အမေရိကန်က တောင်ကိုရီးယားကို စစ်ဘက်သုံးရဟတ်ယာဉ်များ ရောင်းချမှုသည် အဆင်အခြင်မဲ့ပြီး ရန်လိုသည့်လုပ်ရပ်ဖြစ်ကြောင်း မြောက်ကိုရီးယား ပြောကြား

အမေရိကန်က တောင်ကိုရီးယားကို စစ်ဘက်သုံးရဟတ်ယာဉ်များ ရောင်းချမှုသည် အဆင်အခြင်မဲ့ပြီး ရန်လိုသည့်လုပ်ရပ်ဖြစ်ကြောင်း မြောက်ကိုရီးယား ပြောကြား
ထိုင်ဝမ်တွင်ပြုလုပ်သည့် စစ်ရေးလေ့ကျင့်မှုတစ်ခုအတွင်း Apache ရဟတ်ယာဉ်တစ်စင်းပျံသန်းနေပုံကို တွေ့ရစဉ်(Photo:AFP)
ထိုင်ဝမ်တွင်ပြုလုပ်သည့် စစ်ရေးလေ့ကျင့်မှုတစ်ခုအတွင်း Apache ရဟတ်ယာဉ်တစ်စင်းပျံသန်းနေပုံကို တွေ့ရစဉ်(Photo:AFP)
Published 23 August 2024

အမေရိကန်က တောင်ကိုရီးယားကို စစ်ဘက်သုံးရဟတ်ယာဉ်များ ရောင်းချမှုသည် အဆင်အခြင်မဲ့ပြီး ရန်လိုသည့် လုပ်ရပ်တစ်ခုဖြစ်ကြောင်း မြောက်ကိုရီးယားက သြဂုတ် ၂၃ ရက်တွင် ပြောကြားခဲ့ပြီး မကြာသေးမီ က အာရှတွင် အမေရိကန်၏ လက်နက်ရောင်းချမှုများကို ဝေဖန်ခဲ့သည်။

အမေရိကန်သည် တောင်ကိုရီးယားကို Apache ရဟတ်ယာဉ်များ ပေးပို့ရန်သဘော တူညီခဲ့ခြင်းဖြစ်ပြီး မြောက်ကိုရီးယားကမူ ထိုရဟတ်ယာဉ်များပေးပို့မှုကို တုံ့ပြန်သည့်အနေဖြင့် စစ်အင်အားတိုးမြှင့်သွားမည်ဖြစ် ကြောင်း ပြောကြားခဲ့သည်။

“အမေရိကန်နဲ့ သူ့ရဲ့လက်အောက်ခံ နိုင်ငံတွေအကြား လက်နက်ရောင်းချမှုတွေကို ကျွန်တော်တို့ ပြင်းပြင်းထန်ထန် ဆန့်ကျင်ကန့်ကွက်ပါတယ်”ဟု မြောက်ကိုရီးယား နိုင်ငံခြားရေးဝန်ကြီးဌာနက တောင်ကိုရီးယားကို ရည်ညွှန်းပြီး ကြေညာချက်ထုတ်ပြန်ခဲ့သည်။

“ဒါဟာ ဒေသတွင်းလုံခြုံရေးကို တည်ငြိမ်မှုမရှိစေတဲ့ အခြေအနကို မိုမိုမြင့်တက်စေတဲ့ အဆင်အခြင်မဲ့ပြီး ရန်လိုတဲ့ လုပ်ရပ်တစ်ခုဖြစ်ပါတယ်”ဟု ထုတ်ပြန်ချက်တွင်ဖော်ပြခဲ့ပြီး မကြာသေးမီက ဂျပန်နှင့် အာရှ-ပစိဖိတ် မဟာမိတ်နိုင်ငံများကို အမေရိကန်၏ လက်နက်များရောင်းချမှုကိုလည်း ဝေဖန်ခဲ့သည်။

