၂၀၀၆ ခုနှစ်တွင် ဒေါ်နယ်ထရန့်နှင့် ဆက်ဆံရေး ရှိခဲ့သည်ဟုဆိုသော အပြာရုပ်ရှင်သရုပ်ဆောင် စတော်မီဒင်နီယယ်က အသရေဖျက်မှုဖြင့် အမေရိကန်သမ္မတကို ဧပြီ ၃၀ ရက်တွင် တရားစွဲဆိုခဲ့သည်။ အမည်ရင်း စတက်ဖနီကလစ်ဖို့ဒ်ဟုဆိုသူ ဒင်နီယယ်သည် နယူးယောက်တောင်ပိုင်းခရိုင်ရုံးတွင် ထရန့်ကို တရားစွဲခဲ့ခြင်း ဖြစ်သည်။ ထရန့်က ဧပြီ ၁၈ ရက်တွင် ရေးသားထားသော Twitter ကြေညာချက်သည် မှားယွင်းနေပြီး အသရေဖျက်ရာရောက်ကြောင်း ကလစ်ဖို့ဒ်က တရားစွဲဆိုချက်တွင် ပြောကြားခဲ့သည်။
ကလစ်ဖို့ဒ်သည် အမျိုးသားတစ်ဦး၏ ပုံကြမ်းကို ထုတ်ပြန်ခဲ့ပြီး (ယင်းအမျိုးသားက ၂၀၁၁ ခုနှစ်တွင် “ထရန့်ကို သူ့ဘာသာသူနေပါစေ” ဟု ပြောခဲ့ကြောင်း) သူကဆိုသည်။ နောက်တစ်ရက်အကြာတွင် ထရန့်က “တကယ်မရှိခဲ့တဲ့ အမျိုးသားတစ်ယောက်အကြောင်း နှစ်များစွာအကြာတွင် ထုတ်ပြန်ခဲ့သည့် ပုံကြမ်း၊ အရူးအနှမ်းများအတွက် သတင်းအတုမီဒီယာကို ကစားခြင်း (ဒါပေမဲ့ သူတို့ သိကြပါတယ်)” ဟု ထရန့်က Twitter တွင် ရေးသားခဲ့သည်။
ထရန့်နှင့် ဆက်ဆံရေးရှိခဲ့ကြောင်း ပြောကြားခဲ့မှုအတွက် In Touch မဂ္ဂဇင်းနှင့် အင်တာဗျူးရန် သဘောတူခဲ့ပြီးနောက် လတ်ဗီးဂတ်ရှိ ကားရပ်နားရန် နေရာတစ်ခုတွင် သူသည် ခြိမ်းခြောက်ခံခဲ့ရကြောင်း ကလစ်ဖို့ဒ်က ပြောကြားခဲ့သည်။ ၂၀၁၁ ခုနှစ်တွင် ဖြစ်ပွားခဲ့သော ဖြစ်ရပ်အတွက် ကလစ်ဖို့ဒ်၏ ပြောကြားချက်ကို ထရန့်၏ ကြေညာချက်က မှားယွင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း တရားစွဲဆိုမှုတွင် ဖော်ပြခဲ့သည်။
ကလစ်ဖို့ဒ်ကို တိုက်ခိုက်ရန်နှင့် သိက္ခာချရန် အချက်အလက် မှားယွင်းသည့် ကြေညာချက်အား ထုတ်ပြန်ရန်အတွက် ထရန့်သည် သူ၏ သန်းနှင့်ချီသော ပရိသတ်များကို အသုံးပြုခဲ့ကြောင်း တရားစွဲဆိုချက်က ဆိုသည်။ ထရန့်၏ ကြေညာချက်ထွက်ပေါ် ခဲ့ပြီးနောက်ပိုင်းတွင် ကလစ်ဖို့ဒ်သည် ခြိမ်းခြောက်မှုများ ခံခဲ့ရပြီး ကိုယ်ရံတော်များ ငှားရမ်းခဲ့ရကြောင်း တိုင်ကြားချက်တွင် ဖော်ပြခဲ့သည်။
Ref; AFP