ရေဘေးအကြောင်းပြပြီး အကောင့်တုများဖြင့် လိမ်လည်အလှူခံခြင်းများရှိနေ

ရေဘေးအကြောင်းပြပြီး အကောင့်တုများဖြင့် လိမ်လည်အလှူခံခြင်းများရှိနေ
Published 31 July 2024

ရေဘေးအကြောင်းပြပြီး အကောင့်တုများဖြင့် လိမ်လည်အလှူခံခြင်းများရှိနေကြောင်း ပရဟိတအဖွဲ့ဝင်အချို့နှင့် ဆရာတော်အချို့က သတိပေးပြောကြားသည်။

" ကိုယ်ရိုက်ထားတဲ့ပုံတောင် တက်တာမကြာသေးဘူး။ အကောင့်တုတွေမှာ အဲ့ဒီပုံတွေနဲ့ အလှူခံနေကြတယ်။ လှူတဲ့သူတွေလည်း သတိထားစေလိုပါတယ်" ဟု လူမှုကူညီရေးအသင်းအဖွဲ့တစ်ခုမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

ထို့ပြင် ဆရာတော်အရှင်ဆန္ဒဇောတိကလည်း လူလိမ်များက ဂိုဏ်းအသွင်ဖွဲ့စည်းကာ ဆရာတော်များ၏ အကောင့်တုများ၊ Page အတုများ ပြုလုပ်ကာ လိမ်လည်အလှူခံခြင်းများရှိနေသည်ဟု ၄င်း၏ လူမှုကွန်ရက်စာမျက်နှာတွင် ရေးသားထားသည်။

" စုံစမ်းမေးမြန်းပြီးမှ လှူပါ၊ သံသယရှိရင် မလှူပါနဲ့။ ယခုအခါ လူလိမ်များက ဂိုဏ်းအသွင် ဖွဲ့စည်းလျက်ဆရာတော်များ၏ ပုံစံတူ အကောင့်တု၊ Page အတုများ၊ပရဟိတဦးဆောင်သူများ၏ ပုံစံတူ အကောင့်တု၊ Page အတုများ၊ပရဟိတအသင်းအဖွဲ့များ၏ ပုံစံတူ အကောင့်တု၊ Page အတုများ ဖွင့်လျက် သော်လည်းကောင်းကလေးလူနာပုံများ လူကြီးလူနာပုံများ ပြလျက် လိုက်လံအလှူခံခြင်း၊စစ်ဘေးရှောင်ဟန်ဆောင်၍ လိုက်လံအလှူခံခြင်း စသည့်အပြင်Online Shop ပုံစံတူ အကောင့်တု၊ Page အတုများ၊ ဖွင့်လှစ်လျက်ရလျင်ရသလောက် အမျိုးမျိုးလိုက်လံ လိမ်လည်နေကြပါသဖြင့် သေချာစွာ စိစစ်မေးမြန်းစုံစမ်းပြီးမှသာ အလှူငွေများ လွှဲအပ်လှူဒါန်းကြပါရန် အသိပေးအပ်ပါသည်" ဟု ဆရာတော်က ၄င်း၏ လူမှုကွန်ရက်စာမျက်နှာတွင် ရေးသားထားသည်။

ယခင်နှစ် ရေဘေးကူညီမှုများတွင်လည်း လိမ်လည်အလှူခံသည့်ဖြစ်စဉ်များရှိပြီး လက်ရှိတွင်လည်း ယင်းသို့လိမ်လည်အလှူခံမှုများရှိနေကြောင်း မေတ္တာသင်္ဂဟအသင်းမှ ကိုမင်းဒင်က ပြောကြားသည်။

" ပြီးခဲ့တဲ့နှစ်တုန်းက လိုင်းပေါ်မှာလိမ်တာတွေလည်းရှိသလို မြေပြင်မှာလိမ်တာတွေလည်းရှိတယ်။ အလှူပစ္စည်း သိန်း ၅၀ ဖိုးလောက်ရှိတယ်။ လာလှူဖို့ ကားခမရှိလို့ ငွေလွှဲပေးပါဆိုတာတောင် ပါတယ်။ အခုက ကျွန်တော်တို့ ဓာတ်ပုံတွေကို ပြန်တင်ပြီး လိမ်တာတွေလည်းရှိနေတယ်။ လှူမယ့်သူတွေက သတိထားလှူကြဖို့ပဲ ပြောလိုပါတယ်" ဟု မေတ္တာသင်္ဂဟအသင်းမှ ကိုမင်းဒင်က ပြောကြားသည်။

လက်ရှိတွင် ပဲခူး၊ ရန်ကုန်၊ မွန်၊ ကရင် အစရှိသည့် ဒေသများတွင် ရေကြီးရေလျှံမှုများ ဖြစ်ပွားနေပြီး ကူညီကယ်ဆယ်ရေးလုပ်ငန်းများ လိုအပ်လျက်ရှိကြောင်း သိရသည်။

Most Read

Most Recent