ရာသီကြိုခြေစမ်းခရီး၌ ပရီးမီးယားလိဂ်အသင်းများထဲတွင် မန်ယူ၊ အာဆင်နယ်၊ စပါးနှင့် ချယ်လ်ဆီး မိုင်အကွာအဝေး အများဆုံးသွားရမည်

ရာသီကြိုခြေစမ်းခရီး၌ ပရီးမီးယားလိဂ်အသင်းများထဲတွင် မန်ယူ၊ အာဆင်နယ်၊ စပါးနှင့် ချယ်လ်ဆီး မိုင်အကွာအဝေး အများဆုံးသွားရမည်
Photo: Daily Mail
Photo: Daily Mail
Published 22 July 2024

ရာသီကြိုကာလ ခြေစမ်းခရီးတွင် မိုင်အကွာအဝေး အများဆုံးသွားရမည့် ပရီးမီးယားလိဂ်ကလပ်အဖြစ် မန်ယူ၊ အာဆင်နယ်၊ စပါး၊ ချယ်လ်ဆီးအသင်းတို့ ရပ်တည်နေပြီး ထိပ်သီးအသင်းများအနက် လီဗာပူးလ်အသင်းက ခရီးအတိုဆုံးသွားရမည်ကြောင်း သိရသည်။

ဗြိတိန်အခြေစိုက် Daily Mail သတင်းဌာနက နွေရာသီကာလတွင် ပရီးမီးယားလိဂ်ကလပ်များ ခရီးသွားရမည့် အကွာအဝေးစုစုပေါင်းကို ခန့်မှန်းတွက်ချက်ထားခြင်းဖြစ်ပြီး Big Six စာရင်းဝင် အာဆင်နယ်၊ ချယ်လ်ဆီး၊ လီဗာပူးလ်၊ မန်စီးတီး၊ မန်ယူအသင်းတို့မှာ အမေရိကန်သို့ သွားရောက်ရန် စီစဉ်ထားကာ စပါးအသင်းမှာမူ အာရှဒေသဖြစ်သည့် ဂျပန်နှင့် တောင်ကိုရီးယားသို့ ခြေစမ်းခရီး သွားရောက်မည်ဖြစ်သည်။

ကလပ်အသင်း (၂၀)အနက် မန်ယူအသင်းက ခရီးအကွာအဝေး (၁၆၂၁၃)မိုင်ဖြင့် အများဆုံးသွားရမည်ဖြစ်ကြောင်း သိရသည်။

မန်ယူအသင်းသည် ဇူလိုင် (၁၅)ရက်တွင် နော်ဝေနိုင်ငံ၌ ရိုစင်ဘော့အသင်း၊ ဇူလိုင်(၂၀)ရက်တွင် စကော့တလန်နိုင်ငံ၌ ရိန်းဂျားစ်အသင်းတို့နှင့် ယှဉ်ပြိုင်ကစားထားပြီး အမေရိကန်သို့သွားရောက်၍ အာဆင်နယ်၊ ဘက်တစ်၊ လီဗာပူးလ် အသင်းတို့နှင့် ကစားမည်ဖြစ်သလို၊ ဝင်ဘလေကွင်း၌ မန်စီးတီးအသင်းနှင့် ကွန်မြူနတီဒိုင်းပြိုင်ပွဲ ကစားရမည် ဖြစ်သည်။

အမေရိကန်နှင့် အိမ်ကွင်း အီမရိတ်စ်၌ ခြေစမ်းပွဲ (၅)ပွဲ ယှဉ်ပြိုင်ကစားသွားမည့် အာဆင်နယ်အသင်းက (၁၅၀၁၄)မိုင်ဖြင့် ဒုတိယ၊ အင်္ဂလန်၊ ဂျပန်နှင့် တောင်ကိုရီးယားအပြင် အိမ်ကွင်းပွဲအပါအဝင် (၆)ပွဲ ယှဉ်ပြိုင်ကစားမည့် စပါးအသင်းက (၁၂၈၂၇)မိုင်ဖြင့် တတိယ၊ အမေရိကန်နှင့် အိမ်ကွင်း၌ (၆)ပွဲ ယှဉ်ပြိုင်ကစားမည့် ချယ်လ်ဆီးအသင်းက (၁၂၆၁၂)မိုင်ဖြင့် စတုတ္ထ၊ ဂျပန်နှင့် အင်္ဂလန်၌ (၄)ပွဲ ယှဉ်ပြိုင်ကစားမည့် ဘရိုက်တန်အသင်းက (၁၁၉၇၀)မိုင်ဖြင့် အဆင့်(၅)နေရာတွင် အစဉ်လိုက် ရပ်တည်နေသည်။

Big Six အသင်းများအနက် ပရီးမီးယားလိဂ်ချန်ပီယံ မန်စီးတီးအသင်းက (၉၇၉၅)မိုင်ဖြင့် အဆင့် (၁၁)၊ လီဗာပူးလ်အသင်းက (၈၂၄၆)မိုင်ဖြင့် အဆင့် (၁၃)နေရာတွင် ရှိနေသည်။

ဂျပန်သို့ ခြေစမ်းခရီးထွက်မည့် နယူးကာဆယ်အသင်းက (၁၁၈၀၀)မိုင်ဖြင့် အဆင့်(၆)၊ အမေရိကသွားမည့် အက်စတွန်ဗီလာအသင်းက (၁၁၇၇၇)မိုင်ဖြင့် အဆင့်(၇)နေရာများတွင် ရပ်တည်လျက်ရှိသည်။

ခရီးအကွာအဝေး အနည်းဆုံးသွားရမည့်အသင်းအဖြစ် အဲဗာတန်အသင်းက မိုင် (၇၀၀) ဖြင့် ရပ်တည်နေပြီး အိုင်ယာလန်၊ အင်္ဂလန်နှင့် အိမ်ကွင်း၌ (၅)ပွဲ ယှဉ်ပြိုင်ကစားမည်ဖြစ်သည်။

တန်းတက်(၃)သင်းတွင် အစ်ဝစ်ချ်အသင်းက (၂၅၈၅)မိုင်၊ ဆောက်သမ်တန်အသင်းက (၂၀၆၈)မိုင်)၊ လက်စတာအသင်းက (၁၃၈၈)မိုင် သွားရမည်ဖြစ်ကြောင်း သိရသည်။

Most Recent