တိုးရစ်အများအပြား သေဆုံးခဲ့သည့် စပိဘုတ်မှောက်မှုအတွက် ကပ္ပတိန်ကို ဗီယက်နမ်ရဲတပ်ဖွဲ့က ဖမ်းဆီး

တိုးရစ်အများအပြား သေဆုံးခဲ့သည့် စပိဘုတ်မှောက်မှုအတွက် ကပ္ပတိန်ကို ဗီယက်နမ်ရဲတပ်ဖွဲ့က ဖမ်းဆီး
Published 13 July 2026

ဗီယက်နမ်နိုင်ငံတောင်ပိုင်းတွင် တိုးရစ်ဧည့်သည်များ တင်ဆောင်လာသည့် စပိဘုတ်တစ်စင်း တိမ်းမှောက်ခဲ့မှုကြောင့် အိန္ဒိယနိုင်ငံသား ၁၅ ဦး သေဆုံးခဲ့သည့် ဖြစ်စဉ်အတွက် ကပ္ပတိန်ဖြစ်သူကို ဗီယက်နမ်ရဲတပ်ဖွဲ့က ဖမ်းဆီးစစ်ဆေးနေကြောင်း သိရသည်။

အဆိုပါ စပိဘုတ်သည် ဇူလိုင် ၁၁ ရက်မွန်းလွဲပိုင်းက Hon May Rut Ngoai ကျွန်းမှ ထွက်ခွာလာပြီးနောက် ဗီယက်နမ်နိုင်ငံ၏ အကြီးဆုံးကျွန်းဖြစ်သည့် Phu Quoc ကျွန်းအနီး တိမ်းမှောက်ခဲ့ခြင်းဖြစ်သည်။ စပိဘုတ်ပေါ်တွင် အိန္ဒိယနိုင်ငံသား ၃၂ ဦးနှင့် ဗီယက်နမ်နိုင်ငံသားလေးဦး လိုက်ပါလာခဲ့သည်။

အသက် ၅၇ နှစ်အရွယ် ကပ္ပတိန် Nguyen Hong Hai ကို ရေကြောင်းပို့ဆောင်ရေး ဘေးကင်းလုံခြုံမှုဆိုင်ရာ စည်းမျဉ်းများကို ချိုးဖောက်မှုဖြင့် စုံစမ်းစစ်ဆေးလျက်ရှိကြောင်း နိုင်ငံပိုင်သတင်းဌာနများက ဖော်ပြသည်။

အသက်ရှင်ကျန်ရစ်သူ ၁၆ ဦးကို ဆေးရုံမှ ဆင်းခွင့်ပေးလိုက်ပြီဖြစ်ပြီး အိန္ဒိယသို့ ပြန်ပို့လိုက်ပြီဖြစ်ကြောင်း ဟနွိုင်းမြို့ရှိ အိန္ဒိယသံရုံးက လူမှုကွန်ရက်တွင် ထုတ်ပြန်ထားသည်။ ကျန်တစ်ဦးက အခြေအနေစိုးရိမ်ရသဖြင့် ဗီယက်နမ်ဆေးရုံတွင် ဆက်လက်ကုသနေသည်။သေဆုံးသူများ၏ ရုပ်အလောင်းများကိုလည်း ဟိုချီမင်းမှတစ်ဆင့် အိန္ဒိယနိုင်ငံသို့ ပြန်သယ်လာပြီဖြစ်ကြောင်း အိန္ဒိယသံရုံးက ဖော်ပြခဲ့သည်။

Ref: AP

Most Read

Most Recent