ဘင်္ဂလားဒေ့ရှ်တွင် ရဲတပ်ဖွဲ့က ဆေးရုံတင်ထားရသည့် ဆန္ဒပြကျောင်းသားခေါင်းဆောင်များကို အတင်းအကျပ်ခေါ်ဆောင်သွားခဲ့

ဘင်္ဂလားဒေ့ရှ်တွင် ရဲတပ်ဖွဲ့က ဆေးရုံတင်ထားရသည့် ဆန္ဒပြကျောင်းသားခေါင်းဆောင်များကို အတင်းအကျပ်ခေါ်ဆောင်သွားခဲ့
ဇူလိုင် ၂၀ ရက်က ဒါကာမြို့တော်တွင် ကာဖျူးမိန့်ထုတ်ပြန်ပြီးနောက် လုံခြုံရေးယူထားသည့် စစ်သားများကို တွေ့ရစဉ်(Photo: AFP)
ဇူလိုင် ၂၀ ရက်က ဒါကာမြို့တော်တွင် ကာဖျူးမိန့်ထုတ်ပြန်ပြီးနောက် လုံခြုံရေးယူထားသည့် စစ်သားများကို တွေ့ရစဉ်(Photo: AFP)
Published 27 July 2024

ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် ဆူပူအုံကြွမှုအတွင်း ဒဏ်ရာရရှိခဲ့သဖြင့် ဆေးရုံတင်ထားရသည့် ဆန္ဒပြကျောင်းသားခေါင်းဆောင်များကို ရဲစုံထောက်များက ဇူလိုင် ၂၆ ရက်တွင် ဆေးရုံမှ အတင်းအကျပ်ဆင်းစေပြီး အမည်မသိရသည့် နေရာသို့ ခေါ်ဆောင်သွားခဲ့ကြောင်း ဆေးရုံဝန်ထမ်းတစ်ဦးက အေအက်ဖ်ပီသတင်းဌာနကို ပြောကြားခဲ့သည်။

ရဲတပ်ဖွဲ့၏ ခေါ်ဆောင်သွားခြင်းခံခဲ့ရသူများသည် မကြာသေးမီက ဘင်္ဂလားဒေ့ရှ်တွင် အစိုးရ၏ အလုပ်အကိုင်ခွဲတမ်းချသည့် အစီအစဉ်ကို ဆန့်ကျင်ဆန္ဒပြခဲ့သည့် ဆန္ဒပြမှုများကို ဦးဆောင်သည့် ခွဲခြားဆက်ဆံမှုဆန့်ကျင်သည့် ကျောင်းသားများအဖွဲ့မှအဖွဲ့ဝင်များဖြစ်သည့် နာဟစ် အစ္စလာမ်၊ အာဆစ်ဖ် မာမွတ်နှင့် အဘူဘာကာ မာဂျွမ်ဒါတို့ ဖြစ်သည်။

ထိုဆန္ဒပြမှုများအတွင်း ဆန္ဒပြသူများနှင့် ရဲတပ်ဖွဲ့အကြား အဓိကရုဏ်းများဖြစ်ပွားခဲ့သဖြင့် လူပေါင်း ၁၉၃ ဦးထက်မနည်းသေဆုံးခဲ့သည်ဟု ရဲတပ်ဖွဲ့နှင့် ဆေးရုံများ၏ထုတ်ပြန်ချက်များကို ကိုးကားပြီး အေအက်ဖ်ပီ သ တင်းဌာနက ဖော်ပြခဲ့သည်။

ရဲတပ်ဖွဲ့၏ ခေါ်ဆောင်သွားခံခဲ့ရသူ သုံးဦးအနက်နှစ်ဦးမှာ အစောပိုင်းက ရဲစခန်းတွင် ညှင်းပန်နှိပ်စက်ခံရမှုကြောင့်ရရှိခဲ့သည့် ဒဏ်ရာများကို ဒါကာမြို့တော်ရှိ ဆေးရုံတွင် ဆေးဝါးကုသမှုခံယူခဲ့ရသူများဖြစ်သည်။

“သူတို့တွေကို ဆေးရုံက ခေါ်သွားပါတယ်။ လာခေါ်သွားတဲ့လူတွေက စုုံစမ်းထောက်လှမ်းရေးဌာနကပါ။”ဟု Gonoshasthaya ဆေးရုံ၏ ကြီးကြပ်ရေးမှူး အန်ဝါရာ ဘီဂျမ်လပ်ကီးက အေအက်ဖ်ပီသတင်းဌာနကို ပြောကြားခဲ့သည်။

