၂၀၂၅ အာရှဖလား ယူ-၁၇ ခြေစစ်ပွဲဝင်မည့် မြန်မာ ယူ-၁၆ အသင်းကို ပြန်လည်ပြင်ဆင်ဖွဲ့စည်းရန်  A၊B ဟူ၍ အသင်းနှစ်သင်းခွဲပြီး သုံးရက်ဆက် လူရွေးခြေစမ်းပွဲများ ယှဉ်ပြိုင်ကစားစေမည်

၂၀၂၅ အာရှဖလား ယူ-၁၇ ခြေစစ်ပွဲဝင်မည့် မြန်မာ ယူ-၁၆ အသင်းကို ပြန်လည်ပြင်ဆင်ဖွဲ့စည်းရန်  A၊B ဟူ၍ အသင်းနှစ်သင်းခွဲပြီး သုံးရက်ဆက် လူရွေးခြေစမ်းပွဲများ ယှဉ်ပြိုင်ကစားစေမည်
Photo: MFF
Photo: MFF
Published 22 July 2024

မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်(MFF) သည် ၂၀၂၅ အာရှဖလား ယူ-၁၇ ခြေစစ်ပွဲဝင်မည့် မြန်မာ ယူ-၁၆ အသင်းကို ပြန်လည်ပြင်ဆင်ဖွဲ့စည်းရန်  A၊B ဟူ၍ အသင်းနှစ်သင်းခွဲပြီး သုံးရက်ဆက် လူရွေးခြေစမ်းပွဲများ ယှဉ်ပြိုင်ကစားစေမည်ဖြစ်ကြောင်း သိရသည်။

မြန်မာ ယူ-၁၆ အသင်းသည် ပြီးခဲ့သည့် ဇွန်လအတွင်းက ၂၀၂၄ အာဆီယံ ယူ-၁၆ ချန်ပီယံရှစ်ပြိုင်ပွဲ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ရာ ဘရူနိုင်းအသင်းကိုသာ အနိုင်ရခဲ့ပြီး ကမ္ဘောဒီးယား နှင့် ဗီယက်နမ်အသင်းတို့ကို ရှုံးနိမ့်ကာ အုပ်စုအဆင့်မှ ထွက်ခဲ့ရသည်။

ထို့ ကြောင့် MFF သည် မြန်မာ ယူ-၁၆ အသင်းကို ပြန်လည်ပြင်ဆင်ဖွဲ့စည်းရန် ဆုံးဖြတ်ခဲ့ပြီး ဂျပန်နိုင်ငံသား မီတအား နည်းပြချုပ်ရာထူးမှ အနားပေးကာ MFF နည်းစနစ်ဒါရိုက်တာ ရာထူးကိုသာ ဆက်လက်ထမ်းဆောင်စေရန် တာဝန်ပေးအပ်ထားကြောင်း သိရသည်။

မြန်မာ ယူ-၁၆ အသင်းသည် ၂၀၂၄ အာဆီယံ ယူ-၁၆ ချန်ပီယံရှစ်ပြိုင်ပွဲ အုပ်စုအဆင့်တွင်  ဘရူနိုင်းအသင်းကို(၈-၁) ဂိုးဖြင့် အနိုင်ရခဲ့ပြီး ကမ္ဘောဒီးယားအသင်းကို(၁-၂) ဂိုး၊ ဗီယက်နမ်အသင်းကို(၁-၅) ဂိုးတို့ဖြင့် ရှုံးနိမ့်ကာ ပြိုင်ပွဲမှထွက်ခဲ့ရခြင်းဖြစ်သည်။

MFF သည် လက်ရှိတွင်  ၂၀၂၄ အာဆီယံ ယူ-၁၆ ချန်ပီယံရှစ် ပြိုင်ပွဲဝင်ခဲ့သည့် မြန်မာ ယူ-၁၆ အသင်းကို အသင်း(A) အဖြစ် သတ်မှတ်ကာ နည်းပြချုပ်အဖြစ် ဦးအောင်ဇော်မျိုးအား ကိုင်တွယ်ရန် တာဝန်ပေးအပ်ထားကြောင်း သိရသည်။

ဦးအောင်ဇော်မျိုးသည် ၂၀၂၄ အာဆီယံ ယူ -၁၆ ချန်ပီယံရှစ်ပြိုင်ပွဲဝင်  မြန်မာ ယူ-၁၆ အသင်းတွင် လက်ထောက်နည်းပြအဖြစ် တာဝန်ယူဆောင်ရွက်ခဲ့သူဖြစ်သလို ၂၀၂၂ ခုနှစ်အတွင်းက မြန်မာ ယူ-၁၆ အသင်း နည်းပြချုပ်အဖြစ် ဆောင်ရွက်ခဲ့သူဖြစ်သည်။

ထို့ ပြင် ဦးအောင်ဇော်မျိုးသည် မြန်မာနေရှင်နယ်လိဂ်ကလပ်အသင်းများဖြစ်သည့် မကွေးအသင်း၊ ရခိုင်ယူနိုက်တက်အသင်းတို့ကိုလည်း တာဝန်ယူကိုင်တွယ်ခဲ့ဖူးသူဖြစ်သည်။

MFF သည် မြန်မာ ယူ-၁၆ အသင်းကို ပြန်လည်ပြင်ဆင်ဖွဲ့စည်းရန် လက်ရှိတွင် မြန်မာ ယူ-၁၆(B)အသင်းကို ကစားသမား (၃၁) ဦးဖြင့် ဖွဲ့စည်းထားပြီး နည်းပြချုပ်အဖြစ် ဦးမင်းသူအား ကိုင်တွယ်ရန် တာဝန်ပေးအပ်ထားကြောင်း သိရသည်။

မြန်မာ ယူ-၁၆(B) အသင်းကို အမျိုးသားဘောလုံးအကယ်ဒမီ (ရန်ကုန်)၊ မြန်မာဘောလုံးအကယ်ဒမီ (မန္တလေး) တို့မှ ခြေစွမ်းကောင်းမွန်သည့် ကစားသမားများနှင့် FIFA-MFF ယူ-၁၇ လိဂ်ပြိုင်ပွဲမှ ခြေစွမ်းကောင်းမွန်သည့် ကစားသမားများတို့ဖြင့် ပေါင်းစပ်ဖွဲ့စည်းထားခြင်းဖြစ်ကြောင်း သိရသည်။

မြန်မာ ယူ-၁၆ (A၊ B) အသင်းနှစ်သင်းတို့၏ လူရွေးခြေစမ်းပွဲများကို ဇူလိုင် ၂၃၊ ၂၄ ရက်များတွင် ညနေ ၃ နာရီခွဲအချိန်၌  သုဝဏ္ဏလေ့ကျင့်ရေးကွင်း(၅) တွင်လည်းကောင်း၊ ဇူလိုင် ၂၅ ရက်၊ ညနေ ၄ နာရီတွင် သုဝဏ္ဏကွင်း၌လည်းကောင်း ကျင်းပပြုလုပ်သွားမည်ဖြစ်ပြီး ခြေစွမ်းကောင်းမွန်သည့်ကစားသမားများကို ရွေးချယ်သွားမည်ဖြစ်ကြောင်း သိရသည်။

Most Read

Most Recent