■ ရွေးကောက်ပွဲ အပိုင်း (၃) တွင် လေ့လာမည့် နိုင်ငံတကာရွေးကောက်ပွဲ စောင့်ကြည့်လေ့လာသူများ ရန်ကုန်မြို့သို့ ရောက်ရှိ

■ ရွေးကောက်ပွဲ အပိုင်း (၃) တွင် လေ့လာမည့် နိုင်ငံတကာရွေးကောက်ပွဲ စောင့်ကြည့်လေ့လာသူများ ရန်ကုန်မြို့သို့ ရောက်ရှိ
Published 24 January 2026

ရွေးကောက်ပွဲ အပိုင်း (၃) တွင် လေ့လာမည့် နိုင်ငံတကာရွေးကောက်ပွဲ စောင့်ကြည့်လေ့လာသူများသည် ရန်ကုန်မြို့သို့ ရောက်ရှိနေကြောင်း သိရသည်။

ဇန်နဝါရီ ၂၅ ရက်တွင် ကျင်းပမည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အပိုင်း (၃) သို့ လာရောက်လေ့လာမည့် နိုင်ငံတကာရွေးကောက်ပွဲ စောင့်ကြည့်လေ့လာသူများသည် လေကြောင်းခရီးစဉ်များဖြင့် ရန်ကုန်မြို့သို့ ရောက်ရှိလာရာ အိန္ဒိယနိုင်ငံမှ ကိုယ်စားလှယ်အဖွဲ့သည် ဇန်နဝါရီ ၁၉ ရက် မွန်းလွဲပိုင်းတွင်လည်းကောင်း၊ ဘယ်လာရုစ်သမ္မတနိုင်ငံ ဘယ်လာယာရပ်စ်ပါတီမှ Ms. Vohila N. Chamadanova ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့သည် ဇန်နဝါရီ ၂၁ ရက်တွင်လည်းကောင်း၊ အင်ဒိုနီးရှား နိုင်ငံရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် Ms. Yusti Erina ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့နှင့် နီပေါနိုင်ငံ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် Dr. Janaki Kumari Tuladhar ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့သည် ဇန်နဝါရီ ၂၃ ရက်တွင်လည်းကောင်း ရန်ကုန်မြို့သို့ လေကြောင်းခရီးဖြင့် ရောက်ရှိကြခဲ့ကြောင်း သိရသည်။

အလားတူ ကမ္ဘောဒီးယားနိုင်ငံ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် Mr. Yich Samethy ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့၊ နီကာရာဂွါနိုင်ငံမှ Mr. Mario Jose Armengol Campos ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့နှင့် International Conference of Asian Political Parties (ICAPP) အဖွဲ့မှ ဒုတိယဥက္ကဋ္ဌ Dr. Chheng Kimlong ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့တို့သည် ဇန်နဝါရီ ၂၃ ညပိုင်းတွင် ရန်ကုန်မြို့သို့ လေကြောင်းခရီးဖြင့် ဆက်လက်ရောက်ရှိလာကြောင်း သိရသည်။

ထိုသို့ ရွေးကောက်ပွဲလေ့လာစောင့်ကြည့်ရန် ရောက်ရှိလာသည့် နိုင်ငံများအနက် ဘယ်လာရုစ်သမ္မတနိုင်ငံ ဘယ်လာယာရပ်စ်ပါတီဥက္ကဋ္ဌ Ms. Vohila N. Chamadanova ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့နှင့် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးအောင်စောဝင်းသည် ဇန်နဝါရီ ၂၂ ရက် ရန်ကုန်မြို့ Park Royal Hotel ၌ တွေ့ဆုံခဲ့ကြောင်း သိရသည်။

