တောင်ငူမြို့တွင် ရေကြီးရေလျှံမှုဖြစ်ပွားသဖြင့် မြို့ပေါ်ရပ်ကွက်များနှင့် ကျေးရွာများရှိ ခန့်မှန်းခြေစုစုပေါင်း လူဦးရေ ၅၀၀၀ ကျော် ရေဘေးသင့်နေ

တောင်ငူမြို့တွင် ရေကြီးရေလျှံမှုဖြစ်ပွားသဖြင့် မြို့ပေါ်ရပ်ကွက်များနှင့် ကျေးရွာများရှိ ခန့်မှန်းခြေစုစုပေါင်း လူဦးရေ ၅၀၀၀ ကျော် ရေဘေးသင့်နေ
Published 29 August 2024

ပဲခူးတိုင်းဒေသကြီး တောင်ငူမြို့တွင် ရေကြီးရေလျှံမှုဖြစ်ပွားသဖြင့် မြို့ပေါ်ရပ်ကွက်များနှင့် ကျေးရွာများရှိ ခန့်မှန်းခြေစုစုပေါင်း လူဦးရေ ၅၀၀၀ ကျော် ရေဘေးသင့်နေကြောင်း တောင်ငူမြို့ရှိ ပရဟိတအသင်းအချို့ထံမှ သိရသည်။

စစ်တောင်းမြစ်ရေမြင့်တက်မှု၊ မိုးများမှုအစရှိသည့်အခြေအနေများကြောင့် သြဂုတ် ၂၆ ရက်ညပိုင်းမှစတင်ကာ တောင်ငူမြို့အနိမ့်ပိုင်းနေရာများသို့ ရေများစတင်ဝင်ရောက်လာခြင်းဖြစ်သည်။

“အဓိက ရေရောက်တဲ့နေရာတွေက ရပ်ကွက် ၈၊ ၉၊ ၁၀ ဘက်ပေါ့။ အဲ့ဒီထဲမှာ အခြေအနေဆိုးတဲ့နေရာတွေက အုတ်ကျွပ်တန်းရယ်၊ ကြက်လျှာစွန်းတန်းရယ်၊ မြို့ကြီးသဲပုံစိပ်ဘက်ရယ်၊ နောက်ပြီးတော့အလယ်ကျွန်း အောက်ချိုင့်ပေါ့။ ဒါတွေက မြို့ပေါ်ဘက်တွေပေါ့။ အဲ့ဒီဘက်မှာက တော်တော်ကို အခြေအနေဆိုးတယ်။ ဒီနေ့ဆိုရင် တချို့နေရာတွေမှာ လူတစ်ရပ်ကျော်နေပြီ” ဟု တောင်ငူမြို့ရှိ Save The Tress Rescue မှ ကိုကျော်သူရက ပြောကြားသည်။

လက်ရှိတွင် အဆိုပါနေရာများမှ ရေဘေးသင့်သူများကို တောင်ငူမြို့ပေါ်ရှိ ပေါ်တော်မူဘုရား၊ အုတ်ကျွပ်တန်းရှိ မူလွန် (၁) နှင့် (၂)၊ အထက (၆) အစရှိသည့်နေရာများတွင် ရေဘေးသင့်စခန်းများဖွင့်လှစ်ကာ ကူညီပေးမှုများဆောင်ရွက်နေသည်ဟု ကိုကျော်သူရက ပြောကြားသည်။

အထက (၆) တွင် ရေဘေးသင့်သူ ၈၀၀ ခန့်၊ မူလွန်အမှတ်(၂) တွင် ၄၀၀ ကျော်၊ မူလွန် (၁) တွင် ၂၅၀ ခန့်၊ ပေါ်တော်မူဘုရားတွင် ၅၉၅ ဦးရှိကြောင်း သိရသည်။

“ဒါက မြို့ပေါ်က စခန်းမှာလာနေတဲ့သူတွေပေါ့။ စုစုပေါင်းဆို ၂၀၀၀ နီးပါးလောက်ရှိတယ်။ တချို့က စခန်းကိုရောက်မလာတဲ့သူတွေလည်းရှိသေးတယ်။ ရွာဘက်တွေမှာဆိုရင် ဇီးဖြုပင်ကျောင်းမှာဆို ၄၅၀ လောက်ရှိတယ်။ တခြားကျေးရွာတွေဖြစ်တဲ့ ဒိုးသောင်ဘက်တို့ ပြသောင်တို့ဘက်တို့ဆိုရင်လည်း ရေကြီးတာ ဆိုးတယ်။ ရွာဆိုရင် စုစုပေါင်း ၂၀ ကျော်လောက်ရှိမယ်။ ခန့်မှန်းခြေဆိုရင် ရွာဘက်မှာ ၃၀၀၀ လောက်ရှိနိုင်တယ်။ မြို့ပေါ်ရော ရွာဘက်တွေရောဆိုရင် လူဦးရေ ၅၀၀၀ လောက်ရှိနိုင်တယ်” ဟု Save The Tress Rescue မှ ကိုကျော်သူရက ပြောကြားသည်။

ထို့ပြင် တောင်ငူမြို့ပေါ်ရှိ ရေဘေးသင့်ရပ်ကွက်အများစုမှာ အခြေခံလူတန်းစားအများစု နေထိုင်သည့်နေရာဖြစ်ကြောင်း သိရသည်။

“ရေကြီးတဲ့နေရာတွေက အခြေခံလူတန်းစားတွေနေတာများတယ်။ တချို့နေရာတွေဆိုရင် ကျူးကျော်နေရာတွေပေါ့။ တဲထိုးပြီးနေကြတာ။ အခုကတော့ လုံးဝမြုပ်သွားတယ်။ မနေ့က ကယ်ဆယ်ရေးတွေတော်တော်လုပ်ရတယ်။ ဒီနေ့(သြဂုတ် ၂၉ ရက်)ကတော့ တော်တော်နည်းသွားပြီ။ တော်တော်များများက Camp တွေကို ရောက်သွားပြီ။ ကျွန်တော်တို့လည်း ကယ်ဆယ်ရေးပြီးတော့ စားဖို့ သောက်ဖို့အတွက် လုပ်နေတယ်။ နောက်ဆက်တွဲကတော့ ကျန်းမာရေးကိစ္စတွေပေါ့။ တချို့တွေ ရေမသန့်တော့ ဝမ်းပျက်ဝမ်းလျှောဖြစ်တာလိုမျိုးတွေ ရှိလာနိုင်တယ်” ဟု ကို ကျော်သူရက ပြောကြားသည်။

တောင်ငူမြို့ပေါ်နှင့် ကျေးရွာများတွင် ရေဘေးသင့်သူများကို Camp များတွင် နေရာချထားပြီး လိုအပ်ချက်များကိုလာရောက် ကူညီနိုင်ကြောင်း ကိုကျော်သူရကဆက်လက် ပြောကြားသည်။

ပြီးခဲ့သည့် သြဂုတ် ၁ ရက်ကလည်း စစ်တောင်းမြစ်ရေမြင့်တက်မှုကြောင့် တောင်ငူမြို့နှင့် အနီးပတ်ဝန်းကျင်ကျေးရွာများတွင် ရေကြီးရေလျှံမှုများ ဖြစ်ပွားခဲ့ပြီး ရေပြန်ကျသဖြင့် နေရပ်သို့ပြန်စဉ် ဒုတိယအကြိမ် ရေကြီးမှုထပ်မံဖြစ်ပွားခဲ့ခြင်းဖြစ်သည်။