ယခုနှစ် ချောင်းဆုံမြို့နယ် (ဘီလူးကျွန်း) ကမာမိုကျေးရွာ ဘုရားပွဲတွင် ထည့်သွင်းကျင်းပပြုလုပ်လေ့ရှိသည့် မွန်ရိုးရာလှည်းယဉ်ကျေးမှုပြိုင်ပွဲ၌ ဝင်ရောက်ယှဉ်ပြိုင်သည့် လှည်းအရေအတွက် (၃) စီးသာရှိ

ယခုနှစ် ချောင်းဆုံမြို့နယ် (ဘီလူးကျွန်း) ကမာမိုကျေးရွာ ဘုရားပွဲတွင် ထည့်သွင်းကျင်းပပြုလုပ်လေ့ရှိသည့် မွန်ရိုးရာလှည်းယဉ်ကျေးမှုပြိုင်ပွဲ၌ ဝင်ရောက်ယှဉ်ပြိုင်သည့် လှည်းအရေအတွက် (၃) စီးသာရှိ
Published 23 April 2026

ယခုနှစ် ဧပြီ (၂၂) ရက်က ချောင်းဆုံမြို့နယ် (ဘီလူးကျွန်း) ကမာမိုကျေးရွာ ဘုရားပွဲတွင် ထည့်သွင်းကျင်းပပြုလုပ်လေ့ရှိသည့် မွန်ရိုးရာလှည်းယဉ်ကျေးမှုပြိုင်ပွဲ၌ ဝင်ရောက်ယှဉ်ပြိုင်သည့် လှည်းအရေအတွက် (၃) စီးသာရှိခဲ့ကြောင်း သိရသည်။

လယ်ယာလုပ်ငန်းများ လုပ်ကိုင်ရာတွင် ယခင်က ကျွဲ၊ နွားများဖြင့် ထွန်ယက်စိုက်ပျိုးခဲ့ရာမှ စက်မှုလယ်ယာစနစ်သို့ ပြောင်းလဲလာကြသည့်အတွက်ကြောင့် နွားမွေးမြူသူနည်းပါးလာကာ နွားများလည်းရှားပါးလာကြောင်း ကမာမိုကျေးရွာအုပ်ချုပ်ရေးမှူးဖြစ်သူ နိုင်ဖေဝင်း ကပြောကြားသည်။

ဆက်လက်ပြီး ၎င်းက “ကျနော်တို့ ကမာမိုကျေးရွာမှာကိုကနွားရောလှည်းပါ သိပ်မရှိတော့ဘူး။ တခြားရွာတွေက နွားတွေ လှည်းတွေ ငှားလာပြီးတော့မှ ကျနော်တို့ရဲ့ ရိုးရာယဉ်ကျေးမှုမပျောက်ပျက်ရလေအောင် အစဉ်အလာကိုလည်း ထိန်းသိမ်းသောအားဖြင့်ဒီ လှည်းယဉ်ကျေးမှုပြိုင်ပွဲကို ကျင်းပရခြင်းဖြစ်ပါတယ် ဟု ပြောကြားသည်။

 Covid ကာလမတိုင်ခင်ကာလများက လှည်းပြိုင်ပွဲများတွင် လှည်းယာဉ် (၈) စီး၊ (၉) စီးခန့်အထိရှိခဲ့ကြောင်း၊ ယမန်နှစ်ကလည်း ပြိုင်ပွဲဝင်လှည်းယာဉ် (၇) စီးရှိခဲ့ကြောင်းနှင့် ယခုနှစ်တွင်မူ ပြိုင်ပွဲဝင်လှည်းယာဉ် (၃) စီးသာရှိတော့ကြောင်း သိရသည်။

 ဘီလူးကျွန်း ကမာမိုကျေးရွာဘုရားပွဲက နှစ်စဉ်ကျင်းပမြဲဖြစ်သည့် ဘုရားပွဲဖြစ်ပါကြောင်း၊ အများအားဖြင့် မြန်မာနှစ်ဆန်း (၆) ရက်၊ (၇) ရက်တွင် ကျင်းပပြုလုပ်လေ့ရှိကြောင်း၊ မွန်ရိုးရာလှည်းယဉ်ကျေးမှုပြိုင်ပွဲအား  (၁၉၇၅) ခုနှစ် ကတည်းက ကျင်းပပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်းနှင့် နှစ်စဉ်မပျက်ကျင်းပလာခဲ့ရာက မနှစ် (၂၀၂၅) ခုနှစ်က နှစ် (၅၀) ပြည့် ရွှေရတုတိုင်ခဲ့ပြီးဖြစ်ပါကြောင်း မွန်ရိုးရာလှည်းယဉ်ကျေးမှုပြိုင်ပွဲ ကျင်းပရေးကော်မတီဝင် နိုင်ထွန်းဝင်း ကပြောကြားသည်။

