အဲဗာတန်အသင်းဟာ ရာသီကုန်မှာ လမ်းခွဲတော့မယ့် ၀ါရင့်နောက်ခံလူ ဆီးမက်စ်ကိုးလ်မန်းကို နည်းပြအဖွဲ့ဝင်အဖြစ် ဆောင်ရွက်ဖို့ ကမ်းလှမ်းထားကြောင်း သိရပါတယ်။
အသက် ၃၇ နှစ်ရှိပြီဖြစ်တဲ့ ညာနောက်ခံလူ ကိုးလ်မန်းဟာ ၂၀၀၉ ခုနှစ်ကတည်းက အဲဗာတန်အသင်းကို ရောက်ရှိခဲ့သူဖြစ်ပြီး ၁၇ နှစ်တာကာလအတွင်း ပြိုင်ပွဲစုံ ပွဲပေါင်း ၄၃၃ ပွဲကစားကာ ၂၂ ဂိုး သွင်းယူပေးထားပါတယ်။
အိုင်ယာလန်လက်ရွေးစင်ကစားသမား ကိုးလ်မန်းဟာ ၂၀၁၉ ခုနှစ်ကစပြီး အဲဗာတန်အသင်းရဲ့ အသင်းခေါင်းဆောင်အဖြစ် ခန့်အပ်ခံခဲ့ရပြီး အသင်းရဲ့ ပွဲအများဆုံးကစားသမား ၁၀ ဦးစာရင်းမှာလည်း ပါဝင်နေပါတယ်။
ကိုးလ်မန်းဟာ အခုနောက်ပိုင်းနှစ်တွေမှာ ဒဏ်ရာပြဿနာတွေနဲ့ ရင်ဆိုင်နေရတာကြောင့် ပွဲကစားနိုင်မှု လျော့ကျလာခဲ့ပြီး လက်ရှိရာသီ ပရီးမီးယားလိဂ်မှာ သုံးပွဲသာ ကစားခဲ့ရပါတယ်။
ကိုးလ်မန်းက ရာသီကုန်မှာ အဲဗာတန်အသင်းနဲ့ လမ်းခွဲတော့မှာဖြစ်ကြောင်း ဒီနေ့ အတည်ပြုကြေညာခဲ့ခြင်းဖြစ်ပြီး အဲဗာတန်အသင်းက ၎င်းကို နည်းပြအဖွဲ့ဝင်အဖြစ် ဆောင်ရွက်ဖို့ ကမ်းလှမ်းထားကြောင်း ဗြိတိန်မီဒီယာတွေက ဖော်ပြခဲ့ခြင်းဖြစ်ပါတယ်။
ကိုးလ်မန်းဟာ UEFA B လိုင်စင်နည်းပြလက်မှတ် ရရှိထားသူဖြစ်ပြီး ၂၀၂၅ ခုနှစ်အစောပိုင်းက နည်းပြ ရှောင်ဒိုက် ရာထူးက ထုတ်ပယ်ခံရချိန်မှာ အသင်းဖော် လေတန်ဘိန်းစ်နဲ့အတူ ယာယီနည်းပြအဖြစ် ဆောင်ရွက်ခဲ့ဖူးပါတယ်။
ဒါပေမဲ့ ကိုးလ်မန်းက အနာဂတ်အတွက် နွေရာသီရောက်မှ ဆုံးဖြတ်မယ်လို့ ဆိုခဲ့ပါတယ်။














