ထိုင်းကုမ္ပဏီများ မြန်မာနိုင်ငံမှ ထွက်ခွာနေသဖြင့် ရင်းနှီးမြှုပ်နှံမှုကဏ္ဍတွင် ဒေါ်လာ ၇ ဘီလျံခန့် ဆုံးရှုံးနစ်နာခဲ့

ထိုင်းကုမ္ပဏီများ မြန်မာနိုင်ငံမှ ထွက်ခွာနေသဖြင့် ရင်းနှီးမြှုပ်နှံမှုကဏ္ဍတွင် ဒေါ်လာ ၇ ဘီလျံခန့် ဆုံးရှုံးနစ်နာခဲ့
Published 14 July 2024
Ref: Thaiger

မြန်မာနိုင်ငံတွင်ဖြစ်ပွားနေသည့် လက်နက်ကိုင်ပဋိပက္ခနှင့် စီးပွားရေးမတည်ငြိမ်မှုသည် ပိုမိုမြင့်တက်လာချိန်တွင် ထိုင်းကုမ္ပဏီများသည် မြန်မာနိုင်ငံမှ ပြန်လည်ထွက်ခွာနေသည်ဟု Thaiger သတင်း ဝက်ဘ်ဆိုက်တွင် ဖော်ပြထားသည်။

မြန်မာ့တပ်မတော်နှင့် တိုင်းရင်းသားလက်နက်ကိုင်များ၏ ပဋိပက္ခသည် အရှိန်လျော့ကျလာမည့် အရိပ်အယောင်မရှိသဖြင့် ထိုင်းကုမ္ပဏီများသည် မြန်မာနိုင်ငံ၏ ရင်းနှီးမြှုပ်နှံမှုကဏ္ဍမှ ဒေါ်လာ ၇ ဘီလျံ (ဘတ် ၂၅၃ ဘီလျံ) ကို ပြန်လည်ထုတ်ယူရသည့် အခြေအနေသို့ ရောက်ရှိစေခဲ့သည်။

ရင်းနှီးမြှုပ်နှံမှုများသည် ဒေါ်လာ ၁၁ ဒသမ ၆ ဘီလျံတန်ဖိုးရှိ ပရောဂျက် ၁၅၅ ခုရှိခဲ့ရာမှ ဒေါ်လာ ၄ ဒသမ ၄၅ ဘီလျံသာ တန်ဖိုးရှိသည့် ပရောဂျက် ၁၀၅ ခုအထိ ကျဆင်းသွားမှုနှင့်အတူ တစ်ချိန်က မြန်မာနိုင်ငံ၏ တတိယအကြီးဆုံး ရင်းနှီးမြှုပ်နှံသူများဖြစ်သည့် ထိုင်းကုမ္ပဏီများသည် လက်ရှိတွင် ပ ဉ္စမနေရာသို့ ကျဆင်းသွားခဲ့သည်။

ထိုင်းကုမ္ပဏီများ ထွက်ခွာမှုသည် ပရောဂျက် ၅၀ ခန့် ဆုံးရှုံးသွားခဲ့ခြင်းဖြစ်ပြီး မြန်မာ့စီးပွားရေးအတွက် ကြီးမားသည့် ထိုးနှက်ချက်တစ်ခုဖြစ်ခဲ့သည်။

၂၀၂၄ ခုနှစ် ဇန်နဝါရီလမှ မေလအထိ ထိုင်းနှင့်မြန်မာအကြား ကုန်သွယ်မှုတန်ဖိုးသည် ဒေါ်လာ ၃ ဘီလျံရှိခဲ့ပြီး ထိုပမာဏသည် ပြီးခဲ့သည့်နှစ်ကထက် ၁၀ ဒသမ ၄၆ ရာခိုင်နှုန်းကျဆင်းသွားခဲ့သည်ဟဟု Prachachat သတင်းဝက်ဘ်ဆိုက်က ဖော်ပြခဲ့သည်။

မြန်မာနိုင်ငံ၏ နှောင့်နှေးကြန့်ကြာသည့် သွင်းကုန်လိုင်စင် လုပ်ထုံးလုပ်နည်းများကြောင့် ထိုင်း၏ ပို့ကုန်ကဏ္ဍသည် ၁၁ ဒသမ ၈၁ ရာခိုင်နှုန်း (ဒေါ်လာ ၁ ဒသမ ၇) ဘီလျံ လျော့ကျခဲ့ကာ ထိုင်း၏ သွင်းကုန်ကဏ္ဍတွင်လည်း ၈ ဒသမ ၅၂ ရာခိုင်နှုန်း (ဒေါ်လာ ၁ ဒသမ ၂ ဘီလျံ) အထိ ကျဆင်းခဲ့သည်။

ထို့ကြောင့် ထိုင်းနှင့် မြန်မာအကြား ကုန်သွယ်ရေးတွင် ထိုင်းဘက်မှ ကုန်သွယ်ရေးပိုငွေပြမှုသည် ဒေါ်လာ ၄၉၉ ဒသမ ၃ သန်းအထိ ရှိခဲ့သည်။

