ကုလသမဂ္ဂ ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် (WFP) ၏ကားတစ်စီး ပစ်ခတ်ခံရပြီးနောက် ဂါဇာကမ်းမြောင်၌ ၎င်းတို့၏ဝန်ထမ်းများ သွားလာမှုကို ရပ်ဆိုင်းထားမည်ဟု WFP ထုတ်ပြန်

ကုလသမဂ္ဂ ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် (WFP) ၏ကားတစ်စီး ပစ်ခတ်ခံရပြီးနောက် ဂါဇာကမ်းမြောင်၌ ၎င်းတို့၏ဝန်ထမ်းများ သွားလာမှုကို ရပ်ဆိုင်းထားမည်ဟု WFP ထုတ်ပြန်
ပစ်ခတ်ခံရသည့်ကား၌ ကျည်ဆန်ရာများထင်နေပုံကို သြဂုတ် ၂၈ ရက်တွင် WFP က ထုတ်ပြန်ပေးခဲ့သောပုံတွင်တွေ့ရစဉ်(Photo:AP)
ပစ်ခတ်ခံရသည့်ကား၌ ကျည်ဆန်ရာများထင်နေပုံကို သြဂုတ် ၂၈ ရက်တွင် WFP က ထုတ်ပြန်ပေးခဲ့သောပုံတွင်တွေ့ရစဉ်(Photo:AP)
Published 30 August 2024

ကုလသမဂ္ဂ ကမ္ဘာ့စားနပ်ရိက္ခာ အစီအစဉ်(WFP)က ဂါဇာကမ်းမြောင်တွင် ၎င်း၏ ဝန်ထမ်းများသွားလာခြင်းကို ယာယီရပ်ဆိုင်းထားမည်ဟု သြဂုတ် ၂၈ ရက်တွင် ပြောကြားလိုက်ပြီး သိသာထင်ရှားစွာ အမှတ်အ သားများလုပ်ထားသော WFP ကားများထဲက ကားတစ်စီးသည် အစ္စရေးစစ်တပ်၏ စစ်ဆေးရေးဂိတ်ကို ချဉ်းကပ်လာစဉ် အနည်းဆုံးကျည်ဆန် ၁၀ တောင့် ထိမှန်ခဲ့သည်ဟု ဆိုသည်။

သံချပ်ကာယာဉ်နှစ်စီးပါသော ယာဉ်တန်းသည် သြဂုတ် ၂၇ ရက် ညနေပိုင်းတွင် ၀ါဒီဂါဇာ တံတားစစ်ဆေးရေးဂိတ်ကို သွားရန် အစ္စရေးအာဏာပိုင်များထံမှ ယာဉ်ထွက်ခွာခွင့်များကို အကြိမ်ကြိမ်ရရှိခဲ့သည်ဟု WFP ကထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ အဆိုပါယာဉ်တန်းထဲက ကားတစ်စီး ကို ကျည်ဆန်များ ထိမှန်ခဲ့သည်ဆိုသော်လည်း ထိခိုက်သူမရှိခဲ့ဟု ဆိုသည်။

ယင်းဖြစ်ရပ်ကို ဖြေကြားပေးရန် ရိုက်တာသတင်းဌာန၏မေးမြန်းမှုအား အစ္စရေးစစ်တပ်က ချက်ချင်း ပြန်ကြားခြင်းမရှိပေ။

“ဒါဟာ စစ်ပွဲအတွင်းဖြစ်ပွားတဲ့ ပထမဆုံး လုံခြုံရေးပြဿနာမဟုတ်ပေမယ့် လိုအပ် တဲ့ယာဉ်ထွက်ခွာ ခွင့်တွေရရှိထားပေမယ့်လည်း စစ်ဆေးရေးဂိတ်နားမှာ WFP ယာဉ်တစ်စီး တိုက်ခိုက်ပစ်ခတ်ခံရတာ ယခုအ ကြိမ်ဟာ ပထမဆုံးဖြစ်ပါတယ်” ဟု WFP က ထုတ်ပြန်ချက်တွင် ဆက်လက်ဖော်ပြထားသည်။

