ဘာစီလိုနာအသင်းနှင့် တရားဝင်လမ်းခွဲခဲ့ပြီဖြစ်သည့် ဆာဂျီရောဘတ်တိုကို ခေါ်ယူလိုသည့်အသင်းများထဲတွင် အေဂျက်စ်နှင့် ဖီအိုရင်တီးနားတို့ ပါဝင်လာ

ဘာစီလိုနာအသင်းနှင့် တရားဝင်လမ်းခွဲခဲ့ပြီဖြစ်သည့် ဆာဂျီရောဘတ်တိုကို ခေါ်ယူလိုသည့်အသင်းများထဲတွင် အေဂျက်စ်နှင့် ဖီအိုရင်တီးနားတို့ ပါဝင်လာ
Photo: Getty Images
Photo: Getty Images
Published 12 August 2024

ဘာစီလိုနာအသင်းနှင့် တရားဝင်လမ်းခွဲခဲ့ပြီဖြစ်သည့် စပိန်ကစားသမား ဆာဂျီရောဘတ်တိုကို ခေါ်ယူလိုသည့်အသင်းများထဲတွင် အေဂျက်စ်နှင့် ဖီအိုရင်တီးနားတို့ ပါဝင်လာကြောင်း သိရသည်။

ဆာဂျီရောဘတ်တို(၃၂ နှစ်)သည် ဇူလိုင်(၁)ရက်နေ့ကတည်းက ဘာစီလိုနာအသင်းနှင့် စာချုပ်သက်တမ်းကုန်ဆုံးခဲ့ခြင်းဖြစ်သော်လည်း ပြီးခဲ့သည့်တနင်္ဂနွေနေ့ကမှ နှစ်ဦးနှစ်ဖက်စလုံးက လမ်းခွဲပြီဖြစ်ကြောင်း အတည်ပြုကြေညာခဲ့ခြင်းဖြစ်သည်။

ဆာဂျီရောဘတ်တို၏ အေးဂျင့်ဖြစ်သူသည် (၂)နှစ်သက်တမ်းရှိ စာချုပ်သစ်ချုပ်ဆိုရန် ဘာစီလိုနာအသင်းတာဝန်ရှိသူများထံ တောင်းဆိုခဲ့သော်လည်း ဘာစီလိုနာအသင်းက တစ်နှစ်စာချုပ်သာ ချုပ်ဆိုလိုသည့်အတွက် အဆင်မပြေဖြစ်ခဲ့ပြီးနောက် ယခုအခါ အသုံးစရိတ် လျှော့ချရန် လိုအပ်နေသည့် ဘာစီလိုနာအသင်းက စာချုပ်သစ်မချုပ်ဆိုတော့ဘဲ လမ်းခွဲရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ဆာဂျီရောဘတ်တိုသည် ဘာစီလိုနာအသင်း၏ နာမည်ကျော် လာမာစီယာအကယ်ဒမီမှ ထွက်ပေါ်လာသည့် ကစားသမားဖြစ်ပြီး အသင်းနှင့် (၁၈)နှစ်ကြာ လက်တွဲခဲ့သူ ဖြစ်သည်။

၎င်းသည် ကွင်းလယ်ကစားသမားအဖြစ်သာမက ကွင်းလယ်ခံစစ်ကစားသမား၊ တောင်ပံကစားသမားနှင့် နောက်ခံကစားသမားအဖြစ်ပါ ကစားနိုင်သူဖြစ်သည်။

ဘာစီလိုနာအသင်းက အသင်းအတွက် ပြိုင်ပွဲစုံပွဲပေါင်း (၃၇၃)ပွဲ ယှဉ်ပြိုင်ကစားခဲ့ပြီး (၁၉)ဂိုးသွင်းယူပေးခဲ့သည့် ဆာဂျီရောဘတ်တိုကို အင်္ဂါနေ့တွင် နှုတ်ဆက်ပွဲပြုလုပ်ပေးမည်ဖြစ်ကြောင်း ကြေညာခဲ့သည်။

