မြိတ်မြို့ ရှမ်းချောင်းရပ်ကွက်ရှိ ဆီဂိုဒေါင် တစ်လုံးမီးလောင်မှုဖြစ်ပြီး လူနှစ်ဦးသေဆုံးခဲ့ကြောင်း သိရသည်။
တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်မြို့နယ်၊ ကလွင်ကျေးရွာအုပ်စု၊ ရှမ်းချောင်းရပ်ကွက်၌ မေ ၁၇ ရက် နံနက် ၈ နာရီခန့်က ဆီဂိုဒေါင်တစ်လုံးမီးလောင်မှုဖြစ်ပွားရာ လူနှစ်ဦး သေဆုံးခဲ့ကြောင်း သိရသည်။
မီးလောင်မှုဖြစ်ပွားရာနေသို့ မြိတ်ခရိုင်မီးသတ်ဦးစီးဌာနမှ ခရိုင်မီးသတ်ဦးစီးမှူး ဦးဇော်ဝင်း ဦးဆောင်၍ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များက မီးငြှိမ်းသတ်ယာဉ် (၃) စီး၊ မီးသတ်ရေသယ်ယာဉ်(၃) စီး၊ ပရဟိတအသင်းများ၊ ဒေသခံများပူးပေါင်းပြီး အချိန်မီငြှိမ်းသတ်ခဲ့ရာ နံနက် ၈ နာရီ ၃၅ မိနစ်တွင် မီးထိန်းနိုင်ခဲ့ပြီး၊ မီးလောင်မှု ထပ်မံပျံ့နှံ့မှုမရှိစေရေး ဆက်လက်ရှင်းလင်းဆောင်ရွက်လျက်ရှိကြောင်း မီးသတ်ဦးစီးဌာနမှသိရှိရသည်။
" ပေါက်ကွဲသံကြားပြီး အနီးနားက အိမ်တွေတုန်သွားတာ ဦးဟုန်နုဆီဆိုင်က ဖြစ်တာ။ မီးခိုးလုံးတွေ တက်လာတာတွေ့ရတယ်။ မီးလောင်မှုဖြစ်တဲ့အချိန်မှာ မိုးရွာနေလို့ တော်သေးတာလို့" ဒေသခံတစ်ဦးက ဆိုသည်။
မီးလောင်မှုဖြစ်စဉ်ကြောင့် အမျိုးသားနှစ်ဦး သေဆုံးခဲ့ရပြီး တာဝန်ရှိသူများက မီးလောင်မှုဖြစ်ရသည့် အကြောင်းအရင်းနှင့် ထိခိုက်ဆုံးရှုံးမှုများကို စစ်ဆေးဆောင်ရွက်နေကြောင်း သိရသည်။















