■ ဘရိုက်တန်ကို မန်ယူအသင်း ရှုံးနိမ့်ရန် အလားအလာများသည်ဟု Opta ခန့်မှန်းထား

■ ဘရိုက်တန်ကို မန်ယူအသင်း ရှုံးနိမ့်ရန် အလားအလာများသည်ဟု Opta ခန့်မှန်းထား
Photo: Getty Images
Photo: Getty Images
Published 23 August 2024

Opta ၏ စူပါကွန်ပျူတာသည် ယခုတစ်ပတ် ယှဉ်ပြိုင်ကစားမည့် ပရီးမီးယားလိဂ်ပွဲစဉ်(၂)အတွက် သုံးသပ်ခန့်မှန်းမှု ပြုလုပ်ခဲ့ရာ ဘရိုက်တန်ကို မန်ယူအသင်း ရှုံးနိမ့်ရန် အလားအလာများသည်ဟု ခန့်မှန်းထားကြောင်း သိရသည်။ 

၂၀၂၄-၂၅ ပရီးမီးယားလိဂ်ရာသီသစ်ကို ပြီးခဲ့သည့်အပတ်က စတင်ခဲ့ပြီး မန်ယူ၊ မန်စီးတီး၊ လီဗာပူးလ်၊ အာဆင်နယ် စသည့် ထိပ်တန်းအသင်းများမှာ ပြိုင်ဘက်အသင်းများကို အနိုင်ရခဲ့ကာ ချယ်လ်ဆီးအသင်းမှာမူ လက်ရှိချန်ပီယံ မန်စီးတီးအသင်းကို အိမ်ကွင်းတွင် ရှုံးနိမ့်ခဲ့ရသည်။ 

ယခုတစ်ပတ်တွင် ပရီးမီးယားလိဂ်ပွဲစဉ် (၂) ကို ဆက်လက်ယှဉ်ပြိုင်ကစားမည်ဖြစ်ပြီး Opta ၏ စူပါကွန်ပျူတာက ပွဲစဉ်တစ်ပွဲချင်းစီအလိုက် အသင်းများ၏ အနိုင်ရခြေကို တွက်ချက်ခဲ့ခြင်းဖြစ်သည်။ 

Opta ၏ စူပါကွန်ပျူတာ သုံးသပ်ချက်အရ စနေနေ့ အစောဆုံးကစားမည့် ဘရိုက်တန်-မန်ယူပွဲတွင် ဘရိုက်တန်အနိုင်ရရှိရန် (၃၉.၄%)၊ မန်ယူအနိုင်ရရှိရန် (၃၆.၀%)၊ သရေကျရန် (၂၄.၆) ရာခိုင်နှုန်းဟု ခန့်မှန်းခဲ့ခြင်းဖြစ်သည်။ 

 

ဘရိုက်တန်အသင်းသည် ပရီးမီးယားလိဂ်အဖွင့်ပွဲတွင် အဲဗာတန်အသင်းကို အဝေးကွင်း၌ (၃-၀) ဂိုးဖြင့် အနိုင်ရပြီး ပွဲစဉ် (၁) အပြီးတွင် အမှတ်ပေးဇယားကို ဦးဆောင်နေသည်။ မန်ယူအသင်းမှာလည်း အဖွင့်ပွဲတွင် ဖူလ်ဟမ်အသင်းကို (၁-၀) ဂိုးဖြင့် အနိုင်ရခဲ့သည်။ 

မန်ယူအသင်းသည် ပြီးခဲ့သည့် ၂၀၂၃-၂၄ ရာသီက ဘရိုက်တန်အသင်းကို အဝေးကွင်းတွင် (၂-၀) ဂိုးဖြင့် အနိုင်ရခဲ့သော်လည်း အိမ်ကွင်းတွင်မူ (၁-၃) ဂိုးဖြင့် ရှုံးနိမ့်ခဲ့ကြောင်း သိရသည်။ 

အခြားပွဲများတွင် မန်စီးတီးက အစ်ဝစ်ချ်ကို အနိုင်ရရှိရန် (၈၁.၆%)၊ အာဆင်နယ်က အက်စတွန်ဗီလာကို အနိုင်ရရှိရန် (၅၁.၁%)၊ လီဗာပူးလ်က ဘရန့်ဖို့ဒ်ကို အနိုင်ရရှိရန် (၇၁.၄%)၊ ချယ်လ်ဆီးက ဝုလ်ဗ်ကို အနိုင်ရရှိရန် (၅၂.၆%)၊ စပါးက အဲဗာတန်ကို အနိုင်ရရှိရန် (၆၁.၈%)ဟု ခန့်မှန်းထားကြောင်းလည်း သိရသည်။