သံလွင်မြစ်ရေသည် စိုးရိမ်ရေမှတ်အထက် ဆက်လက်တည်ရှိနေပြီး ရေဘေးကယ်ဆယ်ရေးစခန်း ၁၀ ခုဖွင့်လှစ်ကာ ရေဘေးရှောင်ပြည်သူ ၅၂၀၀ ကျော် ခိုလှုံနေရ

သံလွင်မြစ်ရေသည် စိုးရိမ်ရေမှတ်အထက် ဆက်လက်တည်ရှိနေပြီး ရေဘေးကယ်ဆယ်ရေးစခန်း ၁၀ ခုဖွင့်လှစ်ကာ ရေဘေးရှောင်ပြည်သူ ၅၂၀၀ ကျော် ခိုလှုံနေရ
Published 25 July 2018

ဘားအံမြို့ ပြည်နယ်မိုးလုံလေလုံ အားကစားရုံတွင် ရေဘေးကယ်ဆယ်ရေးစခန်း ဖွင့်လှစ်ထားသည်ကို ဇူလိုင်၂၄ ရက်က တွေ့ရစဉ်

သံလွင်မြစ်ရေသည် ဇူလိုင်၂၄ ရက် နံနက် ၈ နာရီ တိုင်းထွာချက်အရ ၎င်း၏ စိုးရိမ်ရေအမှတ် ၇၅၀ စင်တီမီတာကို ကျော်လွန်ပြီး ၈၃၅ စင်တီမီတာတွင် တည်ရှိကာ ရေးဘေးကယ်ဆယ်ရေးစခန်း ၁၀ ခု ဖွင့်လှစ်ပြီး ရေဘေးရှောင်ပြည်သူ ၅၂၃၄ ဦး ခိုလှုံနေရကြောင်း သိရသည်။

သံလွင်မြစ်ရေသည် ဇူလိုင် ၂၂ ရက် မှစတင်၍ ၎င်း၏ စိုးရိမ်ရေအမှတ် ၇၅၀ စင်တီမီတာကို ကျော်လွန်ပြီးနောက် ဘားအံမြို့ မြေနိမ့်ရပ်ကွက်များဖြစ်သည့် အမှတ် ၁၊ ၂၊ ၃၊ ၅ ရပ်ကွက်များသို့ မြစ်ရေလွှမ်းမိုးမှု ရှိလာပြီး ရေကြီးရေလွှမ်းမိုးမှု ဖြစ်ပေါ်လာကြောင်း သိရသည်။

“မိုးကသည်းသည်းမဲမဲရွာတော့ မြစ်ရေလျှံတက်ပြီး ရေကြီးရေလွှမ်းမိုးမှု ဖြစ်လာရတာပါ။ဇူလိုင် ၂၂ ရက်ညပိုင်းမှာ အိမ်ခေါင်မိုးမြုပ်လုအထိ မြစ်ရေတက်လာတာကြောင့် အသင့်ဖွင့်ထားတဲ့ ကယ်ဆယ်ရေး စခန်းတွေကို ညတွင်းချင်း ပြောင်းရွှေ့ခဲ့ပါတယ်။ ကယ်ဆယ်ရေးအဖွဲ့၊ လူမှုရေးအဖွဲ့၊ တပ်မတော်နှင့် ပြည်သူ့ရဲတပ်ဖွဲ့ဝင်တွေ အားလုံးဆင်းချလာပြီး ကူညီကယ်ဆယ် ခဲ့ပါတယ်” ဟု အမှတ် (၁) ရပ်ကွက် အုတ်ဖိုလမ်းတွင် နေထိုင်သူ အသက် ၆၅ နှစ်ရှိ ဒေသခံ အမျိုးသားတစ်ဦးက ပြောကြားသည်။

သံလွင်မြစ်ရေ မြင့်တက်လွှမ်းမိုးမှုကြောင့် ရေဘေးကယ်ဆယ်ရေး စခန်း ၁၀ ခု၌ အိမ်ထောင်စု ၉၀၁ စု လူဦးရေ ၅၂၃၄ ဦး ခိုလှုံလျက်ရှိပြီး လိုအပ်သော ထောက်ပံ့ကူညီမှုကို ကရင်ပြည်နယ် အစိုးရအဖွဲ့၊ လှုမှုကယ်ဆယ်ရေးအဖွဲ့၊ မြို့မိမြို့ဖတို့က ထောက်ပံ့ကူညီမှု ပြုထားကြောင်း သိရသည်။

ဘားအံမြို့ ရေဘေးရှောင် ကယ်ဆယ်ရေး စခန်းများကို ပြည်နယ်မိုးလုံလေလုံ အားကစားရုံ၊ ရွှေယဉ်မျှော် ပြည်တော်စေတီ၊ အစ္စလမ်သာသနာပြုကျောင်း၊ အ-ထ-က ၃၊ အ-ထ-က (ခွဲ) ၃၊ အ-လ-က ၆၊ အ-လ-က ၁၊ ဆိုင်ကလုံးစင်တာ၊ အ-မ-က၅၊ သံလွင်အနောက်ခြမ်း လှာကာတို့တွင် ဖွင့်လှစ်ထားကြောင်း သိရသည်။

 

Most Read

Most Recent