Mpox ရောဂါကူးစက်မှုကို ထိန်းချုပ်ရန် ဒေါ်လာ ၁၃၅ သန်းလိုအပ်ကြောင်း WHO ပြောကြား

Mpox ရောဂါကူးစက်မှုကို ထိန်းချုပ်ရန် ဒေါ်လာ ၁၃၅ သန်းလိုအပ်ကြောင်း WHO ပြောကြား
သြဂုတ် ၂၂ ရက်က ဘူရန်ဒီနိုင်ငံရှိ Mpox ရောဂါကုသရေးစင်တာတွင် ကျန်းမာရေးဝန်ထမ်းများနှင့် လူနာများကို တွေ့ရစဉ်(Photo: AFP)
သြဂုတ် ၂၂ ရက်က ဘူရန်ဒီနိုင်ငံရှိ Mpox ရောဂါကုသရေးစင်တာတွင် ကျန်းမာရေးဝန်ထမ်းများနှင့် လူနာများကို တွေ့ရစဉ်(Photo: AFP)
Published 24 August 2024

လက်ရှိဖြစ်ပွားနေသည့် Mpox ရောဂါကူးစက်မှုများကို ထိန်းချုပ်ရန်အတွက် လာ မည့်ခြောက်လတာကာလအတွင်း ဒေါ်လာ ၁၃၅ သန်းထက်မနည်း လိုအပ်လိမ့်မည်ဖြစ်ကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့(WHO)က ပြောကြားခဲ့သည်။

“ပွင့်ပွင့်လင်းလင်းပြောရရင် အခုဖြစ်ပွားနေတဲ့ Mpox ရောဂါကူးစက်မှုအခြေအနေအသစ်ကို ထိန်းချုပ်ဟန့်တားနိုင်ပါတယ်”ဟု WHO ညွှန်ကြားရေးမှူးချုပ် တက်ဒရိုစ်အက်ဒါနွန် ဂေဘရီယေဆုက သြဂုတ် ၂၃ ရက်တွင် WHO အဖွဲ့ဝင်နိုင်ငံများကို မိန့်ခွန်းပြောကြားခဲ့သည်။

ထို့ပြင် Mpox ရောဂါကူးစက်မှုကို တုံ့ပြန်ဆောင်ရွက်ရာတွင် ပြည့်စုံကျယ်ပြန့်ပြီး ပူေးပါင်းဆောင်ရွက်မှုရှိသည့် နိုင်ငံတကာ၏ တုံ့ပြန်မှုလိုအပ်သည်ဟုလည်း ၎င်းက ပြောကြားခဲ့သည်။

လူအများစုသည် Mpox ဗိုင်းရပ်စ်အကြောင်းနှင့် ယင်းကို ထိန်းချုပ်နိုင်သည့်နည်းလမ်းများကို သိရှိထားပြီးဖြစ်သည့်အတွက် Mpox သည်နောက်ထပ် COVID-19 ရောဂါ ကဲ့သို့မဟုတ်ကြောင်း (WHO)က သြဂုတ် ၂၀ ရက်တွင် ပြောကြားခဲ့သည်။

အသစ်တွေ့ရှိခဲ့သည့် Mpox ဗိုင်းရပ်စ် မျိုးကွဲ Clade 1 b သည် ပိုမိုပြင်းထန်ပြီး ပိုမိုကူးစက်လွယ်ကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့(WHO)က ပြောကြားခဲ့ပြီး သြဂုတ် ၁၄ ရက် တွင် ကမ္ဘာလုံးဆိုင်ရာ ကျန်းမာရေး အရေးပေါ်အခြေအနေအဖြစ်ကြေညာခဲ့သည်။

Mpox ဗိုင်းရပ်စ်မျိုးကွဲ Clade 1 b နှင့် ပတ်သက်၍ နောက်ထပ်သုတေသနများစွာ ပြုလုပ်ရန် လိုအပ်နေသော်လည်း Mpox ကူးစက်ပျံ့နှံ့မှုကို ထိန်းထားနိုင်ကြောင်း WHO ၏ ဥရောပဆိုင်ရာညွှန်ကြားရေးမှူး ဟန်းစ်ကလော့ခ်က ဆိုသည်။

“Mpox ရောဂါဟာ ကိုဗစ်ရောဂါအသစ်မဟုတ်ပါဘူး”ဟု ၎င်းကဆိုသည်။

“ကျွန်တော်တို့တွေ Mpox ကိုဘယ်လို ထိန်းချုပ်ရမလဲဆိုတာ သိထားပါတယ်။ဒါ့ပြင် ဥရောပဒေသမှာ Mpox ရောဂါကူးစက်ပျံ့နှံ့မှုတွေကို အတူတကွရှင်းလင်းပစ်ဖို့လိုအပ်တဲ့ အဆင့်တွေကိုလုပ်ဆောင်နေ ပါတယ်”ဟု၎င်းက အွန်လိုင်းမှ ပြုလုပ်သည့်သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။

၂၀၂၂ ခုနှစ် ဇူလိုင်လက WHO သည် အမျိုးသားအချင်းချင်းလိင်ဆက်ဆံသူ အများစုတွင် ကူးစက်ဖြစ်ပွားသည့် Mpox ၏ ပြင်းထန်မှုမရှိသော Clade 2 b မျိုးကွဲကို ကမ္ဘာလုံးဆိုင်ရာ ကျန်းမာရေးအရေးပေါ်အခြေအ နေအဖြစ်ကြေညာခဲ့သည်။ ယင်းကြေညာချက်ကို ၂၀၂၃ ခုနှစ် မေလတွင် ရုပ်သိမ်းခဲ့ကာ ယခုုအကြိမ်တွင် ထပ်မံကြေညာခဲ့ခြင်းဖြစ်သည်။

Mpox ရောဂါ၏ လက္ခဏာရပ်များတွင် အဖျားတက်ခြင်း၊ ခေါင်းကိုက်ခြင်း၊ ရောင်ရမ်းခြင်း၊ ခါးနာခြင်းနှင့် ကြွက်သားများ နာကျင်ခြင်းတို့ ပါဝင်သည်။

အဖျားပျောက်ပြီးသည်နှင့် အဖုအပိမ့်များ ဖြစ်ပေါ်လာတတ်ပြီး မျက်နှာပေါ်မှ စတင်ကာ ခန္ဓာကိုယ်၏ အခြားအစိတ်အပိုင်းများသို့ ပျံ့နှံ့သွားနိုင်သည်။ အများအားဖြင့် လက်ဖဝါးနှင့် ခြေဖဝါးများတွင် အဖြစ်များ သည်။

ရောဂါပိုးသည် အများအားဖြင့် သူ့အလိုလို ရှင်းလင်းသွားပြီး ၁၄ ရက်မှ ၂၁ ရက်ကြား ကြာမြင့်သည်။Mpox သည် ရောဂါပိုးရှိသူနှင့် အနီးကပ်ထိတွေ့ခြင်းမှတစ်ဆင့် လူတစ်ဦးမှတစ်ဦးသို့ ကူးစက်တတ်သည် ။ လိင်ဆက်ဆံခြင်း၊ အရေပြားချင်းထိတွေ့ခြင်း၊ အခြားသူတစ်ဦးနှင့် နီးကပ်စွာစကားပြောခြင်း သို့မဟုတ် အသက်ရှူခြင်းတို့ အပါအဝင်ဖြစ်သည်။

Ref: AFP

Most Read

Most Recent