■ ကလပ်တစ်သင်းတွင် ဥက္ကဋ္ဌတစ်ဦး၏ အရေးပါမှုကို လူအများ လျှော့တွက်လေ့ရှိပြီး ဆာဂျင်ရက်ကလစ်ဖ်သည် ဥက္ကဋ္ဌကောင်းတစ်ဦးဖြစ်လာမည်ဟု ကန်တိုနာ ဆို

■ ကလပ်တစ်သင်းတွင် ဥက္ကဋ္ဌတစ်ဦး၏ အရေးပါမှုကို လူအများ လျှော့တွက်လေ့ရှိပြီး ဆာဂျင်ရက်ကလစ်ဖ်သည် ဥက္ကဋ္ဌကောင်းတစ်ဦးဖြစ်လာမည်ဟု ကန်တိုနာ ဆို
Photo: Gettimages
Photo: Gettimages
Published 23 July 2024

မန်ယူနိုက်တက်အသင်း၏ ဂန္ထဝင်ဘောလုံးသမားတစ်ဦးဖြစ်သည့် အဲရစ်ကန်တိုနာက လူအများသည် ကလပ်အသင်းတစ်သင်း၌ ဥက္ကဋ္ဌများ၏ အခန်းကဏ္ဍကို လျှော့ချလေ့ရှိသော်လည်း ယင်းမှာ အမှန်တကယ်အရေးပါသည့်နေရာဖြစ်ကြောင်း၊ ဆာဂျင်ရက်ကလစ်ဖ်သည် မန်ယူအသင်းအတွက် ဥက္ကဋ္ဌကောင်းတစ်ဦးဖြစ်လာနိုင်ကြောင်း သုံးသပ်ပြောကြားခဲ့သည်။

''အားလုံးကတော့ နည်းပြတွေအကြောင်း ပြောကြတယ်။ ကစားသမားတွေအကြောင်း ပြောကြတယ်။ အားကစားဒါရိုက်တာတွေအကြောင်းကိုတောင် ပြောကြပါတယ်။ ဒါပေမဲ့ လူတွေက အသင်းဥက္ကဋ္ဌတွေရဲ့ အခန်းကဏ္ဍကိုတော့ မေ့လျော့နေကြတယ်။ ချယ်လ်ဆီးအသင်းဆိုရင် ရိုမန်အေဘရာမိုဗစ်ချ် မရှိတော့ချိန်မှာ ဘာတွေဖြစ်နေသလဲဆိုတာကို ကြည့်ရင်သိနိုင်ပါတယ်''ဟု ကန်တိုနာက ပြောကြားခဲ့သည်။

ဆာဂျင်ရက်ကလစ်ဖ်သည် လက်ရှိအချိန်တွင် မန်ယူနိုက်တက်အသင်း၏ အစုရှယ်ယာ (၂၇)ရာခိုင်နှုန်းကျော်ကို ပိုင်ဆိုင်ထားသလို ကလပ်အသင်း၏ဘောလုံးရေးရာကိစ္စများကိုလည်း တာဝန်ယူဆောင်ရွက်လျက်ရှိသည်။

ကန်တိုနာက ''ကျွန်တော်တို့ကြားမှာ ပတ်သက်မှု မရှိပါဘူး။ ဒါပေမဲ့ ဘီလျံနာတစ်ဦးဆိုတာ စီးပွားရေးနယ်ပယ်မှာတော့ ဂန္ထဝင်ပါပဲ။ သူတို့ (ဆာဂျင်ရက်ကလစ်ဖ် နှင့်အဖွဲ့)က အခုအချိန်မှာ မန်ယူနို်က်တက်အသင်းရဲ့ ဖောင်ဒေးရှင်းကို ပြန်လည်ပြုပြင်နေပါတယ်။ အသေးစိတ်လုပ်ဆောင်မှုတွေက ကျွန်တော်တို့ မမြင်နိုင်တဲ့ကိစ္စတွေ ဖြစ်ပေမဲ့ သူတို့ဟာ အခုအချိန်မှာ အိမ်တစ်အိမ်ကို ဖောင်ဒေးရှင်းချနေတာတော့ သေချာပါတယ်။ ဒီအိမ်က နည်းနည်းနေရာလွဲနေတဲ့အတွက် ဖောင်ဒေးရှင်းအသစ် ပြန်ချဖို့လည်း လိုအပ်နေပါတယ်။ ဘောလုံးမှာက တစ်ခါတလေ ဥက္ကဋ္ဌတွေရဲ့အရေးပါမှုက လျော့ပါးသလိုဖြစ်နေတာကို တွေ့ရတယ်။ အသင်းဥက္ကဋ္ဌက အရမ်းအရေးကြီးပါတယ်။ ရက်ကလစ်ဖ်နဲ့အတူ သူ့လူတွေဟာ

မန်ယူနိုက်တက်အသင်းရဲ့ အခြေခံအုတ်မြစ်ကို ပြန်လည်တည်ဆောက်ဖို့အတွက် သင့်တော်တဲ့သူတွေလည်းဖြစ်ပါတယ်။ လာမယ့်နှစ်အနည်းငယ်အတွင်းမှာ မန်ချက်စတာယူနိုက်တက်အသင်းဟာ သူတို့ရဲ့အကောင်းဆုံးပုံစံကို ပြန်လည် ရောက်ရှိလာပါလိမ့်မယ်''ဟု ဆိုခဲ့သည်။

လက်ရှိတွင် မန်ယူနိုက်တက်အသင်းသည် ပြုပြင်ပြောင်းလဲမှုများ ပြုလုပ်လျက်ရှိပြီး INEOS သည် အသုံးစရိတ်များကို လျှော့ချသည့် ကိစ္စရပ်များအား စတင်လုပ်ဆောင်လျက်ရှိသည်။

ရက်ကလစ်ဖ်၏ လက်အောက်တွင် ယာယီအမှုဆောင်ချုပ်အဖြစ် ဆောင်ရွက်နေသည့် ယန်းကလောက်ဘလန့်သည် မကြာသေးမီက ကလပ်အသင်း၏ ဝန်ထမ်း (၂၅၀)ကျော်ကို မလိုအပ်တော့ဟုဆိုကာ လျှော့ချခဲ့ပြီး ကန်တိုနာက ''စိတ်မကောင်းပါဘူး။ တစ်ခါတစ်ရံတော့ လုပ်ဖို့လိုအပ်ပါတယ်''ဟု ဆိုခဲ့သည်။

 

Most Read

Most Recent