■  ကချင်ပြည်နယ် မံစီမြို့နယ်နှင့် မိုးမောက်မြို့နယ်တို့တွင် ရွေးကောက်ပွဲများ ကျင်းပပြုလုပ်မည်မဟုတ်ဘဲ မံစီမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်အမည်စာရင်း ကြေညာထားခြင်းအား ပယ်ဖျက်ကြောင်း UEC ကြေညာ

■  ကချင်ပြည်နယ် မံစီမြို့နယ်နှင့် မိုးမောက်မြို့နယ်တို့တွင် ရွေးကောက်ပွဲများ ကျင်းပပြုလုပ်မည်မဟုတ်ဘဲ မံစီမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်အမည်စာရင်း ကြေညာထားခြင်းအား ပယ်ဖျက်ကြောင်း UEC ကြေညာ
Published 21 January 2026

ကချင်ပြည်နယ်အတွင်းရှိ မံစီမြို့နယ်နှင့် မိုးမောက်မြို့နယ်တို့တွင် ရွေးကောက်ပွဲများ ကျင်းပပြုလုပ်မည်မဟုတ်ဘဲ မံစီမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်အမည်စာရင်း ကြေညာထားခြင်းအား ပယ်ဖျက်ကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် (UEC) က ဇန်နဝါရီ ၂၀ ရက်တွင် ကြေညာသည်။

 

၂၀၂၅ ခုနှစ် ဒီဇင်ဘာ ၂၈ ရက်မှစ၍ အပိုင်းလိုက်ကျင်းပသည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ၌ လွတ်လပ်ပြီး တရားမျှတသော ရွေးကောက်ပွဲကျင်းပရန် အခြေအနေမရှိသည့် ပြည်သူ့လွှတ်တော်မဲဆန္ဒနယ် နှစ်နေရာနှင့် တိုင်းဒေသကြီးလွှတ်တော် သို့မဟုတ် ပြည်နယ်လွှတ်တော် မဲအများဆုံးရသူအနိုင်ယူစန် (FPTP) မဲဆန္ဒနယ် နှစ်နေရာတို့တွင် ရွေးကောက်ပွဲများ ကျင်းပမည်မဟုတ်ကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ဥပဒေပုဒ်မ ၁၀ (စ) အရ UEC က ကြေညာသည်။

အဆိုပါ မဲဆန္ဒနယ်များမှာ ကချင်ပြည်နယ် မံစီမြို့နယ်မဲဆန္ဒနယ်နှင့် မိုးမောက်မြို့နယ်မဲဆန္ဒနယ်တို့ဖြစ်ကြောင်း UEC ၏ ကြေညာချက်အမှတ် (၂၁/၂၀၂၆) တွင် ဖော်ပြထားသည်။

ထို့ကြောင့် ၂၀၂၅ ခုနှစ် ဒီဇင်ဘာ ၂၈ ရက်မှစ၍ အပိုင်းလိုက်ကျင်းပပြုလုပ်သည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် ပြည်သူ့လွှတ်တော်မဲဆန္ဒနယ် ၂၆၃ နယ်၊ အမျိုးသားလွှတ်တော် မဲအများဆုံးရသူအနိုင်ယူစနစ် (FPTP) မဲဆန္ဒနယ် ၇၃ နယ်၊ အချိုးကျကိုယ်စားပြုစနစ် (PR) မဲဆန္ဒနယ် ၂၅၅ နယ်၊ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်လွှတ်တော် အချိုးကျကိုယ်စားပြုစနစ် (PR) မဲဆန္ဒနယ် ၄၂ နယ်နှင့် တိုင်းဒေသကြီးလွှတ်တော် သို့မဟုတ် ပြည်နယ်လွှတ်တော် တိုင်းရင်းသားလူမျိုးမဲဆန္ဒနယ် ၂၉ နယ်တို့တွင် ရွေးကောက်ပွဲများ ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း UEC က ကြေညာသည်။

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် (UEC) အနေဖြင့် ကြေညာချက်အမှတ် (၂၁/၂၀၂၆) ဖြင့် ကချင်ပြည်နယ် မံစီမြို့နယ်အား ရွေးကောက်ပွဲကျင်းပနိုင်ခြင်းမရှိသည့် မဲဆန္ဒနယ်မြေများအဖြစ် ထုတ်ပြန်ကြေညာခဲ့သည့်အတွက် ၂၀၂၆ ခုနှစ် ဇန်နဝါရီ ၂ ရက်တွင် ကြေညာချက်အမှတ် (၁/၂၀၂၆) ဖြင့် ထုတ်ပြန်ကြေညာခဲ့သည့် ပြည်ခိုင်ဖြိုးပါတီမှ မံစီမြို့နယ်ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးကွမ်ဆန်းအား မံစီမြို့နယ်ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်အဖြစ် အမည်စာရင်းကြေညာထားခြင်းမှ ပယ်ဖျက်ကြောင်း UEC က ကြေညာချက်အမှတ် (၂၃/၂၀၂၆) ဖြင့် ကြေညာချက်ထုတ်ပြန်သည်။

ထို့အတူ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အနေဖြင့် ကချင်ပြည်နယ် ဗန်းမော်မြို့နယ်အတွင်းရှိ ခွန်သာရပ်ကွက်၊ မြို့မရပ်ကွက်၊ အလယ်ရပ် ရပ်ကွက်၊ မင်းကုန်းရပ်ကွက်၊ ပေါက်ကုန်းရပ်ကွက်၊ မင်းကျောင်းကုန်းရပ်ကွက်၊ နမ့်ဖားရပ်ကွက်၊ ရွှေကျီးနားရပ်ကွက်၊ ရွှေပြည်သာရပ်ကွက်၊ ဟန်းတဲရပ်ကွက်နှင့် ခိုကျင်ကျေးရွာအုပ်စုတို့တွင် ရွေးကောက်ပွဲကျင်းပမည်မဟုတ်ကြောင်းလည်း ကြေညာချက်အမှတ် (၂၂/၂၀၂၆) ဖြင့် ကြေညာချက်ထုတ်ပြန်သည်။ 

ပုံစာ■ ရွေးကောက်ပွဲ အပိုင်း (၂) တွင် ဆန္ဒမဲပေးပိုင်ခွင့်ရှိသူများ လာရောက်မဲပေးကြစဉ်။

Most Read

Most Recent