ထိုအခြေအနေကို တုံ့ပြန်သည့်အနေဖြင့် မြန်မာအစိုးရသည် ၎င်းဘက်မှ ကုန်သွယ်ရေး လိုငွေပြမှုကို လျှော့ချရန် တင်းကျပ်သည့် အားထုတ်ကြိုးပမ်းမှုများကို ပြုလုပ်ခဲ့ကာ သွင်းကုန်လိုင်စင်များမပါဘဲ ဆိပ်ကမ်းများ သို့မဟုတ် လေဆိပ်များတွင် တွေ့ရှိသည့် ကုန်စည်များကို အရေးယူမည့် တင်းကျပ်သော စီမံချက်များကို ကြေညာခဲ့သည်။

ဇူလိုင် ၁ ရက်အထိ ဓာတ်မြေဩဇာများနှင့် သံမဏိအပါအဝင် ကုန်စည် ခုနစ်မျိုးသည် မြန်မာနိုင်ငံ၏ Foreign Exchange Supervisory Committee (FESC) ထံမှ သွင်းကုန်လိုင်စင်များ ရယူရန်လိုအပ်ခဲ့သည်။

ဇူလိုင် ၅ ရက် တွင် နောက်ဆုံးရအချက်အလက်များကို ထည့်သွင်းဖော်ပြထားသည့် ရန်ကုန်မြို့ရှိ ထိုင်း၏ ကုန်သွယ်ရေး မြှင့်တင်မှု ရုံး၏ ထုတ်ပြန်ချက်တွင် ယခုနှစ်အတွင်း မြန်မာနိုင်ငံ၏ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုကို ၁ ဒသမ ၅ ရာခိုင်နှုန်းသာ ခန့်မှန်းဖော်ပြခဲ့သည်။

ဧပြီလမှ မေလအကြား မြန်မာနိုင်ငံနှင့် နိုင်ငံတကာ ကုန်သွယ်ရေးသည် ဒေါ်လာ ၄ ဒသမ ၅ ဘီလျံရှိခဲ့ပြီး ပြီးခဲ့သည့်နှစ် ကာလတူနှင့်နှိုင်းယှဉ်ပါက ၁၄ ဒမသ ၅ ရာခိုင်နှုန်းကျဆင်းခဲ့သည်။

ပို့ကုန်ကဏ္ဍသည် ၁၀ ဒသမ ၉၄ ရာခိုင်နှုန်း (ဒေါ်လာ ၂ ဒသမ ၃ ဘီလျံ) မြင့်တက်ခဲ့ပြီး သွင်းကုန်ကဏ္ဍသည် ၃၀ ဒသမ ၈၂ ရာခိုင်နှုန်း (ဒေါ်လာ ၂ ဒသမ ၂ ဘီလျံ) ကျဆင်္ငးခဲ့သဖြင့် မြန်မာနိုင်ငံအတွက် ကုန်သွယ်ရေပိုငွေပြမှုသည် ဒေါ်လာ ၆၃ ဒသမ ၅၃ သန်း ရှိခဲ့သည်။

ထိုစိန်ခေါ်မှုများရှိနေသည့်တိုင် မြန်မာနိုင်ငံမှ ဝယ်သူများကြားတွင် ၎င်းတို့၏ ရင်းနှီးမြှုပ်နှံမှုအလားအလာကြောင့် ထိုင်းကွန်ဒိုမီနီယံများအား ဝယ်လိုအားသည် ခိုင်မာနေဆဲဖြစ်သည်။

၂၀၂၄ ခုနှစ် ပထမသုံးလပတ်ကာလတွင် မြန်မာနိုင်ငံမှ ဝယ်သူများသည် ရုရှားနိုင်ငံသားများကို ကျော်ဖြတ်ပြီး ဘတ် ၂ ဒသမ ၂ ဘီလျံတန်ဖိုးရှိ ကွန်ဒိုယူနစ် ၃၉၂ ခုနှစ်ကို ဝယ်ယူခဲ့သည်။

မည်သို့ပင်ဆိုစေ မြန်မာနိုင်ငံ၏ နိုင်ငံရေးအကျပ်အတည်းကြောင့် ထိုဝယ်ယူမှုအရှိန်အဟုန်သည် ယာယီဆိုင်းငံ့သွားခဲ့သည်။

ထို့ပြင် မြန်မာနိုင်ငံ၏ အကျပ်အတည်းကြောင့် ထိုင်းစတော့အိတ်ချိန်းတွင် မှတ်ပုံတင်ထားသည့် ထိုင်းကုမ္ပဏီအချို့သည် မြန်မာနိုင်ငံအတွင်းရှိ ၎င်းတို့၏ လုပ်ငန်းများကို ရပ်နားခဲ့ကြသည်။

TPBI Public Company Limited သည် ဇူလိုင် ၈ ရက်တွင် ၎င်း၏လက်အောက်ခံ TPBI & Myanmar Star Company Limited ကိုဖျက်သိမ်းခဲ့ပြီး Christiani & Nielsen (Thai) Public Company Limited နှင့် General Engineering Public Company Limited တို့သည်လည်း မြန်မာနိုင်ငံနှင့် အကျိုးတူပူးပေါင်းဆောင်ရွက်မှုလုပ်ငန်းများကို ဖျက်သိမ်းခဲ့သည်။

Most Read

Most Recent