နည်းပြ ဒေးရွှမ့် ရွေးချယ်လိုက်တဲ့ ပြင်သစ်လက်ရွေးစင်အသင်းရဲ့ ကမ္ဘာ့ဖလားလူစာရင်းမှာ ရီးယဲလ်ကွင်းလယ်ကစားသမား ကာမာဗင်ဂါ ပါဝင်ခဲ့ခြင်းမရှိကြောင်း သိရပါတယ်။
ဒေးရွှမ့်က ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲအတွက် ကစားသမား(၂၆)ဦးစာရင်းကို ကြာသပတေးနေ့က ထုတ်ပြန်ကြေညာလိုက်တာဖြစ်ပြီး (၂၆)ဦးစလုံး အကောင်းဆုံးကစားသမားတွေ ဖြစ်နေဖို့မလိုအပ်ဘဲ ဟန်ချက်ညီတဲ့အသင်းဖြစ်ဖို့ ပိုအရေးကြီးတယ်လို့လည်း ပြောကြားခဲ့ပါတယ်။
ပြင်သစ်က ထိပ်တန်းကစားသမားများစွာ ပိုင်ဆိုင်ထားတဲ့နိုင်ငံဖြစ်တာကြောင့် ၂၀၂၆ ကမ္ဘာ့ဖလားနဲ့ လွဲချော်ရမယ့် နာမည်ကျော်ကစားသမားများစွာ ရှိနေပေမဲ့ လက်ရှိအချိန်မှာ လူပြောအများဆုံးကတော့ ကာမာဗင်ဂါရဲ့ လွဲချော်မှုဖြစ်ပါတယ်။
ဒီအတွက် ဒေးရွှမ့်က ''သူက ခက်ခဲတဲ့ရာသီကို ဖြတ်သန်းခဲ့ရပြီး ပွဲကစားရချိန်လည်း နည်းပါးခဲ့ပါတယ်။ သူက ဒဏ်ရာပြဿနာလည်း ရှိခဲ့ပါတယ်။ သူက စောစောစီးစီး လက်ရွေးစင်ဖြစ်လာတဲ့ ကစားသမားတစ်ယောက်ဖြစ်ပြီး သူက ငယ်ရွယ်ပါသေးတယ်'' လို့ ပြောကြားခဲ့ပါတယ်။
ပြင်သစ်အသင်းရဲ့ လူစာရင်းမှာ လက်ရွေးစင်မဖြစ်ဖူးသေးတဲ့ ကစားသမား တစ်ဦးသာပါဝင်ခဲ့ပြီး လန်းစ်ဂိုးသမား ရော်ဘင်ရစ်ဆာ ပထမဆုံးအကြိမ် ရွေးချယ်ခံခဲ့ရတာပါ။
ပြင်သစ်အသင်းဟာ ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲမတိုင်ခင် ဇွန်(၄)ရက်နဲ့ (၈)ရက်နေ့တွေမှာ အိုင်ဗရီကို့စ်၊ မြောက်အိုင်ယာလန်တို့နဲ့ ခြေစမ်းကစားဖို့ စီစဉ်ထားကြောင်းလည်း သိရပါတယ်။
ပြင်သစ်လက်ရွေးစင်အသင်းရဲ့ ကမ္ဘာ့ဖလားလူစာရင်းမှာ ကာမာဗင်ဂါ မပါဝင်
Most Read
Most Recent
9 hours ago














