုန်း တစ်ဒေါ်လာ ၁၅၇၇ ကျပ် အထိစံချိန်တင် ဆက်လက်မြင့်တက်ခဲ့ကြောင်း နိုင်ငံခြားငွေကြေးရောင်းဝယ်သူများထံမှ သိရသည်။

မြန်မာကျပ်ငွေတန်ဖိုးသည်  ဒေါ်လာဈေး မြင့်တက်မှုနှင့်အတူ ထိုင်းဘတ်၊ တရုတ်ယွမ်နှင့် စင်ကာပူဒေါ်လာ စသည့်ငွေကြေးများနှင့် နှိုင်းယှဉ်ပါက ဆက်လက်အားပျော့နေဆဲ ဖြစ်သည်။

ပြီးခဲ့သည့် ငါးလအတွင်း အမြင့်ဆုံး ဖြစ်ပေါ်ခဲ့သော ကမ္ဘာ့ဒေါ်လာဈေးအညွှန်းကိန်းများမှာ မတ်တွင် ၉၀ ဒသမ ၃၇ ပွိုင့်၊ ဧပြီတွင်  ၉၁ ဒသမ ၇၁ ပွိုင့်၊ မေတွင် ၉၄ ဒသ မ ၈၃ ပွိုင့်၊ ဇွန်တွင် ၉၅ ဒသမ ၂၁ ပွိုင့်ဖြစ်ပြီး ဇူလိုင်တွင် ၉၅ ဒသမ ၃၉ ပွိုင့်၊ သြဂုတ်တွင် ၉၆ ဒသမ ၈၅ ပွိုင့်ဝန်းကျင် ဖြစ်ပေါ်ခဲ့ကာ စက်တင်ဘာ ၁၇ ရက်တွင် ၉၅ အောက်၊ စက်တင်ဘာ ၁၈ ရက်တွင် ၉၄ ပွိုင့်အောက် ကျဆင်းခဲ့သည်။

ပြည်တွင်းဈေးကွက်တွင် နိုင်ငံခြားငွေလဲနှုန်း ဇွန်လမှစတင်ကာ သိသိသာသာမြင့်တက်ခဲ့ရာ၂၀၁၆ ခုနှစ် ဒီဇင်ဘာ ၁၆ ရက်တွင် ဖြစ်ပေါ်ခဲ့သည့် တစ်ဒေါ်လာ ၁၄၃၈ ကျပ်စံ ချိန်ကို ဇူလိုင် ၃၀ ရက်တွင် ကျပ် ၁၄၄၀ ဖြင့် ချိုးခဲ့ပြီး သြဂုတ် ၁၆ ရက်တွင် ကျပ် ၁၅၇၀  ဖြင့် စံချိန်တင်ထားကာ စက်တင်ဘာ ၁၈ ရက်တွင် ၁၅၇၇ ဖြင့် အမြင့်ဆုံး စံချိန်ထပ်တင်ခဲ့သည်။ ဒေါ်လာဈေးသည် သြဂုတ် ၂၀ ရက်တွင် ကျပ် ၁၄၈၀ အထိကျဆင်းခဲ့သော်လည်း သြဂုတ် ၂၈ ရက် တွင် ကျပ် ၁၅၆၀ အထိ ပြန်တက်ခဲ့ကာ စက်တင်ဘာ ၁၂ ရက်တွင် ကျပ် ၁၅၇၀၊ စက်တင်ဘာ ၁၈ ရက်တွင် ၁၅၇၇ ကျပ်အထိ ပြန်လည်မြင့်တက်ခဲ့ခြင်း ဖြစ်သည်။ ၂၀၁၈ ခုနှစ် ဇွန် ၁၁ ရက်တွင် ဖြစ်ပေါ်သော တစ်ဒေါ် လာ ၁၃၄၆ ကျပ်နှင့် စက်တင်ဘာ ၁၈ ရက်တွင်ဖြစ်ပေါ်သော တစ်ဒေါ်လာ ၁၅၇၇ ကျပ်နှင့်နှိုင်းယှဉ်ပါက သုံးလကျော်အတွင်း ၂၃၁ ကျပ်၊ ၁၇ ရာခိုင်နှုန်းကျော်အထိ ကျပ်ငွေတန်ဖိုး ကျဆင်းခဲ့သည်။

၂၀၁၈ ခုနှစ် မေလမှစတင်ကာ ကမ္ဘာ့ ဒေါ်လာဈေးအညွှန်းကိန်း သိသိသာသာ ပြန်လည်မြင့်တက်ခဲ့ခြင်းဖြစ်ပြီး  ပြည်တွင်းဈေးကွက်၌ ငါးလအတွင်း လအလိုက်ဖြစ်ပေါ်သော နိုင်ငံခြားငွေလဲနှုန်းအနိမ့်ဆုံးနှင့် အမြင့်ဆုံးနှုန်းများမှာ ဧပြီတွင် ၁၃၂၄-၁၃၃၂ ကျပ်၊ မေတွင် ၁၃၃၂-၁၃၅၁ ကျပ်၊ ဇွန်တွင် ၁၃၄၅-၁၄၀၇၊ ဇူလိုင်တွင် ၁၃၈၄-၁၄၄၃၊ သြဂုတ်တွင် ၁၄၄၂-၁၅၇၀ တို့ဖြစ်ပြီး သြဂုတ်လတွင် ကွာဟချက်အများဆုံး ဖြစ်ခဲ့သည်။ စက်တင်ဘာ ၁၈ ရက်တွင် ဗဟိုဘဏ်ရည်ညွှန်း ငွေလဲနှုန်းမှာ တစ်ဒေါ်လာ ကျပ် ၁၅၅၀ ဖြစ်ပြီး စက်တင်ဘာ ၁၇ ရက်ဈေးနှုန်းထက် ကျပ် ၁၀ မြှင့်တင်ခဲ့သည်။

ပြည်တွင်းဈေးကွက်အတွင်း စက်တင်ဘာ ၁၈ ရက်တွင်ဖြစ်ပေါ်သော အခြားနိုင်ငံခြားငွေကြေးများ၏ လဲလှယ်မှုနှုန်းထားများမှာ ယူရို ၁၈၂၀ ကျပ်၊ စင်ကာပူဒေါ်လာ ၁၁၃၇ ကျပ်၊ မလေးရှားရင်းဂစ် ၃၇၅ ကျပ်၊ ထိုင်းဘတ် ၄၈ ဒသမ ၃၀ ကျပ်၊ တရုတ်ယွမ် ၂၂၈ ကျပ်၊ ဂျပန်ယန်း ၁၃ ဒသမ ၉၀ ကျပ်၊ တောင်ကိုရီးယား ဝမ် ၁ ဒသမ ၄၈ ကျပ် ဖြစ်သည်။

Most Read

Most Recent