ပေါင်မြို့နယ်အတွင်း လယ်ယာလုပ်ငန်းခွင်အတွက် အသုံးပြုရန် စက်သုံးဆီများအား ဝယ်ယူရာတွင် စက်သုံးဆီဆိုင်များက ဈေးတင်ရောင်းချနေသည့်အတွက် ဈေးကြီးပေးကာ ဝယ်ယူနေရကြောင်း ဒေသခံတောင်သူများ၏ ပြောကြားချက်များအရ သိရသည်။
လက်ရှိ ဒီဇယ်ဆီတစ်လီတာလျှင် ၅၁၀၀ ကျပ် သတ်မှတ်ထားသော်လည်း စက်သုံးဆီဖိုး ပေးချေရာတွင် တစ်လီတာလျှင် ၇၅၀၀ ကျပ်နှုန်းဖြင့် ပေးချေရကြောင်း ပေါင်မြို့နယ် သဲကုန်းကျေးရွာနေ တောင်သူတစ်ဦး၏ ပြောကြားချက်များအရ သိရသည်။
၎င်းက ဆက်လက်ပြီး “ကျနော်တို့ပဲမဟုတ်ဘူး. ကော့ကရင်ကျေးရွာဘက်က တောင်သူတွေလည်း သတ်မှတ်ဈေးနှုန်းထက် ဈေးပိုပေးပြီး ဝယ်ယူနေကြရတယ်လို့ သိပါတယ်။ အဲ့ဒီထက်ဆိုးတာက ပေါင်မြို့နယ်အတွင်းက အစွန်အဖျားဒေသတွေ၊ ကျေးရွာတွေမှာဆိုရင် စက်သုံးဆီက ပြတ်လပ်နေတယ်” ဟု ပြောကြားသည်။
လတ်တလော တောင်သူများအနေဖြင့် လယ်ယာသုံးစက်ယန္တရားများအတွက် စက်သုံးဆီများ ဝယ်ယူခွင့်ရရှိရန် သက်ဆိုင်ရာမြို့နယ် ရေနံချက်ပစ္စည်း ကြီးကြပ်စစ်ဆေးရေးကော်မတီထံ လျှောက်လွှာတစ်စောင်လျှင် ကျပ်တစ်သောင်းပေးရကာ လျှောက်ထားဝယ်ယူနေကြရကြောင်းလည်း ၎င်းတောင်သူက ဆိုသည်။
ထို့အတူ ဒီဇယ်ဆီ တစ်ပေပါလျှင် သတ်မှတ်ဈေးနှုန်းအရ ကျပ် ၁၀ သိန်း ၇ သောင်းကျပ်ခန့်သာ ကျသင့်မည်ဖြစ်သော်လည်း ကျပ် ၁၆ သိန်း ပေးချေနေရကြောင်း ပေါင်မြို့ခံ လုပ်ငန်းရှင်တစ်ဦး၏ ပြောကြားချက်များအရ သိရသည်။
ထို့အပြင် ပေါင်မြို့နယ်အတွင်း ရေလုပ်ငန်းလုပ်ကိုင်နေကြသူများအနေဖြင့်လည်း စက်သုံးဆီဝယ်ယူရခက်ခဲနေသည့်အပြင် ပြင်ပမှောင်ခိုဈေးကွက်မှ ဈေးကြီးပေးဝယ်ယူနေရကြောင်းလည်း လှေသမားများ၏ ပြောကြားချက်များအရ သိရသည်။
မွန်ပြည်နယ်၏ စက်သုံးဆီရည်ညွန်းဈေးနှုန်းမှာ အခြားသော ပြည်နယ်နှင့် တိုင်းဒေသကြီးများထက် ပိုမိုများပြားနေသည့်အပြင် စက်သုံးဆီဝယ်ယူရာ၌လည်း အချိန်ကြာမြင့်စွာစောင့်ဆိုင်းပြီး ဝယ်ယူနေကြရကြောင်း သိရသည်။
လက်ရှိ မွန်ပြည်နယ်၏ စက်သုံးဆီရည်ညွန်းဈေးနှုန်းမှာ ဓာတ်ဆီ 92 Rom တစ်လီတာလျှင် ၃၇၆၅ ကျပ်၊ 95 Rom တစ်လီတာလျှင် ၃၉၉၅ ကျပ်၊ ရိုးရီုးဒီဇယ်ဆီတစ်လီတာလျှင် ၄၉၉၀ ကျပ်၊ ပရီမီယံဒီဇယ်ဆီတစ်လီတာလျှင် ၅၀၃၀ ကျပ်နှုန်းအထိရှိနေပြီး မြို့နယ်အနီးအဝေးအပေါ်မူတည်၍ ဈေးနှုန်းအနည်းငယ် အပြောင်းအလဲရှိကြောင်းနှင့် ပြင်ပမှောင်ခိုဈေးကွက်တွင် ဓာတ်ဆီတစ်လီတာလျှင် ကျပ် ၁၀၀၀၀ မှ ၁၅၀၀၀ ကျပ်အထိ ပေါက်ဈေးရှိနေကြောင်း သိရသည်။
Photo Credit: Paung Daily















