မဟာဂန္ဓာရုံဆရာတော်ကြီး အရှင်ဇနကာဘိဝံသ ရေးသားတော်မူခဲ့သည့် ကျမ်းစာများကို ခွင့်ပြုချက်မရှိဘဲ ထုတ်ဝေရောင်းချခြင်းများရှိနေ

မဟာဂန္ဓာရုံဆရာတော်ကြီး အရှင်ဇနကာဘိဝံသ ရေးသားတော်မူခဲ့သည့် ကျမ်းစာများကို ခွင့်ပြုချက်မရှိဘဲ ထုတ်ဝေရောင်းချခြင်းများရှိနေ
Published 21 May 2026

မဟာဂန္ဓာရုံဆရာတော်ကြီး အရှင်ဇနကာဘိဝံသ ရေးသားတော်မူခဲ့သည့် ကျမ်းစာများကို ခွင့်ပြုချက် မရှိဘဲ ထုတ်ဝေရောင်းချခြင်းများရှိနေသည်ဟု အမရပူရမြို့၊ မဟာဂန္ဓာရုံကျောင်းတိုက်ကြီး၏ မဟာနာယကအဖွဲ့ ဆရာတော်များက အသိပေးထုတ်ပြန်သည်။

ဆရာတော်ကြီး ရေးသားစီရင်တော်မူခဲ့သည့် ကျမ်းစာအမျိုးမျိုးမှာ အမရပူရမြို့၊ မဟာဂန္ဓာရုံကျောင်းတိုက်ကြီး၏ မူပိုင်ဖြစ်ကြောင်း၊ ယင်းကျမ်းစာများ ပုံနှိပ်ထုတ်ဝေခြင်းအား အမရပူရမြို့ (တောင်မြို့) မဟာ ဂန္ဓာရုံကျောင်းတိုက်ကြီး၏ မဟာနာယက အဖွဲ့တစ်ခုတည်းကသာ စီစဉ်ထုတ်လုပ် လျက်ရှိရာ မည်သည့်ပုံနှိပ်ထုတ်ဝေသူများအား တည်းဖြတ် ထုတ်လုပ် ပုံနှိပ်ပိုင်ခွင့် များပေး၍ တာဝန်ပေး အပ်နှံစီစဉ်ခိုင်းစေခြင်း၊ ထုတ်ဝေပေးစေခြင်းမျိုးများ မရှိကြောင်း သိရသည်။

လက်ရှိတွင် ဘာသာဋီကာဆရာတော်၏ ကျမ်းစာများအား အချို့ အချို့သော ပုဂ္ဂိုလ်များက ခွင့်ပြုချက်မရှိဘဲ တရားမဝင် ပုံနှိပ်ထုတ်ဝေခြင်း၊ ရောင်းချခြင်းများ ပြုလုပ်နေကြပြီး၊ ဘာသာဋီကာမူ ဟု ခေါင်းစဉ်တပ်လျက် အနက်တေးစာအုပ်များ အား စီးပွားဖြစ် ထုတ်လုပ်ရောင်းချနေကြောင်း မဟာဂန္ဓာရုံကျောင်းတိုက်ကြီး၏ မဟာနာယကအဖွဲ့အား ကျောင်းရှိ ဆရာတော်၊ သံဃာတော်များနှင့် တပည့် ဒါယကာ၊ ဒါယိကာမများမှ တွေ့သိ အသိပေးလျှောက်ထားလာကြသည်ဟု မဟာဂန္ဓာရုံကျောင်းတိုက်ကြီး၏ မဟာနာယကအဖွဲ့ ဆရာတော်များက အသိပေးထုတ်ပြန်သည်။

ယင်းကြောင့် ဘာသာဋီကာဆရာတော်၏ကျမ်းစာများနှင့်ပတ်သက်၍ နောက်နောင် ဤသို့ဆက်လက် မဖြစ်ပေါ်စေရန် အမရပူရမြို့၊ မဟာဂန္ဓာရုံကျောင်းတိုက်ကြီး၏ ယခုလက်ရှိမဟာနာယကအဖွဲ့ ဆရာတော်များ၏ခွင့်ပြုချက်မရှိဘဲ ကိုယ်ပိုင်စီးပွားဖြစ် ပုံနှိပ်၊ ထုတ်လုပ်ရောင်းချခြင်းများ ထပ်မံဆက်လက် မပြုလုပ်ကြရန် နောက်ဆုံး အကြိမ်အဖြစ် မေတ္တာရှေ့ထား သတိပေးကြေညာအပ်ကြောင်း၊ ဆက်လက်ပြုလုပ်ဆောင်ရွက်သည်ကို တွေ့ သိရလျှင် တည်ဆဲဥပဒေများအရ မလွှဲမရှောင်သာ အရေးယူမှု ပြုလုပ်ဆောင်ရွက်ရတော့မည်ဖြစ်ကြောင်း အမရပူရမြို့၊ မဟာဂန္ဓာရုံကျောင်းတိုက်ကြီး၏ မဟာနာယကအဖွဲ့ ဆရာတော်များက အသိပေးထုတ်ပြန်ထားသည်။

Most Read

Most Recent