ကျောင်းသားခေါင်းဆောင်းများကို ဆေးရုံမှမဆင်းစေချင်သော်လည်း ရဲတပ်ဖွဲ့က ဆေးရုံအကြီးအကဲကို ဖိအားပေးပြီးကျောင်းသားများကို အတင်းအကျပ်ဆေးရုံဆင်းစေခဲ့သည်ဟု ၎င်းက ပြောကြားခဲ့သည်။

အစ္စလာမ်၏ အစ်မအကြီးဆုံးဖြစ်သည့် ဖာတီမာတက်စ်နင်မ်က အရပ်ဝတ်ဖြင့် စုံထောက်ခြောက်ဦးသည် ကျောင်းသားသုံးဦးကို လာရောက်ခေါ်ဆောင်သွားခဲ့ခြင်းဖြစ်သည်ဟု ပြောကြားခဲ့သည်။

ဘင်္ဂလားဒေ့ရှ်တွင် အစိုးရ၏ အလုပ်အကိုင်များ ခွဲတမ်းချသည့် စနစ်အရလစာကောင်းသည့် အစိုးရဝန်ထမ်းနေရာစုစုပေါင်း၏ ထက်ဝက်ကျော်ဖြစ်သည့် သောင်းနှင့်ချီသည့် ဝန်ထမ်းနေရာများကို ၁၉၇၁ ခု နှစ်က ပါကစ္စတန်နှင့်ဖြစ်ပွားသည့် ဘင်္ဂလားဒေ့ရှ်လွတ်မြောက်ရေးစစ်ပွဲအတွင်းမှ စစ်မှုထမ်းဟောင်းများ၏ ကလေးများပါဝင်သည့် အထူးအုပ်စုအတွက် သီးသန့်ဖယ်ထားခြင်းဖြစ်သဖြင့် ထိုစနစ်ကို ဖျက်သိမ်းရန် ကျောင်း သားများက ဦးဆောင်ပြီး ဆန္ဒပြခဲ့ခြင်းဖြစ်သည်။

ထို့နောက် တရားရုံးချုပ်က အလုပ်အကိုင်ခွဲတမ်းစနစ်တွင် အစိုးရ၏အလုပ်အ ကိုင်များခွဲတမ်းချမှုအရေအတွက်ကို လျှော့ချခဲ့ပြီး အစိုးရဝန်ထမ်းနေရာ စုစုပေါင်း၏ ၅ ရာခိုင်နှုန်းကိုသာ ဘင်္ဂလားဒေ့ရှ်လွတ်လပ်ရေးစစ်ပွဲတွင် ဝင်ရောက်တိုက်ခိုက်ခဲ့သည့် စစ်မှုထမ်းဟောင်းများ၏ ကလေးများအ တွက် သီးသန့်ဖယ်ထားရန်လျှော့ချပေးခဲ့ပြီးနောက် ယခုသီတင်းပတ်တွင် ဆန္ဒပြမှုများရပ်တန့်ခဲ့သည်။

ဘင်္ဂလားဒေ့ရှ်တွင် လူငယ် ၁၈ သန်းခန့် အလုပ်လက်မဲ့ဖြစ်ကြောင်း အစိုးရ၏စာရင်း ဇယားများအရသိရပြီး ဘွဲ့ရပညာတတ်လူငယ်များအကြား အလုပ်အကိုင်ရရှိရန် အခက်တွေ့နေမှုကြောင့် လူငယ်များအကြား မကျေနပ်ချက်များကြီးထွားခဲ့ကာ ဆန္ဒပြမှုများပေါ်ပေါက်လာခဲ့ခြင်းဖြစ်သည်။

ပြီးခဲ့သည့်သီတင်းပတ်က စတင်ဖြစ်ပွားခဲ့သည့် ဆူပူအုံကြွမှုများအတွင်း ဒါကာမြို့တော်တွင် လူ ၂၅၀၀ ခန့်အပါအဝင် နိုင်ငံတစ်ဝန်းလူပေါင်း ၄၀၀၀ ခန့်ကို ဖမ်းဆီးခဲ့ကြောင်း ရဲတပ်ဖွဲ့က ပြောကြားခဲ့သည်။  

Ref: AFP

Most Read

Most Recent