မိမိ၏လက်ဝှေ့သမားဘဝ ရင်ဆိုင်ခဲ့ဖူးသည့် ပြိုင်ဘက်များထဲတွင် ပက်ကီယောင်း အကောင်းဆုံးဟု မေဝယ်သာ မှတ်ချက်ပြု

မိမိ၏လက်ဝှေ့သမားဘဝ ရင်ဆိုင်ခဲ့ဖူးသည့် ပြိုင်ဘက်များထဲတွင် ပက်ကီယောင်း အကောင်းဆုံးဟု မေဝယ်သာ မှတ်ချက်ပြု
Photo: DAZN
Photo: DAZN
Published 26 June 2024

 

နာမည်ကျော် အမေရိကန်လက်ဝှေ့သမားဟောင်းဖြစ်သူ ဖလွိုက်မေဝယ်သာက သူ၏လက်ဝှေ့သမားဘဝ၌ ရင်ဆိုင်ခဲ့ဖူးသည့် ပြိုင်ဘက်များထဲတွင် ဖိလစ်ပိုင်လက်ဝှေ့အကျော်အမော်ဟောင်း ပက်ကီယောင်းမှာ အကောင်းဆုံးဖြစ်ကြောင်း မှတ်ချက်ပြုခဲ့သည်။

၎င်းတို့နှစ်ဦးသည် ၂၀၁၅ ခုနှစ်က ရင်ဆိုင်ထိုးသတ်ခဲ့ပြီး မေဝယ်သာက အငြင်းပွားဖွယ်မရှိ ၁၁၆-၁၁၂၊ ၁၁၆-၁၁၂၊ ၁၁၈-၁၁၀ မှတ်ဖြင့် အနိုင်ယူခဲ့ခြင်းဖြစ်သည်။ ယင်းပွဲထိုးသတ်ရန် ၂၀၀၉ ခုနှစ်ကတည်းက စတင်ညှိနှိုင်းခဲ့ပြီး (၆)နှစ်ကြာမှ အကောင်အထည်ပေါ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ 

ဟွမ်မန်နျူရယ်မားကွက်ဇ်၊ ဒယ်လာဟိုယာ၊  ကာနီလိုအယ်လ်ဗာရက်ဇ်စသည့် လက်ဝှေ့ကျော် များကိုလည်း အနိုင်ယူခဲ့ဖူးသည့် မေဝယ်သာက  Million Dollaz Worth podcast အစီအစဉ်တွင် ပက်ကီယောင်းအား အကောင်းဆုံးပြိုင်ဘက်အဖြစ် ရွေးချယ်ခဲ့ခြင်းဖြစ်သည်။ မေဝယ်သာသည် ယင်းပွဲအပြီး ဘာတို၊ မက်ဂရီဂေါ်တို့နှင့် ထိုးသတ်ပြီးနောက် နိုင်ပွဲ(၅၀)၊ ရှုံးပွဲမရှိမှတ်တမ်းဖြင့် အနားယူခဲ့သည်။

မေဝယ်သာသည် တစ်နိုင်ငံတည်းသားဖြစ်သူ ဂျွန်ဂေါ့တီ III နှင့် သရုပ်ပြလက်ဝှေ့ပွဲစဉ် မကျေပွဲကို သြဂုတ်(၂၄)ရက်တွင် မက္ကဆီကိုနိုင်ငံ၌ ကျင်းပမည်ဖြစ်ကြောင်း သိရသည်။ အသက်(၄၇) နှစ်ရှိပြီ ဖြစ်သူ မေဝယ်သာသည် ပရော်ဖက်ရှင်နယ်ဘဝမှ အနားယူပြီးနောက် သရုပ်ပြလက်ဝှေ့ပွဲများ ထိုးသတ်လျက်ရှိပြီး ပြီးခဲ့သည့်နှစ် ဇွန်လအတွင်း ဂျွန်ဂေါ့တီ နှင့် အမေရိကန်နိုင်ငံရှိ FLA Live Arena ၌ ထိုးသတ်ခဲ့သည်။

 

Most Read

Most Recent