■ ထိုင်းနိုင်ငံက မြန်မာနိုင်ငံသား ၉၄ ဦးကို ရနောင်းမြို့မှတစ်ဆင့် ကော့သောင်းမြို့သို့ ထပ်မံပြန်ပို့

■ ထိုင်းနိုင်ငံက မြန်မာနိုင်ငံသား ၉၄ ဦးကို ရနောင်းမြို့မှတစ်ဆင့် ကော့သောင်းမြို့သို့ ထပ်မံပြန်ပို့
Published 14 January 2026

ထိုင်းနိုင်ငံက မြန်မာနိုင်ငံသား ၉၄ ဦးကို ရနောင်းမြို့မှတစ်ဆင့် မြန်မာနိုင်ငံ ကော့သောင်းမြို့သို့ ထပ်မံပြန်ပို့ခဲ့ကြောင်း သိရသည်။

ဇန်နဝါရီ ၁၃ ရက်က မြန်မာနိုင်ငံသား ၉၄ ဦးကို ထိုင်းတာဝန်ရှိသူများက မြန်မာတာဝန်ရှိသူများအား ချိတ်ဆက်၍ ရေလမ်းခရီးမှ ပြန်လည်ပို့ဆောင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါ မြန်မာနိုင်ငံသားများမှာ ထိုင်းနိုင်ငံ ရနောင်းခရိုင် ရနောင်းမြို့ လူဝင်မှုကြီးကြပ်ရေးရဲစခန်းအချုပ်ဆောင် (IDC) ၌ ထိန်းသိမ်းခံထားရသူများဖြစ်ပြီး ၎င်းတို့အား ကော့သောင်းမြို့သို့ ပြန်လည်လွဲပြောင်းပေးခြင်းဖြစ်ကြောင်း သိရသည်။ 

အဆိုပါ မြန်မာနိုင်ငံသားများမှာ အကြောင်းအမျိုးမျိုးကြောင့် ထိုင်းနိုင်ငံ၏ တည်ဆဲဥပဒေများကို ဖောက်ဖျက်ကျူးလွန်၍ ပြစ်ဒဏ်ကျခံပြီးသူများဖြစ်ပြီး အမျိုးသား ၇၄ ဦး၊ အမျိုးသမီး ၂၀ ဦး စုစုပေါင်း ၉၄ ဦးတို့အား ရနောင်းမြို့အခြေစိုက် အလုပ်သမားသံအရာရှိ ဦးအောင်စိုးသန်းက ပဲ့ချိတ်စက်လှေ ခုနစ်စီးဖြင့် လာရောက်လွှဲပြောင်းပေးခဲ့ရာ မြို့နယ်စီမံခန့်ခွဲ့ရေးနှင့် အုပ်ချုပ်ရေးကော်မတီမှ ဒုဦးစီး ဦးရဲဇာနည်နှင့် တာဝန်ရှိသူများက ကြို ဆိုလက်ခံခဲ့ကြောင်း သိရသည်။

ထိုသို့ ပြန်လည်ရောက်ရှိလာသော မြန်မာနိုင်ငံသားများကို ကိုဗစ်-၁၉ ရောဂါပိုးကူးစက်ခံရမှုရှိ မရှိ စစ်ဆေးခြင်း၊ ကိုယ်ရေးအချက်အလက်များရယူခြင်း၊အမည်မည်းစာရင်းတွင် ပါဝင်သူများ၊လူကုန်ကူးမှုဖြင့် အလိုရှိသူများနှင့် လူကုန်ကူးခံရသူများ၊ တရားခံပြေးများ ပါဝင်လာခြင်းရှိ မရှိ စစ်ဆေးပြီး နေထိုင်ရာနေရပ်အသီးသီးသို့ ပြန်နိုင်ရန်စီစဉ်ပေးခဲ့ကြောင်း သိရသည်။

ထိုင်းနိုင်ငံအနေဖြင့် မြန်မာနိုင်ငံသားများကို ၂၀၂၆ ခုနှစ် ယခုလဆန်းပိုင်းအတွင်း နှစ်ကြိမ်ပို့ဆောင်ခဲ့ရာ နှစ်ပတ်အတွင်း  မြန်မာနိုင်ငံသား ၁၆၀ ဦးခန့် ပြန်ပို့ခဲ့ပြီးဖြစ်ကြောင်း သိရသည်။

 

Most Read

Most Recent