■ မန္တလေးတိုင်း အင်းဝမြို့ဟောင်းရှိ မယ်နုအုတ်ကျောင်း ဆေးသုတ်ထားမှု လူမှုကွန်ရက်တွင် ဝေဖန်မှုများ မြင့်တက် ■ ယခင်ကလည်း ဆေးသုတ်ခဲ့ခြင်းများရှိသည်ဟုဆို

■ မန္တလေးတိုင်း အင်းဝမြို့ဟောင်းရှိ မယ်နုအုတ်ကျောင်း ဆေးသုတ်ထားမှု လူမှုကွန်ရက်တွင် ဝေဖန်မှုများ မြင့်တက် ■ ယခင်ကလည်း ဆေးသုတ်ခဲ့ခြင်းများရှိသည်ဟုဆို
Published 2 August 2024

မန္တလေးတိုင်း အင်းဝမြို့ဟောင်းရှိ မယ်နုအုတ်ကျောင်း ဆေးသုတ်ထားမှု လူမှုကွန်ရက်တွင် ဝေဖန်မှုများ မြင့်တက်ခဲ့ပြီး ယခင်ကလည်း ဆေးသုတ်ခဲ့ခြင်းများရှိသည်ဟု သိရသည်။

သြဂုတ် ၁ ရက်တွင် လူမှုကွန်ရက်စာမျက်နှာများ၌ မယ်နုအုတ်ကျောင်းအား ဆေးသုတ်ထားသည့် ဓာတ်ပုံများ ပျံ့နှံ့လာခဲ့ပြီးနောက် ဝေဖန်မှုများ မြင့်တက်လာခြင်းဖြစ်သည်။

“မယ်နုအုတ်ကျောင်းကို ဆေးသုတ်ဆိုတော့တစ်ထည်လုံးကို လှေကားထစ်ပါမကျန် ဆေးသုတ်ပစ်တယ်။ မြန်မာမှုဗိသုကာဟန်ရဲ့ စည်းကမ်းကြီးမှု၊ ထည်ဝါမှု၊ ခန်းနားမှုတွေကို အရောင်သုတ်ပီး ဖျောက်ဖျက်လိုက်သလိုဖြစ်သွားတာ” ဟု သမိုင်းနှင့်‌ရှေးဟောင်းယဉ်ကျေးမှုဆိုင်ရာ လေ့လာသူတစ်ဦးက သုံးသပ်သည်။

ယခင်က အင်းဝသို့ သွားရောက်လည်ပတ်ခဲ့သော်လည်း ယင်းနေရာသို့ မရောက်ရှိသဖြင့် သွားရောက်လည်ပတ်မည်ဟု စိတ်ကူးထား‌သော်လည်း ဓာတ်ပုံများကို မြင်တွေ့ရချိန်တွင် စိတ်ပျက်မိသည်ဟု သွားရောက်လည်ပတ်ရန် စီစဉ်ထားသူတစ်ဦးက ‌ပြောကြားသည်။

“အရင်တုန်းက ဓာတ်ပုံထဲမှာမြင်ရတဲ့ ပုံနဲ့ တခြားစီပဲ။ ရှေးဟောင်းအဆောက်အအုံလို့ မခံစားရဘူး” ဟု ၎င်းက‌ ပြောကြားသည်။

အင်းဝမြို့ဟောင်းတွင် တည်ရှိသည့် ရှေးဟောင်းယဉ်ကျေးမှုလက်ရာများတွင် တစ်ခုအပါအဝင်ဖြစ်သည့် မယ်နုအုတ်ကျောင်းအား ဆေးသုတ်ရာတွင် ဂရုတစိုက်သေချာလေ့လာဆောင်ရွက်သင့်သည်ဟု ရှေးဟောင်းသုတေသနပညာရှင်တစ်ဦးက မှတ်ချက်ပြုသည်။

“ဒီအုတ်ကျောင်းကို ထိန်းသိမ်းရန်အလို့ငှါဆေးသုတ်မည်ဆိုလျှင် မူလဆေးသား ‌ပေါ်လာသည်အထိ ဂရုတစိုက်သုတေသနပြု ‌လေ့လာ၊ မလိုအပ်သောအခြားကြားထဲမှဆေး အလွှာများ အဆောက်အအုံမထိခိုက်စေပဲ စနစ်တကျ ခွါထုတ်၊ သန့်ရှင်းရေးလုပ်၊ ယခင်မူလဆေးအရောင်၊ အစပ်အတိုင်းစနစ် တကျပြန်သုတ်ရပါမယ်။ အဆောက်အအုံရဲ့မူလခမ်းနားမှု၊ လက်ရာမြောက်မှု ကိုပိုမိုမြှင့်တင်နိုင်ရပါမယ်” ဟု ရှေးဟောင်းသုတေသနပညာရှင်တစ်ဦးက လူမှုကွန်ရက်တွင် ရေးသားထားသည်။

မယ်နုအုတ်ကျောင်းကို ယခင်ကတည်းက ဆေးသုတ်ခဲ့ခြင်းများရှိခဲ့ပြီး ယင်းကာလက ဝေဖန်မှုများ မရှိခဲ့ကြောင်း၊ လက်ရှိတွင် ဝေဖန်မှုများရှိနေကြောင်း သိရသည်။

ဖြစ်စဉ်နှင့်ပတ်သက်ပြီး ရှေးဟောင်းသုတေသနဦးစီးဌာနသို့ ဆက်သွယ်မေးမြန်းထားပြီး သိရှိရသည်များကို ဆက်လက်ဖော်ပြပါမည်။

မန္တလေးတိုင်းဒေသကြီး တံတားဦးမြို့ရှိ မယ်နုအုတ်ကျောင်းဟု လူအများက ခေါ်ဆိုကြသည့် မဟာအောင်မြေဘုံစံအုတ်ကျောင်း‌တော်ကြီးအား ခရစ်နှစ် ၁၈၂၂ ခုနှစ်တွင် ဘကြီးတော်မင်းတရားကြီး၏ မိဖုရားခေါင်ကြီး နန်းမတော်မယ်နုက ဆောက်လုပ်လှူဒါန်းခဲ့သည်။

ဆောက်လုပ်မှုမှာ ငါးနှစ်ကျော်ကြာမြင့်ခဲ့ပြီး ပထမကျောင်းထိုင် ဆရာတော်မှာ ညောင်ကန်ဆရာတော်ဦးပို ဖြစ်ပြီး ဒုတိယကျောင်း ထိုင်ဆရာတော်မှာ ဦးဗုဓ်ဖြစ်သည်။

၁၈၃၈ ခုနှစ်တွင် ပြင်းထန်သော ငလျင်ဒဏ်ကြောင့် အုတ်ကျောင်းတော်မှာ ပြိုကျခဲ့ရာ နန်းမတော်မယ်နု၏ သမီးတော်၊ မင်းတုန်းမင်း၏မိဖုရား ဆင်ဖြူမရှင်မိဖုရားက ၁၈၇၆ ခုနှစ်တွင် ထပ်မံပြုပြင်ခဲ့သည်။

အလျား ၁၉၂ ပေ၊ အနံ ၁၁၂ ပေ အမြင့် ၉၄ ပေ ရှိသည့် အုတ်ကျောင်းတော်မှာ အေဒီ ၁၉ ရာစု ကုန်း‌ဘောင်ခေတ်လက်ရာများကြောင့် နှစ်စဉ်လာရောက်လည်ပတ်ကြည့်ရှုသည့် ပြည်တွင်း ပြည်ပခရီးသည် များပြားခဲ့သည်။

Most Read

Most Recent