ကျည်ဆန်များ ထိမှန်သည့်အခါ အဆိုပါယာဉ်သည် အစ္စရေး စစ်ဆေးရေးဂိတ်နှင့် မီတာအနည်းငယ်အကွာကို ရောက်နေသည်ဟု ဆိုသည်။

တိုက်ပွဲများ၊ မလုံခြုံမှုများ၊ စားနပ်ရိက္ခာ အကူအညီများကို သယ်ယူပို့ဆောင်နေသော လမ်းကြောင်းများနှင့် ယာဉ်များကို ထိခိုက်စေသော လူအများအပြား ရွှေ့ပြောင်းရေး ညွှန်ကြားချက်တို့သည် ဂါဇာ၌ ဆောင်ရွက်နေ သော အကူအညီပေးရေး လုပ်ငန်းများကို ကြီးကြီးမားမား အကန့်အသတ်ဖြစ်စေသည်ဟု လူသားချင်း စာနာမှုရေးရာ ပူးပေါင်းဆောင်ရွက်ရေးအတွက် ကုလသမဂ္ဂရုံးက သြဂုတ် ၂၈ ရက်တွင် ထုတ်ပြန်ခဲ့သည်။

ကုလသမဂ္ဂလုံခြုံရေးကောင်စီသည် ဂါဇာ၌ လူသားချင်းစာနာမှု အခြေအနေနှင့်ပတ်သက်၍ ဗြိတိန်နှင့်ဆွစ်ဇာလန်တို့၏ မေတ္တာရပ်ခံချက်အရ သြဂုတ် ၂၉ ရက်တွင် အစည်းအဝေး ကျင်းပမည်ဖြစ်သည်။

“ပိုလီယို ဖြစ်ပွားတာကို တားဆီးဖို့ ကာကွယ်ဆေးထိုးနှံရေးကိစ္စ အလောတကြီး လိုအပ်နေချိန် ဂါဇာမှာ အကူအညီပေးရေး လုပ်ငန်းတွေနဲ့ အကူအညီပေးရေးဝန်ထမ်းတွေ  အန္တရာယ်ရှိနေတယ်ဆိုတာကို ကုလသမဂ္ဂက သတိပေးထားပါတယ်”ဟု ဗြိတိန်၏ ကုလသမဂ္ဂမစ်ရှင်က လူမှုမီဒီယာ X တွင် ပို့စ်တင်ခဲ့သည်။

ကုလသမဂ္ဂသည် ဂါဇာရှိ ခန့်မှန်းခြေကလေး ၆၄၀,၀၀၀ ကို ကာကွယ်ဆေးထိုးနှံပေးရန် ပြင်ဆင်လျက်ရှိသည်။ ဂါဇာ၌ ၁၀ လသားယောကျ်ားလေးသည် အမျိုးအစား-နှစ်ပိုလီယိုဗိုင်းရပ်စ်ကြောင့် သွက်ချာပါဒ လိုက်သွားသည်ဟု ကမ္ဘာ့ကျန်းမာရေးအဖွဲ့က ပြောကြားခဲ့ပြီး ယင်းသည် ဂါဇာကမ်းမြောင်၌ ၂၅ နှစ်အတွင်း ပထမဆုံးဖြစ်စဉ်ဖြစ်သည်ဟု ဆိုသည်။

ဂါဇာ၌ အစ္စရေးဆင်နွှဲနေသော စစ်ပွဲကြောင့် ပါလက်စတိုင်းသား ၄၀,ဝဝဝကျော် သေဆုံးခဲ့သည်ဟု ဂါဇာကျန်းမာရေး အာဏာပိုင်များက ပြောသည်။

Ref:Reuters