ထိုင်း-မြန်မာ နယ်စပ်  သို့ ပို့ဆောင်မည့် Starlink ဂြိုဟ်တု ၅၈ လုံးကို ချန်သာဘူရီ၌ ဖမ်းဆီးရမိ

ထိုင်း-မြန်မာ နယ်စပ်  သို့ ပို့ဆောင်မည့် Starlink ဂြိုဟ်တု ၅၈ လုံးကို ချန်သာဘူရီ၌ ဖမ်းဆီးရမိ
Published 20 June 2024

 

ထိုင်း-မြန်မာ နယ်စပ် မဲဆောက်နှင့်မယ်လမဲ့ သို့ ပို့ဆောင်မည့် Starlink ဂြိုဟ်တု ဆက်သွယ်ရေးကရိယာ ၅၈ လုံးကို ချန်သာဘူရီ(Chanthaburi) ပြည်နယ်ရှိ ပါဆယ်ပို့ဆောင်ရေး လုပ်ငန်း ဆိုင်တစ်ခုတွင် ဇွန်လ ၁၉ ရက်နေ့က ဖမ်းဆီးရမိကြောင်းသိရသည်။

ထိုင်း - မြန်မာနယ်စပ် တပ်ခ်ခရိုင်သို့ ပို့ဆောင်မည့် Starlink ဂြိုဟ်တုအင်တာနက် ဆက်သွယ်ရေးကိရိယာ (၅၈) လုံးကို ချန်သာဘူရီ (Chanthaburi) ပြည်နယ်ရှိ ပါဆယ်ပို့လုပ်ငန်းဆိုင်တခု၌ ဖမ်းဆီးမိခဲ့ကြောင်း ဇွန်လ၂၀ ရက်၊ ယနေ့ကျင်းပသည့် သတင်းစာရှင်းလင်းပွဲတွင် ဒစ်ဂျစ်တယ် စီးပွားရေးနှင့် လူမှုအဖွဲ့အစည်းဆိုင်ရာ DES ဝန်ကြီးဌာနဝန်ကြီး Prasert Jantararuangthong က ရှင်းလင်းပြောကြားသည်။

မဲဆောက်နှင့် မယ်လမဲ့မြို့များသို့ လိပ်မူပြီး ပို့ဆောင်ရန်ပြင်ဆင်နေသည့်  Starlink ဂြိုဟ်တု ဆက်သွယ်ရေး ပစ္စည်းများကို ဖမ်းဆီးရမိခြင်းဖြစ်ကြောင်း၊ နယ်စပ်ရှိ အွန်လိုင်းငွေလိမ်ဂိုဏ်းများ၌ အသုံးပြုမည့် ဂြိုဟ်တုဆက်သွယ်ရေးပစ္စည်းများဖြစ်ကြောင်း DES ဝန်ကြီးအဖွဲ့က သတင်းစာရှင်းလင်းပွဲ၌ ပြောဆိုခဲ့သည်။

ဝန်ကြီးက “အခုလို တရားမဝင် သွင်းလာတဲ့ Starlink ဂြိုဟ်တုတွေဟာ အွန်လိုင်းကနေ ငွေကြေးလိမ်လည်တဲ့ ဂိုဏ်းတခုနဲ့ အွန်လိုင်း လောင်းကစားကွန်ရက်တခုရဲ့ ပစ္စည်းတွေဖြစ်တယ်လို့ ယူဆရတယ်၊  ကမ္ဘောဒီးယားနယ်စပ်ကနေ ထိုင်းကိုပို့၊ အဲဒီကနေ မြန်မာနယ်စပ်နားက အွန်လိုင်းလိမ်လည်တဲ့ အဖွဲ့တွေဆီ ပို့ပေးဖို့ဖြစ်တယ် ဟု ဆိုသည်။

ပြီးခဲ့တဲ့ ဇွန်လ ၁၀ ရက်နေ့ကလည်း ကမ္ဘောဒီးယားနှင့် နီးစပ်သည့် (Chanthaburi) ချန်သာဘူရီ ပြည်နယ်၊ Pong Nama Ron ခရိုင်တွင် Starlink ဂြိုဟ်တုဆက်သွယ်ရေး ကိရိယာများ ထည့်ထားသည့် ပုံး ၆ ပုံးကို ထိုင်းရေတပ်က သိမ်းဆည်းရမိခဲ့သည်ဟု သိရသည်။

အွန်လိုင်းငွေကြေးလိမ်လည်သည့်လုပ်ငန်းများ၏ အင်တာနက်ဆက်သွယ်မှုများကို ထိန်းချုပ်နှိမ်နင်းရန် ထိုင်းအစိုးရဘက်က အရှိန်မြင့်လုပ်ဆောင်နေသည့်အတွက် ပြီးခဲ့သည့်မတ်လအတွင်း၌ တရက်လျင် ဘတ် ၁၄၉ သန်းခန့် ဝင်ငွေရှိခဲ့ရာမှ ၂၆ ရာခိုင်နှုန်း ကျဆင်းသွားပြီး ယခုအခါ တရက်လျင် ဘတ်သန်း ၁၁၀ ခန့်သာ ရှိတော့သည့်အကြောင်း ထိုင်းအစိုးရတာဝန်ရှိသူက ပြောကြားသည်။ 

Free Burma Rangers အဖွဲ့ တည်ထောင်သူ David Eubank က မြန်မာနိုင်ငံ ကရင်နီဒေသ၌ ၂၀၂၃ ခုနှစ် ဇွန်လမှစတင်၍ Starlink အင်တာနက်ကို စတင်သုံးစွဲခဲ့ကြောင်း Twitter တွစ်တာ လူမှုကွန်ရက်တွင် ဖော်ပြခဲ့သည်။

Most Read

Most Recent