ရန်ကုန်တိုင်းအတွင်း အစိုးရအဖွဲ့က ပြင်ဆင်ဆောင်ရွက်နေသည့် ရင်းနှီးမြှုပ်နှံနိုင်မည့်နေရာများ အသိပေးမည်ဖြစ်ပြီး သုံးနှစ်ကာလအတွင်း ရင်းနှီးမြှုပ်နှံမှုများ ပိုမိုဝင်ရောက်ရေး ဆောင်ရွက်မည်ဟုဆို

ရန်ကုန်တိုင်းအတွင်း အစိုးရအဖွဲ့က ပြင်ဆင်ဆောင်ရွက်နေသည့် ရင်းနှီးမြှုပ်နှံနိုင်မည့်နေရာများ အသိပေးမည်ဖြစ်ပြီး သုံးနှစ်ကာလအတွင်း ရင်းနှီးမြှုပ်နှံမှုများ ပိုမိုဝင်ရောက်ရေး ဆောင်ရွက်မည်ဟုဆို
Published 4 April 2018

ရန်ကုန်တိုင်းဒေသကြီးအတွင်း နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုဖြင့် အချိုရည်ထုတ်လုပ်နေသည့် စက်ရုံတစ်ခုကို တွေ့ရစဉ် (ဓာတ်ပုံ-မင်းသီဟဇော်)

ရန်ကုန်တိုင်းဒေသကြီးအတွင်း အစိုးရအဖွဲ့က ပြင်ဆင်ဆောင်ရွက်နေသည့် ရင်းနှီးမြှုပ်နှံနိုင်မည့်နေရာများကို အသိပေးမည်ဖြစ်ပြီး ရင်းနှီးမြှုပ်နှံမှုများ ပိုမိုဝင်ရောက်လာစေရေးအတွက် ကျန်ရှိနေသည့် အစိုးရသက်တမ်း သုံးနှစ်ကာလအတွင်း အမြန်ဆုံးဆောင်ရွက်သွားမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ပြောကြားသည်။

ထို့ပြင် ရန်ကုန်မြို့တွင် ဆိပ်ကမ်းသစ်များ တည်ဆောက်နိုင်ရန်အတွက်လည်း ကျွမ်းကျင်သည့် နိုင်ငံတကာပညာရှင်များနှင့် လေ့လာပြီး ဆောင်ရွက်သွားမည်ဖြစ်ပြီး မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံလိုပါက မည်သည့်လုပ်ငန်းများတွင် တာဝန်ရှိသူများက ရင်းနှီးမြှုပ်နှံရန် အဆင်သင့်ဖြစ်နေကြောင်းကို အသိပေးရန်ဖြစ်ပြီး ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့က ပြင်ဆင်ဆောင်ရွက်နေသည့် ရင်းနှီးမြှုပ်နှံနိုင်သည့်နေရာများကို အသိပေးရန်ဖြစ်ကြောင်း၊ စက်မှု၊ လက်မှုလုပ်ငန်းများလုပ်မည်ဆိုလျှင် စက်မှုဇုန်အသစ်များ မည်သည့်နေရာများတွင် ရှိနိုင်မည်၊ ယင်းနေရာများ၏ မြေဈေးများသည် မည်သည့်အခြေအနေရှိနိုင်သည်၊ အလုပ်သမားများနှင့်ပတ်သက်သည့် အခြေအနေများသည် မည်သည့်ပုံစံရှိနိုင်သည်ဆိုသည့် သတင်းအချက်အလက်များကို ထည့်သွင်းကာ ရင်းနှီးမြှုပ်နှံမှုများကို မြှင့်တင်နိုင်ရန်ဖြစ်ကြောင်းလည်း ၎င်းက ဆိုသည်။

“ဒါကတော့ တိုင်းဒေသကြီးအစိုးရအဖွဲ့အနေနဲ့ ပထမခြေလှမ်းဖြစ်ပါတယ်။ ဒုတိယခြေလှမ်းက နိုင်ငံတကာအထိထွက်ပြီး လာရောက်ရင်းနှီးမြှုပ်နှံသူတွေကို ခေါ်ယူဖို့ပဲဖြစ်ပါတယ်။ လာရောက်ရင်းနှီးမြှုပ်နှံသူတွေ ကျွန်တော်တို့ဆီ လာဆွေးနွေးတဲ့သူတွေ များစွာရှိပါတယ်။ လာရောက်စုံစမ်းသူတွေရှိသလို လာရောက်ရင်းနှီးမြှုပ်နှံှသူတွေလည်း ရှိပါတယ်။ ဒါပေမဲ့ တကယ့်ကို ရင်းနှီးမြှုပ်နှံသူတွေကို ပိုပြီးထိထိရောက်ရောက် ရင်းနှီးမြှုပ်နှံဖို့အတွက် ကျွန်တော်တို့ အစိုးရသက်တမ်း သုံးနှစ်ကာလ ကျန်ရှိတဲ့သက်တမ်းမှာ အမြန်ဆုံးဆောင်ရွက်သွားဖို့ရှိပါတယ်။ တကယ်လုပ်ငန်းအကြီးကြီးတွေ ရောက်လာမယ်ဆိုရင် သူနဲ့တစ်တွဲတည်းပါလာမယ့် စက်ရုံအဖွဲ့တွေ များစွာရှိပါတယ်။ ဒါကြောင့်ဒီအခြေအနေတွေကို ဆောင်ရွက်ဖို့အတွက် ကျွန်တော်တို့ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွေကို မြှင့်တင်ဆောင်ရွက်သွားဖို့ တိုင်းဒေသကြီးအစိုးရဘက်က ဆောင်ရွက်သွားဖို့ အခြေအနေရှိပါတယ်” ဟု ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ဆိုသည်။

ရန်ကုန်တိုင်းဒေသကြီးအတွင်း ယခုဘဏ္ဍာနှစ် မတ်လလယ်အထိ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုလုပ်ငန်း ၃၈ ခုမှ ဒေါ်လာ ၅၄ သန်းကျော်အထိ ဝင်ရောက်ထားပြီး စက်မှုကဏ္ဍတွင် ဒေါ်လာသန်း ၅၀ ကျော်ဖြင့် အများဆုံးမြှုပ်နှံထားကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာနမှ သိရသည်။

Most Read

Most Recent