ထိုင်းနိုင်ငံခြားရေးဝန်ကြီးဖြစ်ပြီး ဒုတိယဝန်ကြီးချုပ်လည်းဖြစ်သည့် Sihasak Phuangketkeow သည် လာမည့်သီတင်းပတ်တွင် မြန်မာနိုင်ငံ၏ မြို့တော်ဖြစ်သည့် နေပြည်တော်သို့ သွားရောက်ရန်စီစဉ်ထားကြောင်း Thai PBS World သတင်းတွင် ဖော်ပြထားသည်။
ထိုင်းနှင့် မြန်မာ နှစ်နိုင်ငံစလုံးတွင် အစိုးရအဖွဲ့သစ်များ ဖွဲ့စည်းပြီးစီးချိန်ဖြစ်သဖြင့် နှစ်နိုင်ငံဆက်ဆံရေးကို ပိုမိုခိုင်မာစေရန်အတွက် ထိုခရီးစဉ်ကို စီစဉ်ခဲ့ခြင်းဖြစ်သည်ဟုဆိုသည်။
၎င်း၏ခရီးစဉ်သည် သင်္ကြန်နှစ်သစ်ကူးကာလအတွင်း နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်က ပေးအပ်သည့် လွတ်ငြိမ်းချမ်းသာခွင့်၏ တစ်စိတ်တစ်ပိုင်းအဖြစ် အတိုင်ပင်ခံပုဂ္ဂိုဟ်ဟောင်း ဒေါ်အောင်ဆန်းစုကြည်၏ ထောင်ဒဏ်များကို လျှော့ပေါ့ပေးလိုက်ကြောင်း သတင်းများ ထွက်ပေါ်လာချိန်နှင့် တိုက်ဆိုင်နေသည်။
ယခင်သမ္မတဟောင်း ဦးဝင်းမြင့် အပါအဝင် အကျဉ်းသား ၄၃၃၅ ဦးကိုလည်း လွတ်ငြိမ်းချမ်းသာခွင့် ပေးခဲ့ကြောင်း မြန်မာအစိုးရ သတင်းဌာနက ဖော်ပြထားသည်။
ထိုင်းနိုင်ငံခြားရေးဝန်ကြီးသည် ဧပြီ ၂၂ ရက်တွင် နေပြည်တော်၌ အစိုးရအဖွဲ့သစ်မှ ခေါင်းဆောင်များနှင့် တွေ့ဆုံဆွေးနွေးရန် စီစဉ်ထားပြီး၊ ထိုဆွေးနွေးပွဲတွင် နှစ်နိုင်ငံဆက်ဆံရေးနှင့် ပတ်သက်သည့် ကိစ္စရပ်များအပြင် ရွေးကောက်ပွဲအလွန် မြန်မာနိုင်ငံ၏ အခြေအနေများကိုပါ ဆွေးနွေးသွားမည်ဖြစ်သည်။
Sihasak သည် မကြာသေးမီက ကျင်းပခဲ့သော ရွေးကောက်ပွဲအပြီး မြန်မာနိုင်ငံသို့ လာရောက်လည်ပတ်သည့် ပထမဆုံး အာဆီယံခေါင်းဆောင် ဖြစ်လာမည်ဖြစ်သည်။















