ထိုင်းနိုင်ငံတွင် ဖျက်သိမ်းခံလိုက်ရသည့် အတိုက်အခံ Move Forward ပါတီဝင်များက ပါတီသစ်တစ်ခုကို ထပ်မံဖွဲ့စည်း

ထိုင်းနိုင်ငံတွင် ဖျက်သိမ်းခံလိုက်ရသည့် အတိုက်အခံ Move Forward ပါတီဝင်များက ပါတီသစ်တစ်ခုကို ထပ်မံဖွဲ့စည်း
Published 9 August 2024

ထိုင်းနိုင်ငံတွင် ယခုသီတင်းပတ်အတွင်း ဖျက်သိမ်းခံခဲ့ရသည့် အတိုက်အခံ Move Forward ပါတီဝင်များက သြဂုတ် ၉ ရက်တွင် ပါတီသစ်တစ်ခုကို ထပ်မံဖွဲ့စည်းခဲ့ပြီး ပါတီခေါင်းဆောင်သစ်တစ်ဦးကိုလည် ရွေးချယ်ခဲ့သည်။

အသစ်ထပ်မံဖွဲ့စည်းလိုက်သည့် ပါတီ၏ အမည်မှာ Prachachon ဖြစ်ပြီး အဓိပ္ပာယ်မှာ ပြည်သူဖြစ်သည်။ ထို့ကြောင့် ပါတီသစ်၏ အင်္ဂလိပ်အမည်ကို ပြည်သူ့ပါတီ (People’s Party) အဖြစ် ရည်ညွှန်းဖော်ပြမည်ဖြစ်ပြီး နည်းပညာစွန့်ဦးတီထွင် လုပ်ငန်းရှင် နတ်သာပွန် ရူအန်ပန်ယာဝပ်က ထိုပါတီသစ်ကို ဦးဆောင်သွားလိမ့်မည်ဟု ပါတီကိုယ်စားလှယ်ဖြစ်သည့် ပါရစ်ဝါချာရာ ဆင်ဒူက ဘန်ကောက်မြို့တွင် သတင်းထောက်များကို ပြောကြားခဲ့သည်။

“ဒီနာမည်ပေးရတဲ့ အကြောင်းရင်းကတော့ ကျွန်တော်တို့ဟာ ပြည်သူတွေအတွက် ပြည်သူတွေကိုယ်စားပြုတဲ့ ပါတီတစ်ခုအဖြစ် ဖြစ်စေချင်ပြီး ထိုင်းနိုင်ငံကို ရှေ့ကိုလှမ်းချီစေဖို့ဖြစ်ပါတယ်။ အဲဒါမှ ပြည်သူတွေဟာ အကြွင်းမဲ့အာဏာကို ရရှိနိုင်ပါလိမ့်မယ်” ဟု ပါရစ်က ပြောကြားခဲ့သည်။

သြဂုတ် ၇ ရက် ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံးသည် လူငယ်ဒီမိုကရေစီတက်ကြွလှုပ်ရှားသူများ၏ တပ်ဦးဖြစ်ပြီး လူငယ်များ၏ ထောက်ခံမှုကို တစ်ခဲနက်ရရှိထားသည့် Move Forward ပါတီကိုဖျက်သိမ်းရန် အမိန့်ထုတ်ပြန်ခဲ့ပြီး ပါတီ၏ အလုပ်အမှုဆောင်ဘုတ်အဖွဲ့ဝင်များကို နိုင်ငံရေးလောကမှ ၁၀ နှစ်ကြာ ပိတ်ပင်ခဲ့သည်။

ထိုကဲ့သို့ နိုင်ငံရေးလောကမှ တားမြစ်ပိတ်ပင်ခံရသူများထဲတွင် ပါတီခေါင်းဆောင်ဟောင်း ပီတာ လင်ဂျာရွန်ရတ်လည်း ပါဝင်ခဲ့သည်။ Move Forward ပါတီသည် ပြီးခဲ့သည့် နှစ်က ပြုလုပ်ခဲ့သည့် ရွေးကောက်ပွဲတွင် ထိုင်းဘုရင်မိသားစုကို အကာအကွယ်ပေးထားသည့် တင်းကျပ်သည့် တော်ဝင်အသရေ ဖျက်မှုဥပဒေကို ပြုပြင်ပြောင်းလဲမည်ဆိုသည့် ကတိကဝတ်ဖြင့် လူငယ်များနှင့် မြို့ပြနေမဲဆန္ဒရှင်များ၏ ထောက်ခံမှုနှင့်အတူ နေရာအများဆုံး အနိုင်ရရှိခဲ့သည်။

မတ်လအတွင်းက ထိုင်းနိုင်ငံ၏ ရွေးကောက်ပွဲကော်မရှင်သည် Move Forward ပါတီကို ဖျက်သိမ်းရန် ဖွဲ့စည်းပုံအခြေခံဥပဒေ တရားရုံးကို လျှောက်ထားခဲ့ချိန်ကတည်းက ပီတာ၏ နိုင်ငံရေးသမားဘဝမှာ ရေရာမှုမရှိသည့်အခြေအနေနှင့် ရင်ဆိုင်နေရသည်။

တော်ဝင်အသရေဖျက်မှုဥပဒေကို ပြုပြင်ပြောင်းလဲမည်ဆိုသည့် Move Forward ပါတီ၏ ရွေးကောက်ပွဲ ကတိကဝတ်သည် စည်းမျဉ်းခံဘုရင်စနစ်ကို ဖြုတ်ချရန် ကြိုးပမ်းမှုဟု သတ်မှတ်နိုင်ကြောင်း ဖွဲ့စည်းပုံအခြေခံ ဥပဒေတရားရုံးက ဆုံးဖြတ်ခဲ့ပြီးနောက် ပါတီကိုဖျက်သိမ်းရန် စီရင်ချက်ချခဲ့ခြင်းဖြစ်သည်။

တော်ဝင်အသရေဖျက်မှုဆိုင်ရာ စွဲချက်များသည် ထိုင်းနိုင်ငံတွင် အဆိုးရွားဆုံးပြစ်မှုများဖြစ်သည်။

ဥရောပသမဂ္ဂ၊ အမေရိကန်၊ ကုလသမဂ္ဂနှင့် လူ့အခွင့်အရေးအဖွဲ့များကမူ Move Forward ပါတီကို ဖျက်သိမ်းသည့် ခုံရုံး၏ ဆုံးဖြတ်ချက်ကို ပြင်းထန်စွာဝေဖန်ခဲ့ပြီး ထိုဆုံးဖြတ်ချက်သည် ထိုင်းနိုင်ငံ၏ ဒီမိုကရေစီပွင့်လင်းမှုကို ထိခိုက်စေကြောင်း ဥရောပသမဂ္ဂက ပြောကြားခဲ့သည်။

ပါရစ်ကမူ Move Forward ပါတီဖျက်သိမ်းခံရသည့်တိုင် တော်ဝင်အသရေဖျက်မှုဥပဒေနှင့်ပတ်သက်ပြီး ဆွေးနွေးရန်အခွင့်အလမ်းရှိသေးကြောင်း ပြောကြားခဲ့သည်။

Most Recent