 ၎င်းကဆက်လက်ပြီး “မနှစ်က မွန်ရိုးရာလှည်းယဉ်ကျေးမှုပြိုင်ပွဲက နှစ် (၅၀) ပြည့် ရွှေရတုတိုင်ခဲ့ပြီး။ ဒီနှစ်က (၅၁) နှစ်မြောက်ဖြစ်ခဲ့ပါပြီး။ နောင်နှစ်တွေမှာလည်း မွန်ရိုးရာလှည်းယဉ်ကျေးမှုပြိုင်ပွဲ ဆက်လက်ကျင်းပသွားနိုင်အောင် ဆောင်ရွက်နေတာမျိုးရှိပါတယ်။ အခုက စက်မှုလယ်ယာတွေဖြစ်နေကြပြီးဆိုတော့ လယ်သမားတွေမှာလည်း နွားမွေးမြူတာ၊ လှည်းယာဉ်တွေကို ပြုပြင်ထိန်းသိမ်းတာတွေနည်းပါးသွားပြီး။ ဒါပေမယ့်လည်း အစဉ်အလာမပျက် ရိုးရာယဉ်ကျေးမှုကိုထိန်းသိမ်းနိုင်အောင် တောင်သူလယ်သမား ဦးကြီးများကိုလည်း နွားမွေးမြူကြဖို့၊ အနည်းဆုံး လယ်သမားတစ်ဦးမှာ နွားတစ်ရှင်းလောက်မွေးမြူနိုင်ကြဖို့အတွက်ကို စီမံဆောင်ရွက်သွားဖို့ရှိပါတယ် ဟု ပြောကြားသည်။

 အဆိုပါ မွန်ရိုးရာလှည်းယဉ်ကျေးမှုပြိုင်ပွဲ၌ ဝင်ရောက်ယှဉ်ပြိုင်သည့် လှည်းယာဉ်များအနေဖြင့် သက်ဆိုင်ရာ စုရပ်မှ ကမာမိုးကျေးရွာတောင်ပိုင်းရှိ ဝင်းလဲ့ညီနောင် ဆုတောင်းပြည့်စေတီတော်သို့ လှည်းယာဉ်ဖြင့်သွားရောက်ကာ ဘုရားဖူးပြီးနောက် ကမာမိုကျေးရွာ အလယ်ပိုင်းရှိ ဘုရားပွဲကျင်းပရာကွင်းအတွင်းသို့မောင်းနှင်လာရကြောင်း နှင့် လမ်းတလျှောက်ရှိ အမှတ်ပေးအဖွဲ့များမှလည်း အကဲဖြတ်အမှတ်ပေးကြကြောင်း သိရသည်။

 ယခင်က ဘီလူးကျွန်း (၆၄) ရွာဘုရားပွဲဟု လူသိများထင်ရှားခဲ့သည့် ချောင်းဆုံမြို့နယ် (ဘီလူးကျွန်း) အတွင်းရှိ ကျေးရွာများ၏ဘုရားပွဲများအား မဟာသင်္ကြန်အကြိုနေ့မှ စတင် မြန်မာနှစ်ဆန်း (၁၀) ရက်အထိကျင်းပပြုလုပ်ကြလေ့ရှိကြောင်း နှင့် အဆိုပါကျေးရွာဘုရားပွဲများအတွင်း ကမာမိုကျေးရွာ ဘုရာပွဲ၌ ထည့်သွင်းကျင်းပလေ့ရှိသည့် မွန်ရိုးရာလှည်းယဉ်ကျေးမှုပြိုင်ပွဲမှာလည်း ထင်ရှားသည့်ပြိုင်ပွဲတစ်ခုဖြစ်ကြောင်း သိရသည်။

ဘိုဘိုမြင့်

Most Read

Most Recent