သြဂုတ် ၁၉ ရက်တွင် အမေရိကန်သည် တောင်ကိုရီးယားကို ဒေါ်လာ ၃ ဒသမ ၅ ဘီ လျံတန်ဖိုးရှိ AH-64 E Apache တိုက်ခိုက်ရေးရဟတ်ယာဉ် ၃၆ စင်းနှင့် ဒုံးကျည်များအပါအဝင် အခြားဆက်စပ်ပစ္စည်းများ ရောင်း ချရန် အတည်ပြုကြောင်း ကြေညာခဲ့သည်။

ထိုရဟတ်ယာဉ်များ ရောင်းချမှုသည် တောင်ကိုရီးယား၏ လက်ရှိကြုံတွေ့နေရသည့် ခြိမ်းခြောက်မှုများနှင့် အနာဂတ်တွင် ကြုံတွေ့လာနိုင်သည့် ခြိမ်းခြောက်မှုများကို ဖြေရှင်းရန် စွမ်းဆောင်ရည်များကို မြင့်တက် စေလိမ့်မည်ဖြစ်ပြီး ဒေသတွင် စစ်ဆင်ရေးများတွင် ပါဝင်မှု၊ ရန်သူများကို ဟန့်တားနိုုင်စွမ်းရှိသည့် ယုံကြည်အားထားရလောက်သော အင်အားကို ရရှိစေလိမ့်မည်ဟု အမေရိကန်ကာကွယ်ရေး လုံခြုံရေး ပူးပေါင်းဆောင်ရွက်ရေးအေဂျင်စီ(DSCA) က ပြောကြားခဲ့သည်။

ထိုကာကွယ်ရေးပစ္စည်းများ ရောင်းချမှုကို အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနက အတည်ပြုခဲ့ပြီး အမေရိကန်လွှတ်တော်က လက်မှတ်ရေးထိုးရမည်ဖြစ်သည်။

တောင်ကိုရီးယား၏ ပြည်လည်ပေါင်းစည်းရေးဝန်ကြီးဌာနကမူ မြောက်ကိုရီးယားသည် ကိုရီးယားကျွန်း ဆွယ်ပေါ်တွင် ငြိမ်းချမ်းရေးနှင့် တည်ငြိမ်ရေးကို ခြိမ်းခြောက်နေခြင်းဖြစ်သည်ဟု သြဂုတ် ၂၃ ရက်က ပြောကြားခဲ့သည်။

မြောက်ကိုရီးယားသည် တရားမဝင် နျူကလီးယားလက်နက်များနှင့် ဒုံးကျည်များကို အဆက်မပြတ်ထုတ်လုပ်နေပြီး ကိုရီးယားနှစ်နိုင်ငံဆက်ဆံရေးများကို ရန်လိုသည့်နှစ်နိုင်ငံအဖြစ် အဓိပ္ပာယ်ဖွင့်ဆိုခဲ့ကြောင်း တောင်ကိုရီးယားက ပြောကြားခဲ့သည်။

တောင်ကိုရီးယားအစိုးရသည် သက်ဆိုင်ရာ အေဂျင်စီများနှင့် အနီးကပ်ပူးပေါင်း ဆောင်ရွက်မှုများမှတစ်ဆင့် မြောက်ကိုရီးယား၏ လှုပ်ရှားမှုများကို အနီးကပ်လေ့လာစောင့်ကြည့်နေကြောင်း တောင်ကိုရီးယား နိုင်ငံခြားရေးဝန်ကြီးဌာန၏ ပြောရေးဆိုခွင့်ရှိသူ ကင်အင်အဲက ပြောကြားခဲ့သည်။

လက်ရှိတွင် အမေရိကန်နှင့်တောင်ကိုရီးယားတို့သည် ပူးတွဲစစ်ရေးလေ့ကျင့်မှုများကို ပြုလုပ်လျက်ရှိသည်။             

Ref:AFP