TGL#7 ရိုးရာလက်ဝှေ့ပြိုင်ပွဲ ခေါင်တွဲဆိုင်းတွင် ကျော်စွာဝင်းနှင့် ဘရတ်ပတ်စ်တိုး သရေကျခဲ့ပြီး စွမ်းဆောင်ရည်အကောင်းဆုံးဆုကို ရန်နိုင်ထွန်း၊ အကောင်းဆုံးတွဲဆိုင်းဆုကို လော်ကွာဒူး-ဂျိုးဖြူပွဲရရှိ

TGL#7 ရိုးရာလက်ဝှေ့ပြိုင်ပွဲ ခေါင်တွဲဆိုင်းတွင် ကျော်စွာဝင်းနှင့် ဘရတ်ပတ်စ်တိုး သရေကျခဲ့ပြီး စွမ်းဆောင်ရည်အကောင်းဆုံးဆုကို ရန်နိုင်ထွန်း၊ အကောင်းဆုံးတွဲဆိုင်းဆုကို လော်ကွာဒူး-ဂျိုးဖြူပွဲရရှိ
Photo : Getty Images
Photo : Getty Images
Published 22 July 2024

The Great Lethwei TGL#7 ရိုးရာလက်ဝှေ့ပြိုင်ပွဲကို ဇူလိုင် ၂၁ ရက်က ရန်ကုန်မြို့ရှိ ရေကူးအသံလွှင့်ရုံ၌ ကျင်းပရာ ခေါင်တွဲဆိုင်းအဖြစ် နာမည်ကြီး ရိုးရာလက်ဝှေ့သမား ကျော်စွာဝင်းနှင့် အမေရိကန် MMA ဖိုက်တာ ဘရတ်ပတ်စ်တိုး ယှဉ်ပြိုင်ထိုးသတ်ခဲ့ပြီး ပူးတွဲသရေကျခဲ့ကြောင်း သိရသည်။

TGL#7 ပြိုင်ပွဲတွင် သုံးချီပွဲစဉ်တစ်ပွဲ၊ လေးချီပွဲစဉ်နှစ်ပွဲ၊ ငါးချီပွဲစဉ်ငါးပွဲ၊ စုစုပေါင်း တွဲဆိုင်းရှစ်ပွဲထည့်သွင်းကျင်းပခဲ့သည်။ ခေါင်တွဲဆိုင်းအဖြစ် ထိုးသတ်ခဲ့သည့် ကျော်စွာဝင်းနှင့် ဘရတ်ပတ်စ်တိုးတို့၏ပွဲစဉ်မှာ အကြိတ် အနယ်ရှိပြီး ပရိသတ်အကြိုက် ပွဲကြမ်း၊ ပွဲကောင်းတစ်ပွဲဖြစ်ခဲ့သည်။ ဘရတ်ပတ်စ်တိုးမှာ ရိုးရာလက်ဝှေ့ပြိုင်ပွဲတွင် ပထမဆုံးအကြိမ်လာရောက်ထိုးသတ်ခြင်းဖြစ်သော်လည်း အရပ်အမောင်းနှင့် ကိုယ်အလေးချိန် အားသာချက်ရှိသောကြောင့် ကျော်စွာဝင်း ရုန်းကန်ခဲ့ရသည်။

ပထမအချီစတင်သည်နှင့် ကျော်စွာဝင်းက ၎င်းထိုးသတ်နေကျပုံစံအတိုင်း တိုက်စစ်ဖွင့်ကစားပြီး ဘရတ်ပတ်စ်တိုးက ခြေကန်ချက်၊ ထောက်လက်သီးများဖြင့် တန်ပြန်တိုက်စစ်ပုံစံ ရင်ဆိုင်ခဲ့သည်။ ဒုတိယအချီတွင် ကျော်စွာဝင်းက တိုက်စစ်ပိုမြှင့်လာပြီး ဘရတ်ပတ်စ်တိုး၏ တန်ပြန်ထောက်လက်သီးချက်များကလည်း တိကျမှုရှိခဲ့သည်။ ဘရတ်ပတ်စ်တိုးသည် ရိုးရာလက်ဝှေ့ပြိုင်ပွဲကို ပထမဆုံးအကြိမ် ထိုးသတ်ခြင်းဖြစ်သော်လည်း လူချင်းအပူးတွင် ခေါင်းတိုက်ချက်များ အသုံးပြုသည်ကိုလည်း တွေ့မြင်ခဲ့ရသည်။ တတိယအချီတွင် ဘရတ်ပတ်စ်တိုး ညာမျက်ခုံးကွဲသွားသလို ၎င်း၏အမြင့်ကန်ချက်သုံးကြိမ်ထက် မနည်းထိခဲ့သဖြင့် ကျော်စွာဝင်းလည်း မူးဝေသွားသည်။ စတုတ္ထအချီတွင် ကျော်စွာဝင်းက အမြင့်ကန်ချက်နှင့် ပင့်လက်သီးများ အသုံးပြုလာပြီး ဘရတ်ပတ်စ်တိုး၏နှာခေါင်းမှ သွေးများကျဆင်းလာခဲ့သည်။ နောက်ဆုံးအချီတွင် ကျော်စွာဝင်းက ပွဲဖြတ်ရန် ကြိုးပမ်းသော်လည်း အလဲမထိုးနိုင်သဖြင့် ပူးတွဲသရေရလဒ် ထွက်ပေါ်ခဲ့ခြင်းဖြစ်သည်။

ဒုခေါင်တွဲဆိုင်းတွင် ဝါရင့်လက်ဝှေ့ သမား ရန်နိုင်ထွန်းက ထိုင်းလက်ဝှေ့သမား နီရန်ကို တတိယအချီ ၁ နာရီ ၅၁ စက္ကန့်တွင် အလဲထိုးဖြင့် အနိုင်ရခဲ့သည်။ အခြားစိန်ခေါ် ပွဲများတွင် ငါးပွဲအထိ ပူးတွဲသရေကျခဲ့ပြီး သွေးလင်းထက်-အောင်ထက်ဟိန်းပွဲတွင်မူ စတုတ္ထအချီ တစ်မိနစ်၊ ၅၂ စက္ကန့်၌ ဆေးရှုံးဖြင့် သွေးလင်းထက် အနိုင်ရခဲ့သည်။

TGL#7 ပြိုင်ပွဲတွင် အလဲထိုးအနိုင်ရသူကို ဆုကြေးကျပ်သုံးသိန်း၊ စွမ်းဆောင်ရည်အကောင်းဆုံးဆု (Performance of the Night) ရရှိသည့် ရန်နိုင်ထွန်းကို ကျပ်ငါးသိန်း၊ အကောင်းဆုံးတွဲဆိုင်းဆု (Fight of the Night) ရရှိသည့် လော်ကွာဒူး-ဂျိုးဖြူပွဲစဉ်မှ ကစားသမားနှစ်ဦးကို ကျပ်ငါးသိန်းစီ ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။

Most Read

Most Recent