အမေရိကန် သမ္မတရွေးကောက်ပွဲကို ဝင်မပြိုင်တော့ကြောင်း ဘိုင်ဒင် ပြောကြား

အမေရိကန် သမ္မတရွေးကောက်ပွဲကို ဝင်မပြိုင်တော့ကြောင်း ဘိုင်ဒင် ပြောကြား
Published 22 July 2024
Ref: CNN

လက်ရှိ အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်က သူသည် လာမည့်နိုဝင်ဘာလတွင်ပြုလုပ်မည့် အမေရိကန် သမ္မတရွေးကောက်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်တော့မည်မဟုတ်ကြောင်း X လူမှုမီဒီယာတွင်ကြေညာသွားသည်။ 

ဒီမိုကရက်တစ်ပါတီ  သမ္မတလောင်းအဖြစ် ကမ်မလာဟဲရစ်ကို ရွေးချယ်ဖို့အတွက် ဂျိုးဘိုင်ဒင်က တိုက်တွန်းခဲ့ကြောင်း သိရသည်။

ဂျိုးဘိုင်ဒင် ၏ ကျန်းမာရေးကို စောင့်ကြည့် တာဝန်ယူရသည့် ဒေါက်တာကက်ဗင်အိုကွန်နာ အဆိုအရ ဘိုင်ဒင်သည် နှာစေး၊ ချောင်းဆိုးလက္ခဏာများ ခံစားနေရပြီး ကိုယ်အပူချိန်နှင့် အောက်ဆီဂျင်ပမာဏတို့က ပုံမှန်ပင် ဖြစ်သည်။ 

လက်တင်အမေရိကန်သားများနှင့် တွေ့မည့် မဲဆွယ်ပွဲသို့တက်ရောက်ရန် ဂျိုးဘိုင်ဒင်က ဇူလိုင် ၁၇ ရက်တွင် လတ်စ်ဗေးဂတ်စ်သို့ ရောက်လာသော်လည်း ကိုဗစ်အဖြေ Positive ထွက်သည့်အတွက် ပွဲကိုမတက်တော့ဘဲ နေအိမ်ရှိရာ ဒယ်လ်လာဝဲပြည်နယ် သို့ ပြန်လာခဲ့ရသည်။

ရွေးကောက်ပွဲနီးကာမှ ဘိုင်ဒင်က ပုံမှန် မဟုတ်သည့်အပြောအဆို၊ အမူအရာများ ပြုမူပြောဆိုလာသည့်အတွက် ၎င်းင်း၏ ဒီမိုကရက်တစ်ပါတီအတွင်း၌ပင် ဘိုင်ဒင်ကို ပါတီသမ္မတလောင်းအဖြစ် ထောက်ခံရေးကိစ္စတွင် အမြင်ကွဲလာကြသည်။

ဒေါ်နယ်ထရမ့်နှင့် စကားစစ်ထိုးပွဲတွင်လည်း အားရစရာမကောင်းသည့် အပြောအဆိုများ အပါအဝင် အသက် ၈၁ နှစ်အရွယ်ရှိ ဂျိုးဘိုင်ဒင်၏ လတ်တလောလများအတွင်း ပြုမူပုံများသည် ၎င်း၏ စိတ်အခြေအနေကို သံသယ ဖြစ်စရာကောင်းစေခဲ့သည်။ ရွေးကောက်ခံ သမ္မတတစ်ဦး၏ ကိုယ်ကျန်းမာရေးနှင့် စိတ် ကျန်းမာရေးကို မေးခွန်းထုတ်လာကြသည်မှာ ယခု ပထမဆုံးလည်းဖြစ်သည်။

ဂျိုးဘိုင်ဒင်သည်  ယူကရိန်းသမ္မတ ဇယ်လင်စကီကို သမ္မတပူတင်ဟု နာမည်မှား မိတ်ဆက်ပေးခဲ့မိသဖြင့် ရုရှားမီဒီယာတွင်  အလှောင်ခံခဲ့ရသည်။ ၀ါရှင်တန်တွင် ဇူလိုင်လ ၁၁ ရက်ကပြုလုပ်သည့်  နေတိုးထိပ်သီးအစည်းအဝေးတွင် ဘိုင်ဒင်က ယူကရိန်းသမ္မတ ပြောမည့်အလှည့်၌ ဇယ်လင်စကီနာမည်ကို မိတ်ဆက်ပေးရမည်ဖြစ်သော်လည်း သမ္မတ ပူတင်ဟု ပြောမိသွားသည်။ ထို့နောက် နေတိုး အစည်းအဝေးအပြီး သတင်းစာရှင်းလင်းပွဲ တွင် ဒုတိယသမ္မတ ကမ်မလာဟဲရစ်ဟု ပြော ရမည့်အစား ဒုတိယသမ္မတထရန့်ဟု မှားပြောခဲ့ပြန်သည်။

စိတ်နှင့် လူ မကပ်သည့် ဘိုင်ဒင်၏နောက်ထပ်အပြုအမူကို ဒီမိုကရက်တစ်ပါတီ အတွက် ဇွန် ၁၅ ရက်ကပြုလုပ်သည့် ရန်ပုံငွေ ရှာဖွေပွဲတစ်ခုတွင် ထပ်တွေ့ရသည်။ ထိုပွဲကို ဘိုင်ဒင်နှင့် အိုဘားမားတို့ တက်ရောက်ကြသည်။ အိုဘားမားက ပရိသတ်ကို ရယ်မောလျက် လက်ပြတုံ့ပြန်ခဲ့သော်လည်း ဘိုင်ဒင်က အူကြောင်ကြောင်အနေအထားဖြင့် ရပ်နေခဲ့သည့်အတွက် အိုဘားမားက ဘိုင်ဒင်လက်ကို ဆွဲကာ ပရိသတ်ရှေ့မှ ခေါ်ထုတ်သွားခဲ့ရသည်။