■ စီးရီးအေပွဲစဉ် (၃) ပွဲကြိုသုံးသပ်ချက် 

■ စီးရီးအေပွဲစဉ် (၃) ပွဲကြိုသုံးသပ်ချက် 
Photo: AC Milan
Photo: AC Milan
Published 31 August 2024

ဘိုလော့ဂ်နာ - အမ်ပိုလီ (မြန်မာစံတော်ချိန် သြဂုတ်လ ၃၁ ရက် ည ၁၁:၀၀ နာရီ)

ဘိုလော့ဂ်နာကို ပြီးခဲ့တဲ့ ရာသီနဲ့ ခြားနားခဲ့ပြိီလို့ဆိုရမယ်။ နည်းပြသစ် အီတာလီယန်နိုရဲ့အသင်းက အချိန်တစ်ခုယူရဦး မယ့်ပုံစံဖြစ်ပြီး ခံစစ်ကစားပုံကလည်း အားရစရာမရှိသေးဘူး။ အမ်ပိုလီက နောက်ဆုံးပွဲမှာ ရိုးမားကိုတောင် အနိုင်ကစားခဲ့တဲ့ အသင်းပါ။ အမ်ပိုလီကို ပိုကြိုက်တယ်။ ဂိုးများမယ်။



လက်ချီ - ကာဂလီယာရီ (မြန်မာစံတော်ချိန် သြဂုတ်လ ၃၁ ရက် ည ၁၁:၀၀ နာရီ)

လက်ချီက အဖွင့်(၂)ပွဲမှာတင် ထိပ်သီးတွေနဲ့ ရင်ဆိုင်ခဲ့ရပြီး စိတ်ပျက်စရာ သွင်းဂိုးမဲ့ ရှုံးပွဲတွေကြုံတွေ့ခဲ့တယ်။ ကာဂလီယာရီက အဝေးကွင်းဆို သိသိသာသာကျဆင်းသွားတတ်တဲ့ အသင်းပါ။ လက်ချီအမှတ်စရလိမ့်မယ်။



လာဇီယို - အေစီမီလန် (မြန်မာစံတော်ချိန် စက်တင်ဘာလ ၁ ရက် နံနက် ၁:၁၅ နာရီ)

လက်ရှိအချိန်မှာ (၂)သင်းစလုံး တည်ငြိမ်မှုကင်းမဲ့နေတယ်လို့ဆိုရမယ်။ နည်းပြ ဖွန်ဆီကာရဲ့အေစီမီလန်က ပိုစိတ်ပျက်စရာကောင်းနေပြီး (၂)ပွဲကစားအပြီးမှာတင် (၄)ဂိုးအထိ ပေးခဲ့ရတယ်။ ဒါပေမဲ့ ဒီပွဲမှာတော့ လာဇီယိုရဲ့ ခံစစ်ကစားပုံကြောင့် အေစီမီလန်အသင်း ဂိုးရဖို့သိပ်ခက်နေမှာတော့ မဟုတ်ဘူး။ ပြီးခဲ့တဲ့ရာသီ ထိပ်တိုက်တွေ့ဆုံမှုမှာလည်း (၂)ကျော့စလုံး အေစီမီလန်အနိုင်ရခဲ့တယ်။ အေစီမီလန် (၃)မှတ်စရမယ်။



နာပိုလီ - ပါးမား (မြန်မာစံတော်ချိန် စက်တင်ဘာလ ၁ ရက် နံနက် ၁:၁၅ နာရီ)

ကွန်တီရဲ့ နာပိုလီက အိမ်ကွင်းကစားပုံ အတော်လေးအားကောင်းတယ်။ နောက်ဆုံးအိမ်ကွင်းပွဲမှာ ဘိုလော့ဂ်နာကို ဂိုးပြတ်နိုင်ခဲ့ပြီး ခွာရတ်စကယ်လီယာရဲ့ ပုံစံကောင်းတချို့ကိုလည်း တွေ့ခဲ့ရတယ်။ ပါးမားကိုလည်း တန်းတက်အသင်းတွေထဲမှာ အားအကောင်းဆုံးလို့ ဆိုနိုင်ပါတယ်။ အေစီမီလန်ကို အနိုင်ကစားခဲ့တဲ့ စိတ်ဓာတ်နဲ့ ကွင်းတွင်းခြေစွမ်းကလည်း အထင်ကြီးစရာ ကောင်းတယ်။ ဒါပေမဲ့ နေပယ်မှာတော့ နာပိုလီကိုကြိုက်တယ်။