ကာလာဖီအိုရီ၏ပြောင်းရွှေ့ကြေးမှာ အာဆင်နယ်အသင်းသမိုင်းတစ်လျှောက်  အမြင့်ဆုံး ၁၀ ဦးစာရင်းဝင်ခဲ့ပြီး ယခုရာသီတွင် အသင်းနှင့်အတူ ကြီးကျယ်ခမ်းနားသည့်အရာအချို့ ပြုလုပ်သွားမည်ဟု ပြောကြား

ကာလာဖီအိုရီ၏ပြောင်းရွှေ့ကြေးမှာ အာဆင်နယ်အသင်းသမိုင်းတစ်လျှောက်  အမြင့်ဆုံး ၁၀ ဦးစာရင်းဝင်ခဲ့ပြီး ယခုရာသီတွင် အသင်းနှင့်အတူ ကြီးကျယ်ခမ်းနားသည့်အရာအချို့ ပြုလုပ်သွားမည်ဟု ပြောကြား
Photo: X
Photo: X
Published 31 July 2024

 

ဇူလိုင် ၂၉ ရက်က အာဆင်နယ်အသင်း ကစားသမားသစ်အဖြစ် တရားဝင်မိတ်ဆက်ခဲ့သည့် အီတလီလက်ရွေးစင်နောက်ခံလူ ကာလာဖီအိုရီ၏ပြောင်းရွှေ့ကြေးမှာ အသင်းသမိုင်းတစ်လျှောက် အမြင့်ဆုံး ကစားသမား ၁၀ ဦးစာရင်းတွင် ပါဝင်ခဲ့ကြောင်း သိရသည်။ 

ကာလာဖီအိုရီ (၂၂ နှစ်) ၏ပြောင်းရွှေ့ကြေးမှာ ယူရို ၄၅ သန်းနှင့် Add-ons ကြေး ယူရိုငါးသန်းဖြစ်ပြီး ငါးနှစ်သက်တမ်းရှိ စာချုပ်တစ်ရပ် ချုပ်ဆိုခဲ့ခြင်းဖြစ်သည်။ ကာလာဖီအိုရီသည် ပြီးခဲ့သည့်ရာသီက ချန်ပီယံလိဂ်ဝင်ခွင့်ရရှိခဲ့သော ဘိုလော့ဂ်နာအသင်း၌ အမာခံကစားသမားတစ်ဦးအဖြစ် ခြေစွမ်းပြခဲ့သလို၊ ယူရို-၂၀၂၄ ပြိုင်ပွဲတွင်လည်း အီတလီအသင်း အတွက် အကောင်းဆုံးစွမ်းဆောင်နိုင်သူအဖြစ် သတ်မှတ်ခံခဲ့ရသည်။ 

အာဆင်နယ်အသင်းသည် ယူရိုပြိုင်ပွဲကာလကတည်းက ကာလာဖီအိုရီကို ခေါ်ယူရန် စတင်ကြိုးပမ်းခဲ့ခြင်းဖြစ်ပြီး ယခုမှအပြီးသတ်နိုင်ခဲ့ခြင်းဖြစ်သည်။ အာဆင်နယ်အသင်းသည် လက်ရှိအချိန်၌ အမေရိကန်နိုင်ငံတွင် ရာသီကြိုခြေစမ်းပွဲများ သွားရောက်ကစားနေရာ ကာလာဖီအိုရီသည် အမေရိကန်၌ အာဆင်နယ်အသင်းနှင့် သွားရောက်ပူးပေါင်းခဲ့ကြောင်း သိရသည်။ အာဆင်နယ်အသင်းဖော်များနှင့် တွေ့ဆုံရာ၌ ကာလာဖီအိုရီ က "ကျွန်တော် ဒီကိုရောက်လာရတာ တကယ်ပျော်ပါတယ်။ အကြာကြီး စောင့်ခဲ့ရတာပါ။ ဒီရာသီမှာ ကျွန်တော်တို့ ထူးခြားတာတစ်ခုခုလုပ်ပြဖို့ မျှော်လင့်ပါတယ်"ဟု ပြောကြားခဲ့သည်။

ကာလာဖီအိုရီသည် ကစားသမားဘဝအစောပိုင်း၌ ဘယ်တောင်ပံ ကစားသမားအဖြစ် ကစားခဲ့ဖူးပြီး ဘယ်နောက်ခံလူအဖြစ်လည်း ကစားနိုင်သူဖြစ်ပြီး ဘိုလော့ဂ်နာ၌မူ နောက်ခံအတွင်းလူအဖြစ် ကစားခဲ့ခြင်း ဖြစ်သည်။ ကာလာဖီအိုရီသည် အာဆင်နယ်အသင်းတွင် ကျောနံပါတ် ၃၃ ဝတ်ဆင်ကစားမည်ဟု သိရသည်။

အာဆင်နယ်၏ ပြောင်းရွှေ့ကြေးအမြင့်ဆုံး ကစားသမား ၁၀ ဦး

ကစားသမား    ကလပ်    ပြောင်းရွှေ့ကြေး(ယူရို)

ဒက်ကလန်ရိုက်စ်    ဝက်စ်ဟမ်း    ၁၁၆.၆ သန်း

ပေပေ        လိုင်လီ        ၈၀ သန်း

ဟာဗက်ဇ်        ချယ်လ်ဆီး    ၇၅ သန်း

အူဘာမီယန်း    ဒေါ့မွန်        ၆၃.၇၅ သန်း

ဘင်ဝှိုက်        ဘရိုက်တန်    ၅၈.၅ သန်း

လာကာဇက်    လိုင်ယွန်        ၅၃ သန်း

ဂျေးဇူး        မန်စီးတီး        ၅၂.၂ သန်း

ပါတေး        အက်သလက်တီကို    ၅၀ သန်း

အိုဇေးလ်        ရီးယဲလ်မက်ဒရစ်    ၄၇ သန်း

ကာလာဖီအိုရီ    ဘိုလော့ဂ်နာ    ၄၅ သန်း

Most Read

Most Recent