စစ်ကိုင်းတိုင်းဒေသကြီး ကလေးခရိုင် ကလေးမြို့နယ်ရှိ မဏိပူရ် ရေအားလျှပ်စစ်စီမံကိန်းအား နယ်မြေအေးချမ်းတည်ငြိမ်သည့်အချိန်တွင် JV/ BOT စနစ်ဖြင့် ပူးပေါင်းဆောင်ရွက်လိုသော ကုမ္ပဏီများရှိပါက ဆက်လက်အကောင်အထည်ဖော်ရန် အစီအစဉ်ရှိကြောင်း လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအေးကျော်က ပြောကြားသည်။
ဇူလိုင် ၁၆ ရက်က ကျင်းပသည့် အမျိုးသားလွှတ်တော်အစည်းအဝေးတွင် စစ်ကိုင်းတိုင်းဒေသကြီး အမျိုးသားလွှတ်တော်ကိုယ်စားလှယ်အမှတ် (၇) ဦးသိန်းလှိုင်က စစ်ကိုင်းတိုင်းဒေသကြီး ကလေးခရိုင် ကလေးမြို့နယ်ရှိ မဏိပူရ် ရေအားလျှပ်စစ်စီမံကိန်းကို ဆက်လက်အကောင်အထည်ဖော်ဆောင်ရွက်ပေးရန် အစီအစဉ် ရှိ၊ မရှိနှင့် အစီအစဉ်ရှိပါက မည်သည့်ကာလတွင် အကောင်အထည်ဖော်ဆောင်ရွက်ပေးမည်ကို သိရှိလိုခြင်း မေးခွန်းနှင့်စပ်လျဉ်း၍ ပြန်လည်ဖြေကြားရာတွင် လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအေးကျော်က ထိုသို့ ထည့်သွင်းပြောကြားခြင်းဖြစ်သည်။
လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအေးကျော်က မဏိပူရ် ရေအားလျှပ်စစ်စီမံကိန်းကို ပုဂ္ဂလိကရင်းနှီးမြှုပ်နှံမှုစနစ်ဖြင့် ဆောင်ရွက်မည်ဆိုပါက နိုင်ငံခြားငွေ အပါအဝင် ပြည်ထောင်စုဘဏ္ဍာရန်ပုံငွေများကို နိုင်ငံတော်၏ အခြားလိုအပ်သည့်နေရာတွင် ပိုမိုသုံးစွဲနိုင်မည်ဖြစ်ကြောင်း၊ ပုဂ္ဂလိကရင်းနှီးမြှုပ်နှံမှုစနစ်ဖြင့် ဆောင်ရွက်မည့်သူမရှိပါက ပြည်ထောင်စုဘဏ္ဍာရန်ပုံငွေဖြင့် ဆက်လက်ဆောင်ရွက်သွားနိုင်ရေး ဌာနအနေဖြင့် နိုင်ငံတော်ထံ မူဝါဒတောင်းခံ၍ ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြောကြားသည်။
နည်းပညာဆိုင်ရာများအနေဖြင့် စီမံကိန်းတည်ရှိရာနေရာတွင် ပြတ်ရွေ့ကြောတည်ရှိမှု၊ ငလျင်လှုပ်ခတ်မှုရာဇဝင်နှင့် မြေမျက်နှာသွင်ပြင်အနေအထားဆိုင်ရာ စိန်ခေါ်မှုအချို့ ရှိနေကြောင်း၊ စီမံကိန်းနေရာသည် ငလျင်အားပြင်းဇုန်အတွင်းကျရောက်နေကြောင်း၊ ထို့ကြောင့် တမံနှင့် ဆက်နွှယ်ရေအားအဆောက်အအုံများကို မြေငလျင်ဒဏ်ခံနိုင်ရန် ဒီဇိုင်းပုံစံအသစ် ပြန်လည်ပြင်ဆင်တွက်ချက်ရေးဆွဲရန် လိုအပ်မည်ဖြစ်ကြောင်း လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအေးကျော်က ပြောကြားသည်။
မဏိပူရ်ရေအားလျှပ်စစ်စီမံကိန်းသည် လျှပ်စစ်ဓာတ်အားထုတ်လုပ်ရန်နှင့် စိုက်ပျိုမြေများကို ဆည်ရေပေးဝေရန်တို့အတွက် ဆက်လက်ဆောင်ရွက်သင့်သည့် ဘက်စုံစီမံကိန်းတစ်ခုဖြစ်ကြောင်း၊ မဏိပူရ် ရေအားလျှပ်စစ်စီမံကိန်းဆောင်ရွက်ခြင်းကြောင့် မြစ်သာမြစ်ဝှမ်းနှင့် ချင်းတွင်းမြစ်ကြောင်းတစ်လျှောက် နှစ်စဉ်ရေလွှမ်းမိုးမှုမှ ကာကွယ်တားဆီးနိုင်ရန်အတွက်လည်း အထောက်အကူပြုမည်ဖြစ်ကြောင်း၊ မဏိပူရ် ရေအားလျှပ်စစ်စီမံကိန်းဧရိယာတစ်ခုလုံး နယ်မြေအခြေအနေ အေးချမ်းတည်ငြိမ်သည့်အချိန်တွင် JV/ BOT စနစ်ဖြင့် ပူးပေါင်းဆောင်ရွက်လိုသော ကုမ္ပဏီများရှိပါက ဆက်လက်အကောင်အထည်ဖော်ရန် အစီအစဉ်ရှိကြောင်း လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအေးကျော်က ပြောကြားသည်။















