PV အမျိုးအစား နိုင်ငံကူးလက်မှတ်ဖြင့် ပြည်ပနိုင်ငံများသို့ အမှန်တကယ် အလည်အပတ် သွားရောက်မည့်သူများ၊ ဆေးကုသရန်၊ လူမှုရေးကိစ္စဖြင့် သွားရောက်မည့်သူများကို ခွင့်ပြုပေးလျက်ရှိကြောင်း ပြည်ထဲရေးဝန်ကြီးဌာန ပြောကြား

PV အမျိုးအစား နိုင်ငံကူးလက်မှတ်ဖြင့် ပြည်ပနိုင်ငံများသို့ အမှန်တကယ် အလည်အပတ် သွားရောက်မည့်သူများ၊ ဆေးကုသရန်၊ လူမှုရေးကိစ္စဖြင့် သွားရောက်မည့်သူများကို ခွင့်ပြုပေးလျက်ရှိကြောင်း ပြည်ထဲရေးဝန်ကြီးဌာန ပြောကြား
Published 29 August 2024

(PV- Passport for Visit)အမျိုးအစား နိုင်ငံကူးလက်မှတ်ဖြင့် ပြည်ပနိုင်ငံများသို့ အမှန်တကယ် အလည်အပတ်သွားရောက်မည့်သူများ၊ ဆေးကုသရန်၊ လူမှုရေးကိစ္စဖြင့် သွားရောက်မည့် သူများကို ခွင့်ပြုပေးလျက်ရှိကြောင်း ပြည်ထဲရေးဝန်ကြီးဌာနက ပြောကြားသည်။

ပြည်ပနိုင်ငံများသို့ အလည်အပတ် သွားရောက်မည့် PV နိုင်ငံကူးလက်မှတ် ကိုင်ဆောင်ထားသူအချို့ကို ပြည်ပထွက်ခွာခွင့်မပြုဘဲ ပြန်လွှတ်ခြင်းများ ရှိနေကြောင်း၊ ယင်းသို့ ပြန်လွှတ်ခံရသူ အများစုတွင် စာရွက်စာတမ်းများ ပြည့်စုံသော်လည်း ပြန်လွှတ်ခြင်းများ ရှိနေသည်ဆိုသော သတင်းများထွက်ပေါ်နေခြင်းကြောင့် အဆိုပါကိစ္စများနှင့်ပတ်သက်၍ ညွှန်ကြားချက် ထုတ်ပြန်ထားခြင်း ရှိပါသလားနှင့် PV နိုင်ငံကူးလက်မှတ်နှင့် ပထမဆုံးအကြိမ် ပြည်ပထွက်ခွာမည့် သူများဆိုလျှင်လည်း ထောက်ခံပေးသူရှိမှသာ ပြည်ပထွက်ခွာခွင့် ပြုမည်ဆိုသည်မှာ ဟုတ်ပါသလားဆိုသည့် သတင်းဌာနတစ်ခု၏ မေးမြန်းမှုအပေါ် ပြန်လည်ဖြေကြားရာတွင် ပြည်ထဲရေးဝန်ကြီးဌာနမှ အထက်ပါအတိုင်း ထည့်သွင်းဖြေကြားထားခြင်း ဖြစ်သည်။

(PV)အမျိုးအစား နိုင်ငံကူးလက်မှတ်ဖြင့် ပြည်ပနိုင်ငံများသို့ ပထမဆုံးအကြိမ် ထွက်ခွာမည့် သူများကိုထောက်ခံပေးသူရှိပါက ပြည်ပထွက်ခွာခွင့်ပြုသည်ဆိုသည်မှာ မဟုတ်ပါကြောင်း၊ အမှန်တကယ် အလည်အပတ်သွားရောက်မည့်သူများ၊ ဆေးကုသရန်/ဆေးကုဖော်၊ လူမှုရေးကိစ္စဖြင့် သွားရောက်မည့် သူများကို ခွင့်ပြုပေးလျက်ရှိကြောင်း ပြည်ထဲရေးဝန်ကြီးဌာနမှ ပြောကြားသည်။

အလည်အပတ်သွားရောက်ရန် ခိုင်လုံသောအကြောင်းပြချက်မရှိဘဲ အလုပ်သွားရောက် လုပ်ကိုင်မည့်သူများကို သက်ဆိုင်ရာနိုင်ငံများ၏ အလုပ်သမားအခွင့်အရေးများ ရရှိရန် Passport For Job (PJ)အမျိုးအစား နိုင်ငံကူးလက်မှတ် လျှောက်ထားရယူ၍ အလုပ်သမားဝန်ကြီးဌာနတွင် ပြည်ပသို့ ထွက်ခွာအလုပ်လုပ်ကိုင်နိုင်ရန်အတွက် Overseas Worker Identification Card (OWIC) လျှောက်ထား ရယူကာ တရားဝင် ပြည်ပထွက်ခွာအလုပ် လုပ်ကိုင်ခွင့်ပြုလျက်ရှိကြောင်း ပြည်ထဲရေးဝန်ကြီးဌာနမှ ပြောကြားသည်။

ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်တွင် (PV)အမျိုးအစား နိုင်ငံကူးလက်မှတ်ကိုင်ဆောင်၍ ပြည်ပထွက်ခွာ အလုပ်လုပ်ကိုင်မည့် သူများကို သတင်းရဲတပ်ဖွဲ့၊ လူကုန်ကူးမှုတားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့၊ လေကြောင်းရဲတပ်ဖွဲ့၊ အလုပ်သမားဝန်ကြီးဌာန တို့ပါဝင်သည့် ပူးပေါင်းအဖွဲ့ ငယ်ဖြင့် စိစစ်လျက်ရှိကြောင်း၊ PV နိုင်ငံကူးလက်မှတ်ကိုင် နိုင်ငံသားများအနေဖြင့် အလည်အပတ်သွားရောက်ရန် လိုအပ်သော အပြန် လေယာဉ်လက်မှတ်၊ သွားရောက်လည်ပတ်မည့်နိုင်ငံတွင် တည်းခိုနေထိုင်မည့် Hotel Booking လည်ပတ်ရန်နေထိုင်စဉ်သုံးစွဲမည့် လုံလောက်သောငွေကြေး (Show Money)များ ပါရှိမှု ရှိ/မရှိစိစစ်ပြီး အမှန်တကယ် အလည်အပတ်သွားရောက်မည့်သူများ၊ ပြည်ပနိုင်ငံများတွင် ဆေးကုသရန်သွားရောက်မည့်သူ/ ဆေးကုဖော်နှင့် လူမှုရေးကိစ္စဆောင်ရွက်မည့်သူတို့ကို ထွက်ခွာခွင့်ပြုလျက်ရှိကြောင်း ပြည်ထဲရေးဝန်ကြီးဌာနမှ ပြောကြားသည်။

အလုပ်လုပ်ကိုင်မည့်သူများကို ပြည်ပတွင် အခက်အခဲပြဿနာတစ်စုံတစ်ရာပေါ်ပေါက်ပါက ကူညီဖြေရှင်းဆောင်ရွက်ပေးနိုင်ရန် (PJ)အမျိုးအစား နိုင်ငံကူးလက်မှတ်လျှောက်ထားရယူကာ အလုပ်သမားဝန်ကြီးဌာနတွင် အလုပ်သမားမှတ်ပုံတင်၍(OWIC)ကတ်ပြုလုပ်ပြီးမှသာ ပြည်ပထွက်ခွာ အလုပ်လုပ်ကိုင်ကြရန် ရှင်းလင်းပြောကြား၍ ပြန်လည်စေလွှတ်ခဲ့ကြောင်း ပြည်ထဲရေးဝန်ကြီးဌာနမှ ပြောကြားသည်။

၁၉၉၉ ခုနှစ်၊ ပြည်ပအလုပ်အကိုင်ဆိုင်ရာဥပဒေပုဒ်မ ၈ ၊ ပုဒ်မခွဲ(ဆ)ရှိ ကြီးကြပ်ရေးအဖွဲ့၏ လုပ်ငန်းတာဝန်များတွင် အလုပ်သမားများက ဤဥပဒေအရ မှတ်ပုံတင်ခြင်းမရှိဘဲ ပြည်ပ အလုပ် အကိုင် သွားရောက်လုပ်ကိုင်ခြင်းမပြုစေရန် သက်ဆိုင်ရာအစိုးရဌာန၊ အဖွဲ့အစည်းများနှင့် ဆက်သွယ်ညှိနှိုင်း ဆောင်ရွက်ခြင်း ဟူ၍လည်းကောင်း၊ ပုဒ်မခွဲ(ဈ)တွင် အလုပ်သမားများအား ပြည်ပသို့ မထွက်ခွာမီ စုံစမ်း စစ်ဆေး၍ အဖွဲ့ငယ်၏ စစ်ဆေးတွေ့ရှိချက်အရ ပြည်ပသို့ထွက်ခွာရန် မသင့်ကြောင်း တွေ့ရှိပါက ပိတ်ပင်ခြင်း ဟူ၍ လည်းကောင်း၊ ပုဒ်မ ၉ ၊ ပုဒ်မခွဲ(က)တွင် ပြည်ပအလုပ် အကိုင်ရှာဖွေသူသည် ဦးစီးဌာနက မှတ်ပုံတင်ရမည်ဟု သတ်မှတ်ထားသော ပြည်ပအလုပ်အကိုင် အမျိုးအစား တစ်ခုခုကို ရှာဖွေခြင်းဖြစ်ပါက ပြည်ပအလုပ်အကိုင်ရှာဖွေသူအဖြစ် ဦးစီးဌာနတွင် မှတ်ပုံတင်ရမည်ဟု ပြဌာန်း ထားရှိကြောင်း ပြည်ထဲရေးဝန်ကြီးဌာနမှ ပြောကြားသည်။