အဆိုပါနှုတ်ဆက်ပွဲသို့ အသင်းဥက္ကဋ္ဌ လာပေါ်တာ တက်ရောက်မည်ဖြစ်ပြီး Barca One မှ တိုက်ရိုက်ထုတ်လွှင့်ပြသသွားရန် စီစဉ်ထားကြောင်းလည်း သိရသည်။

ဘာစီလိုနာအသင်းသည် ယခုနွေရာသီတွင် စပိန်နောက်ခံလူ မားကို့စ်အလွန်ဆိုနှင့်လည်း လမ်းခွဲခဲ့ပြီး ၎င်းအနေဖြင့် လက်ရှိအချိန်အထိ အသင်းသစ်ရှာဖွေနိုင်ခြင်းမရှိသေးပေ။

ဆာဂျီရောဘတ်တိုကိုမူ ခေါ်ယူလိုသည့် ကလပ်အသင်းများစွာရှိနေပြီး လာလီဂါကလပ်အသင်းများနှင့်အပြိုင် စီးရီးအေနှင့် ပရီးမီးယားလိဂ်မှ ကလပ်အသင်းများက စိတ်ဝင်စားနေကြသလို၊ အေဂျက်စ်နှင့် မေဂျာလိဂ်ကလပ်အသင်းများကလည်း စိတ်ဝင်စားနေကြောင်း သိရသည်။

ဘာစီလိုနာတိုက်စစ်မှူးဟောင်း မက်ဆီ ဦးဆောင်နေပြီး ဘာစီလိုနာကစားသမားဟောင်းများစွာကို ခေါ်ယူထားသည့် မေဂျာလိဂ်ကလပ် အင်တာမိုင်ယာမီအသင်းက ဆာဂျီရောဘတ်တိုကို ခေါ်ယူရန် စိတ်ဝင်စားနေကြောင်းလည်း သတင်းထွက်ခဲ့ဖူးသည်။

ဘာစီလိုနာအသင်းနှင့် တရားဝင်လမ်းခွဲပြီဖြစ်ကြောင်း ကြေညာခဲ့အပြီးတွင်မူ စီးရီးအေနှင့် လာလီဂါကလပ်အသင်းများ အပြိုင်လုရဖွယ်ရှိကြောင်း သုံးသပ်မှုများရှိလာခဲ့သည်။

ရိုးမား၊ ကိုမိုနှင့် ဆီဗီလာအသင်းတို့သည် ဆာဂျီရောဘတ်တိုကို ခေါ်ယူရန် အစောပိုင်းကတည်းက ကြိုးပမ်းခဲ့ကြပြီး ယခုအခါ ဖီအိုရင်တီးနားအသင်း ပါဝင်လာခြင်းဖြစ်သည်။

အသင်းလက်မဲ့ဖြစ်နေသည့် မန်ယူဂိုးသမားဟောင်း ဒီဟေးယားကို ပြီးခဲ့သည့်ရက်ပိုင်းအတွင်းက ခေါ်ယူနိုင်ခဲ့သော ဖီအိုရင်တီးနားအသင်းသည် ဆာဂျီရောဘတ်တိုကို မကြာမီ ကမ်းလှမ်းမှုပြုလုပ်သွားဖွယ်ရှိကြောင်း သိရသည်။

ကိုမိုအသင်းမှာလည်း ရီးယဲလ်နှင့် မန်ယူကစားသမားဟောင်း ဗာရန်းကို ခေါ်ယူနိုင်ခဲ့သည့်အပြင် နည်းပြ ဖာဘရီဂတ်စ်မှာလည်း ဘာစီလိုနာကစားသမားဟောင်းဖြစ်သည့်အတွက် အခွင့်အရေးရှိနေကြောင်း သိရသည်။

Most Read

Most Recent