ဖိလစ်ပိုင်နိုင်ငံ မနီလာမြို့တော်၏မြောက်ဘက်ရှိ အိန်ဂျလိစ်မြို့တွင် ဆောက်လုပ်ဆဲ ကိုးထပ်အဆောက်အအုံ တစ်ခု ပြိုကျခဲ့ပြီးနောက် လူ ၃၀ မှ ၄၀ ခန့် ပိတ်မိနေနိုင်ကြောင်း စိုးရိမ်ရသည်ဟု မြို့တော်အရာရှိတစ်ဦးက မေလ ၂၄ ရက်တွင် ပြောကြားခဲ့သည်။
အနီးအနားရှိ လူရှစ်ဦးကို ကယ်တင်နိုင်ခဲ့ပြီး လုပ်ငန်းခွင်ကြီးကြပ်ရေးမှူး အပါအဝင် အခြား ၁၁ ဦးမှာမူ လွတ်မြောက်အောင် ထွက်ပြေးနိုင်ခဲ့ကြောင်း အိန်ဂျလိစ်မြို့ သတင်းပြန်ကြားရေးအရာရှိ ဂျေးပီလာယို ကဆိုသည်။
လုပ်ငန်းခွင် ကြီးကြပ်ရေးမှူးထံမှရရှိသည့် အချက်အလက်များအရ လူ ၃၀ မှ ၄၀ ခန့် ပျောက်ဆုံးနေကြောင်း သိရသည်ဟု ပီလာယိုက ဆိုသည်။
ရှာဖွေကယ်ဆယ်ရေး လုပ်ငန်းများကို ဆက်လက်လုပ်ဆောင်နေကြောင်း ၎င်းက ဆိုသည်။
အဆောက်အအုံ ပြိုကျရသည့် အကြောင်းရင်းကို ချက်ချင်းအတိအကျ မသိရသေးသော်လည်း မြို့ပြအင်ဂျင်နီယာက ဆောက်လုပ်မှု မှတ်တမ်းရာဇဝင်ကို ပြန်လည်သုံးသပ်နေကြောင်း ၎င်းက ပြောသည်။
အဆောက်အအုံဖွဲ့စည်းပုံမှာ ကွန်ကရစ်များဖြင့် ပြုလုပ်ထားခြင်းကြောင့် အပျက်အစီးများကို ဖယ်ရှားရန် ခက်ခဲလှသဖြင့် ကယ်ဆယ်ရေးလုပ်ငန်းများမှာ စိန်ခေါ်မှုရှိနိုင်ကြောင်းလည်း ပီလာယိုက ဆိုသည်။
Ref:Reuters














