■ အမေရိကန်နှင့် အစ္စရေးတို့၏ တိုက်ခိုက်မှုကြောင့် အီရန်အစိုးရ အပြောင်းအလဲဖြစ်လာနိုင်ခြေမရှိဟု ဂျာမနီဝန်ကြီးချုပ် ပြောကြား

■ အမေရိကန်နှင့် အစ္စရေးတို့၏ တိုက်ခိုက်မှုကြောင့် အီရန်အစိုးရ အပြောင်းအလဲဖြစ်လာနိုင်ခြေမရှိဟု ဂျာမနီဝန်ကြီးချုပ် ပြောကြား
Published 28 March 2026

အရှေ့အလယ်ပိုင်းတွင် အမေရိကန်၊ အစ္စရေးနှင့် အီရန်တို့အကြား ဖြစ်ပွားနေသည့်  စစ်ပွဲသည် အီရန်၏ အစိုးရအပြောင်းအလဲကို ဖြစ်ပေါ်စေနိုင်ဖွယ်မရှိကြောင်း ဂျာမနီဝန်ကြီးချုပ် ဖရိုင်းဒရစ် မားဇ်က မတ် ၂၇ ရက်တွင် ပြောကြားခဲ့သည်။

ဖရန့်ဖတ်မြို့၌ FAZ သတင်းစာက ကြီးမှူးကျင်းပသော ဖိုရမ်တစ်ခုတွင် မာ့ဇ်က အီရန်အစိုးအရအပြောင်းအလဲဖြစ်နိုင်ခြေနှင့်ပတ်သက်ပြီး မေးခွန်းထုတ်ခဲ့ကာ လက်ရှိပဋိပက္ခမှာ လျော့ပါးသွားမည့် အရိပ်အယောင် မရှိသေးကြောင်း ထောက်ပြခဲ့သည်။

"တကယ်လို့ အဲဒါ (အီရန်အစိုးရအပြောင်းအလဲ) က ရည်မှန်းချက်ဆိုရင်တော့ ခင်ဗျားတို့ အောင်မြင်မှာမဟုတ်ဘူးလို့ ကျွန်တော်ထင်တယ်။ အရင်က ဖြစ်ပွားခဲ့တဲ့ ပဋိပက္ခတွေမှာလည်း အဲဒီနည်းလမ်းက အမှားအယွင်းတွေနဲ့ပဲ အဆုံးသတ်ခဲ့တာ များပါတယ်" ဟု မားဇ်က ပြောကြားခဲ့ပြီး အာဖဂန်စစ်ပွဲကို သာဓကအဖြစ် ရည်ညွှန်းပြောဆိုခဲ့သည်။

"လက်ရှိမှာ ခိုင်မာတဲ့ မဟာဗျူဟာ ရှိရဲ့လား၊ အဲဒီမဟာဗျူဟာကိုကော အောင်အောင်မြင်မြင် အကောင်အထည်ဖော်နိုင်ရဲ့လားဆိုတာ ကျွန်တော့်မှာ အလွန်ကြီးမားတဲ့ သံသယတွေ ရှိနေပါတယ်။ အဲဒီလို အခြေအနေမျိုးမှာ ဒီစစ်ပွဲဟာ အခုထက်တောင် ပိုပြီး ကြာရှည်သွားနိုင်ပါတယ်" ဟု ၎င်းက သတိပေးခဲ့သည်။

အီရန်နိုင်ငံအပေါ် တိုက်ခိုက်မှုများတွင် ပူးပေါင်းပါဝင်ရန် ပျက်ကွက်ခဲ့သည့် နေတိုးအဖွဲ့ဝင်နိုင်ငံများအပေါ် အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်၏ ဝေဖန်ပြစ်တင်မှုများကို ဂျာမနီအစိုးရက ပြန်လည်တုံ့ပြန်ခဲ့ပြီး အဆိုပါစစ်ပွဲသည် မိမိတို့၏စစ်ပွဲမဟုတ်ကြောင်း အခိုင်အမာ ပြောကြားခဲ့သည်။

သမ္မတထရန့်အနေဖြင့် ဂျာမနီ၏ ရပ်တည်ချက်ကို လက်ခံခဲ့ပြီဟု မိမိယုံကြည်ကြောင်း မားဇ်က ပြောကြားခဲ့သည်။

အကယ်၍ အပစ်အခတ်ရပ်စဲရေး ရရှိခဲ့ပါက လက်ရှိတွင် လုံးဝနီးပါး ပိတ်ဆို့ခံထားရသော ရေနံနှင့် သဘာဝဓာတ်ငွေ့ အဓိကလမ်းကြောင်းဖြစ်သည့် ဟော်မုဇ်ရေလက်ကြား၌ စစ်ရေးအရ ကာကွယ်စောင့်ရှောက်မှုပေးရန် ဂျာမနီအနေဖြင့် ကူညီရန် အသင့်ရှိကြောင်း ၎င်းကဆိုသည်။

"ဒါပေမယ့် အဲဒီလိုလုပ်ဖို့ကလည်း နိုင်ငံတကာရဲ့ လုပ်ပိုင်ခွင့်အာဏာ လိုအပ်သလို၊ ဂျာမနီလွှတ်တော်ရဲ့ အတည်ပြုချက်နဲ့ အစိုးရအဖွဲ့ရဲ့ ဆုံးဖြတ်ချက်တွေလည်း အရင်လိုအပ်ပါတယ်။ အခုလောလောဆယ်မှာတော့ အဲဒီအခြေအနေမျိုး ရောက်ဖို့ အတော်လေး လိုပါသေးတယ်" ဟု မားဇ်က ပြောကြားခဲ့သည်။

Ref: AFP

Most Read

Most Recent