ထိုသို့တွေ့ဆုံရာတွင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင်က ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အနေဖြင့် ၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အပိုင်း (၁) နှင့် အပိုင်း (၂) ကို ဥပဒေနှင့်အညီ ပွင့်လင်းမြင်သာမှုရှိစွာ လွတ်လပ်မျှတစွာကျင်းပနိုင်ခဲ့သည့် အခြေအနေများ၊ နိုင်ငံတကာနှင့် ပြည်တွင်းရွေးကောက်ပွဲ စောင့်ကြည့်လေ့လာရေးအဖွဲ့များကို ဖိတ်ခေါ်၍ စောင့်ကြည့်လေ့လာခွင့်ပြုခဲ့သည့်အခြေအနေများ၊ ပြည်တွင်း၊ ပြည်ပသတင်းမီဒီယာများကို ပွင့်လင်းမြင်သာစွာ သတင်းရယူနိုင်ရေး ဆောင်ရွက်ပေးခဲ့မှု၊ ကျင်းပပြီးသည့် အပိုင်းလိုက်ရွေးကောက်ပွဲများတွင် မဲဆန္ဒရှင်ပြည်သူများ၏ မဲပေးမှုနှင့် မဲပေးရာတွင် မြန်မာအီလက်ထရောနစ်မဲပေးစက် (Myanmar Electronic Voting Machine) အသုံးပြုခဲ့မှု၊ ပြည်တွင်း၊ ပြည်ပကြိုတင်ဆန္ဒမဲပေးမှုအခြေအနေများ၊ ပြောင်းလဲကျင့်သုံးသည့် ရွေးကောက်ပွဲစနစ်ဆိုင်ရာအကြောင်းအရာများ၊ ရွေးကောက်ပွဲလုပ်ငန်းစဉ်အဆင့်ဆင့်ကို ဒီမိုကရေစီစံနှုန်းများနှင့်အညီ စနစ်တကျဆောင်ရွက်ထားရှိမှုများ၊ ဆက်လက်ပြီး ရွေးကောက်ပွဲ အပိုင်း (၃) ကို အောင်မြင်စွာကျင်းပနိုင်ရေး ပြင်ဆင်ဆောင်ရွက်မှုနှင့် ရွေးကောက်ပွဲစောင့်ကြည့်လေ့လာနိုင်ရေး ဆောင်ရွက်ထားရှိမှုများကို ရှင်းလင်းပြောကြားခဲ့ကြောင်း သိရသည်။

ထို့နောက် ဘယ်လာရုစ်သမ္မတနိုင်ငံ ဘယ်လာယာရပ်စ်ပါတီဥက္ကဋ္ဌက မြန်မာနိုင်ငံတွင် ၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အပိုင်း (၁) နှင့် အပိုင်း (၂) ကို လွတ်လပ်ပြီး တရားမျှတသော ရွေးကောက်ပွဲအဖြစ် အောင်မြင်အောင်ကျင်းပနိုင်ခဲ့သည့်အတွက် ဝမ်းမြောက်ဂုဏ်ယူပါကြောင်း၊ ရွေးကောက်ပွဲဆိုင်ရာအကြောင်းအရာ၊ အချက်အလက်များနှင့်စပ်လျဉ်း၍ ပြည့်စုံစွာ ရှင်းလင်းပြောကြားပေးမှုနှင့် ရွေးကောက်ပွဲ လေ့လာစောင့်ကြည့်ရန် ဖိတ်ကြားမှုအတွက် ကျေးဇူးတင်ပါကြောင်း၊ ဘယ်လာရုစ်သမ္မတနိုင်ငံမှ ဗဟိုရွေးကောက်ပွဲကော်မရှင် ဒုတိယဥက္ကဋ္ဌနှင့် အဖွဲ့သည် ရွေးကောက်ပွဲ အပိုင်း (၁) တွင် လာရောက်လေ့လာခဲ့ပြီး ယခုအခါ ဇန်နဝါရီ ၂၅ ရက်တွင် ကျင်းပမည့် ရွေးကောက်ပွဲ အပိုင်း (၃) သို့ ထပ်မံလာရောက်လေ့လာခွင့်ရသည့်အတွက် ဂုဏ်ယူဝမ်းမြောက်ပါကြောင်း ပြောကြားခဲ့သည်။

ယင်းနောက် ဟနွိုင်းအခြေစိုက် မြန်မာနိုင်ငံဆိုင်ရာ ဘယ်လာရုစ်သမ္မတနိုင်ငံ သံအမတ်ကြီး Mr. Uladzimir BARAVIKOU က ရွေးကောက်ပွဲ အပိုင်း (၁) စောင့်ကြည့်လေ့လာခဲ့ရာတွင် တွေ့ရှိရသည့်အခြေအနေ၊ ရွေးကောက်ပွဲကို ဥပဒေနှင့်အညီ စနစ်တကျ ပွင့်လင်းမြင်သာမှုရှိစွာ ဆောင်ရွက်ထားမှုများအပေါ် သုံးသပ်တွေ့ရှိချက်ကို ပွင့်လင်းစွာဆွေးနွေးခဲ့ကြောင်း သိရသည်။

တွေ့ဆုံပွဲသို့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင်နှင့်အတူ ရန်ကုန်တိုင်းဒေသကြီး ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ ဦးခင်မောင်ကျော်၊ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရုံးနှင့် ရန်ကုန်တိုင်းဒေသကြီး ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးတို့မှ တာဝန်ရှိသူများ၊ နိုင်ငံခြားရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြောင်း သိရသည်။

 

Most Read

Most Recent